Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 8, 2017

ဆင့်ပွား အရောင်းလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူ အော်တိုမိုဘိုင်းလ် ဂျာနယ်မှ သတင်းထောက် ဦးကျော်ကျော်အောင်နှင့် တွေ့ဆုံခြင်း


ဆင့်ပွား အရောင်းလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူ အော်တိုမိုဘိုင်းလ် ဂျာနယ်မှ သတင်းထောက် ဦးကျော်ကျော်အောင်နှင့် တွေ့ဆုံခြင်း
Voice : MLM မှာ လုပ်ခဲ့ဖူးတဲ့သူ တစ်ယောက်ဆိုတော့ ဘယ်လို အချက်တွေကို သဘောကျလို့ ဝင်လုပ်ခဲ့တာလဲ။
KKA : ကျွန်တော်က စီးပွားရေး လုပ်ငန်းတော် တော်များများကို စိတ်ဝင်စားတယ်။ ကိုယ် ပိုက်ဆံရမယ့် အလုပ်ဆိုရင် စိတ်ဝင်စားတယ်။ MLM ကို လေ့လာ ကြည့်လိုက်တဲ့အချိန်မှာ နှစ်အနည်းငယ်အတွင်းမှာ ဝင်ငွေ ရပြီး ချမ်းသာတဲ့သူ တစ်ယောက် ဖြစ်နိုင်တယ်။ ကျွန်တော် ကုမ္ပဏီတွေ သုံး လေးခုလောက် ကြုံဖူးတယ်။ လေ့လာရင်းနဲ့ ကုမ္ပဏီ တစ်ခုမှာ  ဝင်လုပ်ကြည့်လိုက်တယ်။ 
တစ်နှစ်အတွင်းမှာ သိန်းရာချီ ထောင်ချီ ရနိုင်တယ်။ ၂ နှစ်၊ သုံးနှစ်ဆိုရင် တကယ်ကို သူဌေးကြီး တစ်ယောက် ဖြစ်နေမယ်ဆိုတဲ့ ပုံစံမျိုး၊ အဲဒီမက်လုံးတွေကြောင့် ကျွန်တော် စမ်းလုပ်ကြည့်ခဲ့တယ်။ 
Voice : MLM ဆိုတာ ဘယ်လို လုပ်ငန်းလို့ ထင်မြင်မိသလဲ။
KKA : သူက MLM ဆိုကတည်းက ဆင့်ပွား ဈေးကွက်စီးပွား စနစ်ပေါ့လေ။ အဆင့်ဆင့်၊ လူအချင်းချင်း မိတ်ဆက်ရုံနဲ့ ဆင့်ပွား သွားတဲ့ စနစ်ဖြစ်တဲ့အတွက် ကိုယ့်မိတ်ဆွေ အပေါင်းအသင်း များရင် များသလို ဈေးကွက်က ကိုယ့်အတွက် ပိုကျယ်ပြန့်နိုင်မယ်။ ဝင်ငွေကလည်း ပိုရနိုင်တယ်။ မိတ်ဆွေ သိပ်မရှိတဲ့သူအတွက်ကတော့ အဆင်မပြေဘူးပေါ့လေ။ မိတ်ဆွေ များလေ ပိုဈေးကွက်ဖြစ်လေပေါ့လေ။ 
Voice : သတင်းထောက် တစ်ယောက်လည်း ဖြစ်နေတော့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ Aim Star က တာဝန်ရှိသူ တစ်ယောက်က မီဒီယာတွေအပေါ် ပုတ်ခတ် ပြောဆိုတာကိုရော ဘယ်လို မြင်သလဲ။
