Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

သူတို့အ တွေ့အကြုံ -A1 Aim Star member ဟောင်းတစ်ယောက်ရဲ့ အတွေ့အကြုံ


သူတို့အ တွေ့အကြုံ -A1
Aim Star member ဟောင်းတစ်ယောက်ရဲ့
အတွေ့အကြုံ
-------------------------------
ကျနော်နှင့်မာတီလယ်ဗယ်မားကက်တင်း
ရေးဖို့စိတ်ကူးရှိခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့ပါဘူး။ ကျနော်က တောသူတောင်သား တစ်ယောက်ပါ။ ခင်ဗျားတို့ပြောနေကျဖြစ်တဲ့ ကျေးဇူးရှင် တောင်သူဦးကြီးများထဲမှာ ကျနော်လဲပါတယ်နော်။ ဒါကြောင့် တောစကားတွေ ကြားရလိမ့်မယ်။ multi-level marketing ကို စိတ်ဝင်စားလို့ပဲဖြစ်စေ ၊ မာတီလယ်ဗယ်မားကက်တင်းကို မကြားဖူးလို့ပဲဖြစ်စေ ဒီစာကို ဖတ်စေချင်ပါတယ်။
တစ်ခုသော ညနေခင်းမှာပေါ့။ ကျနော် နွားစာစဉ်းနေတယ်။ မကွေးက (ဝမ်းကွဲ) တူတော်မောင် ဆိုင်ကယ် ၃စီးနဲ့ ရောက်လာတယ်။ ဘောင်းဘီရှည်တွေ ဖိုင်တွေနဲ့။ ထွေးလေး လုပ်မလား ဘယ်သို့ဘယ်ညာ။ ကိုယ်က နားမလည်ဘူး။ မင်းက ဘယ်မှာလုပ်နေတာတုန်း ဘာတွေရောင်းရတာတုန်း ပြန်မေးတယ်။ ကိုယ်က တော်တော်နဲ့ နားမလည်ဘူး။ ကြားမှ မကြားဖူးဘဲကိုး။
နောက်တော့မှ ပါတဲ့တစ်ယောက်က နည်းနည်းမိတ်ဆက် ရှင်းပြတယ်။ Aim Starတဲ့။ တူတော်မောင်လဲ မဝင်ရသေးဘူး။ နောက်ရက်မှ မန္တလေးကို သွားပြီး အသင်းဝင်မှာ။ အတော်အတန်ရှင်းပြတော့ ကျနော် တအားသဘောကျသွားတယ်။ ဆရာဖေမြင့်စာအုပ်ထဲက အဘွားပေးတဲ့ မျိုးစေ့အမွေအကြောင်း ဖတ်ဖူးတယ်လေ။ အဲဒီထဲမှာ ဇာကောင်ရဲ့ အဘွားက သူ့ကို ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာ အမွေပေးခဲ့တာ။ ကိုယ်ကအဲလိုမှတ်သွားတာ။ လုပ်မယ်လို့။ ဝင်မယ်လို့။ (တောသား ငအ လေ)။ mlmဆို မကြားဖူးသေးဘူး။
နောက်တစ်ပတ်လောက်မှာ မန္တလေးကို သွားပြီး အသင်းဝင်တယ်။ တူတော်မောင်နဲ့ အတူတူပေါ့။ ဘုန်းကြီးကျောင်းမှာ တည်းတယ်။ တူတော်မောင်နဲ့ အတူ လူတစ်ယောက်ပါလာတယ်။ သူက ဝင်ဖို့မဟုတ် တောင်းပြုံးပွဲ မရောက်ဖူးလို့ အလည်သက်သက်။ ဘာလို့မဝင်တာလဲလို့ သူ့ကို မေးတော့ Aim Star ဥက္ကဌ ဘွားတော်ကို မြင်ရတာ သူ့စိတ်ထဲမှာ ဇာတ်လမ်းတွေထဲက လူလိမ်ဆရာမကြီးနဲ့ တူလို့တဲ့။ အင်း ……။ ကျနော်ကတော့ ဘုန်းကြီးကိုတောင် တရားဟောမိသေးတယ်။ အညမညပစ္စယော။ ဒီအလုပ်က အပြန်အလှန်အကျိုးပြုတာပါဘုရားလို့။ ကျနော်ကတော့ mlmဆိုတာ ကြားတောင်မကြားဖူး။ ဒီပုဂ္ဂိုလ်တွေ ဒီစနစ်ကို တီထွင်တာပဲ။ တအားကောင်းတယ်ဆိုပြီး တအားကြည်ညိုမိတယ်။ အိမ်ဦးခန်းမှာတောင် သူတို့ပုံချိတ်ထားချင်လောက်အောင် ကြည်ညိုမိတယ်။
ကျနော် Aim Star ကို အသင်းဝင်ရာမှာ အစ်ကိုဝမ်းကွဲရော တခြားနယ်က မလေးရှားပွဲစားလုပ်တဲ့ အစ်မဝမ်းကွဲရော တခြားနှစ်ယောက်ပါဝင်ခဲ့တယ်။ ကျနော်ကတော့ ကိုယ်လိုချင်တဲ့ပစ္စည်း စာအုပ်ထဲမှာ ကြည့်လို့။ တကယ်တမ်းကျတော့ အမှတ်ပြည့်ပြီးရော သူများမလိုချင်တဲ့ဟာ။
အိမ်ပြန်ရောက်တယ်။ ကိုဂျိုးဆက်ရဲ့ ဟောပြောခွေတွေကြည့်တယ်။ ကိုယ့်ကိုယ်ကို အားတက်လိုက်တာများ နောက်တစ်နှစ်အတွင်း သူဌေးဖြစ်မယ်လို့ ခံစားရတယ်။ ကိုယ်လဲပြောတယ် ဒီအကြောင်း။ ဆန္ဒရှိကြပေမဲ့ အများစုက ကိုယ်ဘယ်လောက်ရမလဲ စောင့်ကြည့်ချင်ကြတယ်။ အဲဒီမှာ မSu Wai Aung နဲ့ ပြောဖြစ်တယ်။ သူက ပြန်ပြောတယ်။ ဒီအလုပ်ဟာ မကောင်းတဲ့အကြောင်း။ ကျနော် ရှိစေတော့ ဆိုပြီး တခြားလူတွေ ဆက်ပြောဖြစ်တယ်။ စိတ်ဝင်စားတဲ့သူတွေ ဝင်ဖို့ချိန်နေကြတယ်။
တစ်ပတ်လောက်ကြာတော့ စိတ်ထဲမှာ အလိုလို ခံစားရတယ်။ မဟုတ်သေးဘူး။ တစ်ခုခုလွဲနေသလိုပဲ။ စာရွက်ပေါ်ချရေးပြီး တွက်ကြည့်တယ်။ ဆင့်ပွားဖြစ်နေတဲ့ အဆင့်တစ်ခုကို ရပ်ပြီး အကြမ်းတွက်ကြည့်တယ်။ (ကျနော် အရင်ပြောခဲ့သလိုပေါ့)။ တို့မြန်မာတွေ ရှုံးနေပြီလို့ အသိဝင်လာခဲ့တယ်။ အဲဒါနဲ့ ကိုယ့်ငွေကို အရှုံးခံပြီးရပ်မယ်။ တူတော်မောင်နဲ့ အစ်ကိုဝမ်းကွဲပြောပြတယ်။ သဘောပေါက်တယ်။ ဒါပေမဲ့ အရှုံးမခံနိုင်ဘူးဆိုပြီး အရင်းရအောင် ဆက်လုပ်မယ်ပြောတယ်။ လမ်းခွဲခဲ့တယ်။
ဒါကြောင့် viber မှာ mlm ကို ဆန့်ကျင်တယ်။ မျိုးစုံပေါ့။ မSu Wai Aung က facebookပေါ်မှာ postတင်ရေးဖို့ တိုက်တွန်းခဲ့တယ်။ ဒီ့နောက်ပိုင်း ဖုန်းတွေ အများကြီးလာတယ်။ အလုပ်မအားလို့ အကုန်မဖြေနိုင်ခဲ့တာ ခွင့်လွှတ်ပါ။ အတိုက်အခံတွေလဲ များခဲ့တယ်။ ကိုဇင်ဇေ ၊ ကိုစစ်ငြိမ်း တို့နဲ့လဲ သိကျွမ်းခွင့်ရခဲ့တယ်။ ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လား မေးတဲ့သူ ပိုများလာခဲ့တယ်။ mlmကို မကောင်းဘူး ၊ ကောင်းတယ် ငြင်းရတာက ဘာသာမတူ အယူဝါဒတစ်ခုကို ငြင်းခုံရသလိုပဲ။ ဝါဒချင်း ပြိုင်သလိုပေါ့။ ကျနော်လဲ ဖုန်းကို silent လုပ်နေခဲ့တယ်။
တခြားmlmတွေက သူတို့ဟာ ကောင်းကြောင်း mlm အစစ်အမှန်ဖြစ်ကြောင်း ကျနော့်ဆီဝင်လာကြတယ်။ အဲဒီထဲမှာ Lucky Time က ငယ်သူငယ်ချင်းလဲပါတယ်။ တစ်ပတ်တစ်ခါလောက်လာတယ်။ အကြိမ်ရေများစွာ ငြင်းရတယ်။ သူလဲဒိုင်းမွန်းပဲ။ နောက်ဆုံးတစ်ခါတော့ ပြောခဲ့တယ်။ ငါ့မိသားစုဝင် တစ်ဦးဦး အသက်လုခဲ့ရရင် မင့်ဆေးဝယ်သုံးဖြစ်ချင် သုံးဖြစ်လိမ့်မယ်။ ဒါပေမဲ့ mlmကိုတော့ လုပ်မှာမဟုတ်ဘူးလို့။ (ဆောရီး သူငယ်ချင်းရေ)