KKA : Aim Star က တာဝန်ရှိသူ ပြောတဲ့ စကားပေါ့လေ။ သတင်းသမားတွေက ငတ်လို့လုပ်တာ၊ အရည်အချင်းရှိလို့ လုပ်တာ မဟုတ်ဘူးပေါ့လေ။ အဲလိုပြောတာ မူဗီဖိုင် ကြည့်ရပါတယ်။ အဲဒီလိုပြောတာကတော့ အရမ်း လွန်လွန်းတာပေါ့လေ။ အဲဒီကိစ္စက DVB သတင်းဌာနက သတင်းတက်တဲ့အပေါ် မကျေနပ်လို့ ပြောတာပေါ့။ ဒါပေမဲ့ တကယ်လို့ DVB က တက်တဲ့သတင်းက မှားနေတယ်ဆိုရင် သူတို့အနေနဲ့ သတင်းစာ ရှင်းလင်းပွဲ လုပ်သင့်တယ်။ ဒါဆိုရင်တော့ တစ်နိုင်ငံလုံးက လူတွေလည်း သိသွားမယ်။ အခု ဟာက သူဆိုရင် Leader တစ်ယောက်ပဲလေ။ အခုလို လက်လွတ်စပယ် ပြောပြီး စော်ကားလိုက်တဲ့ ပုံစံက Leader ကောင်း တစ်ယောက်ရဲ့ အရည်အချင်းနဲ့ မကိုက်ညီဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း မီဒီယာ အဖွဲ့အစည်းတွေ MJN တို့ကနေပြီး စာနယ်ဇင်း ကောင်စီကိုတင်ဖို့ ရှိနေပါတယ်။ MLM တွေကလည်း စားဝတ်နေရေး တစ်ခုအနေနဲ့ လုပ်သလို သတင်းသမားတွေကလည်း စားဝတ်နေရေး တစ်ခုနဲ့ လုပ်နေကြတာပါ။ မတတ်ဘဲ လုပ်ကိုင်နေတဲ့သူ၊ အရည်အချင်း မရှိတဲ့သူတွေ မဟုတ်ပါဘူး။ ဒီလို ပြောဆိုတာက ကျွန်တော့်အနေနဲ့ ကန့်ကွက်ပါတယ်။ 
Voice : ဒီလုပ်ငန်းတွေမှာ တချို့ဆိုရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ခွင့်ပြုပေး ထားတာတွေ မရှိဘူး။ ဒီလုပ်ငန်းတွေက မြန်မာနိုင်ငံအတွက် ကိုက်ညီတဲ့ လုပ်ငန်းတွေ ဖြစ်သလား။
KKA : သူတို့ ကုမ္ပဏီအများစု ကြွေးကြော်ထားတာကတော့ ၂၁ ရာစုရဲ့ နောက်ပိုင်း ရောက်လေ MLM က Network ပုံစံနဲ့ သွားတဲ့အတွက် ပိုတွင်ကျယ်လာမယ်လို့ ကြွေးကြော်ထားကြတယ်။ ဒါပေမဲ့  အခုလိုမျိုး မှန်မှန်ကန်ကန်၊ ထုတ်ကုန်ပစ္စည်း ကောင်းကောင်းနဲ့  သွားနိုင်မယ် ဆိုရင်တော့ တကယ် တွင်ကျယ်လာပါလိမ့်မယ်။ MIC ကတော့ ဒီလုပ်ငန်းတွေကို တရားဝင် ခွင့်ပြုပေးထားတာ မရှိသေးဘူး။ ဒါပေမဲ့ MLM ကုမ္ပဏီတွေက သူတို့ဟာ တရားဝင်အခွန် ဆောင်ပြီးမှ လုပ်နေတယ်လို့ ပြောထားတာ ရှိတယ်။  ဒါကို လက်ရှိ အစိုးရအနေနဲ့ သေချာ စိစစ်သင့်တယ်။  ကုမ္ပဏီတွေရဲ့ စည်းမျဉ်းစည်းကမ်းအရတော့ အခွန် ဆောင်ရင် ဆောင်ပါလိမ့်မယ်။ ဒါပေမဲ့ MLM စနစ်နဲ့ ပတ်သက်ပြီးတော့ ဒီလို လုပ်မယ်ဆိုတာ တရားဝင် ခွင့်ပြုထား၊ မထား ဆိုတာကတော့ ကုမ္ပဏီနဲ့ ခွင့်ပြုသူတွေပဲ သိလိမ့်မယ်။ လောလောဆယ်မှာက MLM စနစ်နဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတာ များနေတော့ ကုမ္ပဏီတွေဘက်ကလည်း အထောက်အထား အပြည့်အစုံနဲ့ ရှင်းပြသင့်တယ်။ တကယ်လို့ ပြည်သူတွေအတွက် အကျိုးပြုတယ်ဆိုရင်၊ အကျိုးပြုတဲ့ ကုမ္ပဏီတွေကိုတော့ ခွင့်ပြုပေးသင့်တယ်။ ဘာကြောင့်လဲဆိုတော့ တချို့ကုမ္ပဏီတွေက တကယ် Product ကောင်းတယ်။ ကောင်းတော့ ပြည်သူတွေအတွက် ကျန်းမာရေးကစ စီးပွားဈေးကွက်ကစ အဆင်ပြေ နိုင်တယ်။ ဒါပေမဲ့ လိမ်တဲ့အချက်တွေ တွေ့ခဲ့မယ်ဆိုရင် ပြင်းပြင်းထန်ထန် အရေး ယူသင့်တယ်။ စင်ကာပူ နိုင်ငံမှာဆိုလည်း အစိုးရကနေ စိစစ်ပြီးတော့ တရားဝင် ခွင့်ပြုထားတာလည်း ရှိတယ်။ ခွင့်မပြုတဲ့ဟာလည်း ရှိတယ်။ ကျွန်တော်တို့ အစိုးရကလည်း ဒီအတိုင်း လုပ်ဆောင်သင့်တယ်။ 
Voice : နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်လဲ။
KKA : MLM စနစ်က ကောင်းတာလည်း ရှိတယ်၊ ဆိုးတာလည်း ရှိတယ်။ သူတို့စနစ်က ကောင်းတယ်။ အဲဒီစနစ်အတိုင်း လိုက်လုပ်နေတဲ့ သူတွေက လွဲချော်နေတာတွေ ရှိတယ်ပေါ့။ အဲဒီ ကုမ္ပဏီတွေ အနေနဲ့ ရေရှည် ရပ်တည်ချင်တယ် ဆိုရင်တော့ ကိုယ့်ရဲ့ Member တွေကို သေချာလေး ရှင်းပြသင့်တယ်။ သူတို့ရဲ့ စနစ်အပိုင်းကို။ သေချာလေး Training ပေးဖို့ လိုအပ်မယ်။ ကျွန်တော် ကြုံဖူးတဲ့ ကုမ္ပဏီတွေကို Member ဝင်ဖို့ ဖိတ်ခေါ်တုန်းကတော့ တစ်မျိုး ပြောတယ်။ ဝင်လိုက်တဲ့ အချိန်မှာ တချို့ လိမ်နည်းတွေပါ သင်ပေးတာ ရှိတယ်။ ဒါက ကျွန်တော် ကြုံခဲ့ရတာပေါ့။ ရေရှည် ဆက်သွားမယ်ဆိုရင် ကိုယ့် Product က ဘယ်လောက် ကောင်းလဲဆိုတာ ဦးတည်ပြီးသွားမှ အဆင်ပြေလိမ့်မယ်။ မက်လုံး ဆွယ်ပြီးမှ လိမ်တယ် ဆိုရင်တော့ ပြည်သူတွေ အတွက်လည်း မကောင်းဘူး။  ရေရှည် ရပ်တည်ဖို့အတွက်လည်း လုံးဝ မဖြစ်နိုင်ဘူး။
မြတ် (ကလေး)