တစ်ခါကျတော့လား ကျေးရွာဥက္ကဌ အသံချဲ့စက်နဲ့အော်တယ်။ စုံတွဲကြိုးကြာက ဘုန်းကြီးကြောင်းမှာ လုပ်မယ့်ပွဲ။ ချက်ချင်းပဲ ဆရာတော်ကို သွားလျှောက်သေးတယ်။ မကောင်းတဲ့အကြောင်း။ ဟိုက သူ့ဒကာမဗျို့ ။ ၂ယောက် အသင်းဝင်ကြသတဲ့။ တစ်နှစ်ကျော်လို့ ၁ယောက်မှ မတိုး။ ကြမ်းတိုက်ဆေးရည် ယာထဲပက်တာ တော်တော်ရောင်းရသဗျာ။ ဒီနှစ်တော့လား ဘာသံမှမကြား။ (mlm မကောင်းကြောင်း ရေးဖို့က တော်တော်ကြည့်ရသဗျာ)
ဒီနေရာမှာ mlm ကောင်း၊မကောင်း ကျနော့်အတွေးကို တင်ပြပါရစေ။ mlmရဲ့ပစ္စည်းကသာ အပြင်ပစ္စည်းနဲ့ ဂရမ်တူ ၊ ဈေးတူ ၊ အရည်အသွေးတူခဲ့မယ်ဆိုရင် အမှန်တကယ်ကောင်းပါလိမ့်မယ်။ သို့ပေမဲ့ အရည်အသွေးကောင်းသည်ဖြစ်စေ ၊ ညံ့သည်ဖြစ်စေ ဈေးကို အဆမတန်တင်ထားတော့ ဆင်းရဲသား ပေါ်ဆန်းမွှေး စားသလိုပေါ့။ mlmလုပ်ရင် မအောင်မြင်နိုင်ဘူးလား။ အောင်မြင်နိုင်ပါတယ်။ သို့သော် ဒိုင်းမွန်းကြီးရနေတဲ့ငွေ ပြည်ပ လာတာမဟုတ်ပါဘူး။ memberအသစ်ဆီ မတန်တဆ ရောင်းရတဲ့ငွေကို ကုမ္ပဏီက percent နည်းနည်းလေး ခွဲပေးတဲ့သဘောပါ။ mlm ဟာ လောင်းကစားနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ချဲပေါက်တော့ ထိုငွေဘယ်ကလာပါသလဲ။ ဒိုင်ရဲ့အိပ်ထဲက မဟုတ်ပါဘူး။ တစ်ဖက်လှည့်ပေါ့ဗျာ။ mlmကလဲ ဒီသဘောပါပဲ။ အလုပ်အကိုင်ရှားပါးတဲ့ ကျနော်တို့ နိုင်ငံအတွက် mlm ဟာ နေရာပိုရလာခဲ့တယ်။ အခုအချိန် ကျနော်နဲ့ ၁၀မိုင် ပတ်လည်မှာ mlmသံမကြားရပါ။ အနည်းအကျဉ်း ရှိပေမဲ့ မပွက်တော့ပါ။ လှုပ်လာခဲ့ရင်လဲ လုံးဝ ငြိမ်ခံနေမှာမဟုတ်တော့ပါ။
multi-level marketing က ခင်ဗျားသူငယ်ချင်း တစ်နေ့မှာ ခင်ဗျားဆီရောက်လာနိုင်ပါတယ်။ ခင်ဗျားကို လွတ်လပ်အောင်မြင်မှုနဲ့ ဆွဲဆောင်ကောင်း ဆွဲဆောင်လိမ့်မယ်။ သို့မဟုတ် ရောဂါနဲ့ ခြိမ်းခြောက်ပြီး ဓာတ်စာကောင်းကြောင်း ပြောလိမ့်မယ်။ ကျနော့်အလှည့်တုန်းကတော့ အစာလဲဆေး ၊ ဆေးလဲအစာ ပဲ ကြိုက်တယ်လို့ ပြန်ပြောခဲ့တယ်။ ဘယ်ဆေးမှ ပြောသလောက် မစွမ်းနိုင်ပါဘူး။ ပစ္စည်းတွေက အဆမတန် ဈေးကြီးခဲ့မယ်ဆိုရင်တော့ ကျနော်တို့တိုင်းပြည်………………။ ။
စာဖတ်သူအား ဂါရဝထားလျက်
ဟန်မင်းထွေး
27th September 2016
https://www.facebook.com/groups/mlmDiscussion/permalink/1839907796254050/