Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

လူမချစ်တဲ့ဈေးသည်


သူငယ်ချင်း တစ်ယောက် ရေးထားတာပါ
လူမချစ်တဲ့ဈေးသည်
+++++++++++++
ဈေးရောင်းတာ ကောင်းရောင်းကောင်းဝယ် ကိစ္စပါ။ ဈေးသည်စစ်ရင် လူချစ်တယ်။ အချင်းချင်းလည်း အားပေးခံရတယ်။ ငါ့သူငယ်ချင်းဆိုင်ရှိတယ်ဆိုပြီးလည်း ညွှန်းပေးတတ်ကြတယ်။ ဈေးရောင်းရင်း မိတ်ပျက်လာတယ်၊ ကိုယ့်မြင်ရင် လူရှောင်လာတယ်ဆိုရင် တခုခုတော့ မှားနေပြီဆိုတာ သိသင့်တယ်။
.
Pyramid scheme, MLM, Network Marketing လို့ အမည်တွေကွဲတယ်။ အနှစ်ချုပ်ရင် တူတယ်။ ပိရစ်မစ်မှာ ရောင်းစရာ ပစ္စည်းမရှိဘူး။ MLM မှာ ရောင်းစရာ ပစ္စည်းရှိတယ်။ ဒါအဓိကကွာတယ်။ ဘယ်လိုရောင်းတယ်။ ဘယ်လိုကော်မရှင် ယူကြတယ်ကတော့ လူတိုင်းသိနေကြတော့ မရှင်းတော့ဘူး။
.
ဒါတွေက အခုမှ ရှိတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ၉၆ နောက်ပိုင်းကတည်းက ရှိတယ်။ ကိုယ်တောင် သူငယ်ချင်း အရင်းကြီးအတင်းဆွယ်လို့ တက်ဖူးသေးတယ်။ တခုခုလိုချင်လို့ အတင်းကြင်နာပြနေတဲ့ လူအုပ်ကြီးနဲ့တွေ့ရတယ်။ ရေခပ်တိုက်၊ ယပ်ခပ်ပေး၊ စာတွေဖတ်ပြ၊ အစုံပါပဲ။ အဓိကကတော့ ဈေးကြီးလွန်းတဲ့ ဆေးဝယ်ခိုင်းတယ်။ ဆေးပြန်ရောင်းခိုင်းတယ်။ ကော်မရှင်ဆိုတာကြီးနဲ့ မြူဆွယ်တယ်။ ကိုယ်အောက်က လူပွားလာရင် ကိုယ်က အလုပ်လုပ်စရာ မလိုတော့ဘူးတဲ့။
.
ကိုယ်ကတော့ တခါတည်းနဲ့ အပြတ်ပြေးနိုင်ခဲ့တယ်။ တခိျု့ကတော့ အချိန်တွေ၊ ငွေတွေ အတော်ရင်းပြီးမှ အမှန်မြင်တယ်။ အခုတော့ ဒါကို တိုက်ဖျက်ဖို့ ကမ်ပိန်း လုပ်နေတာတွေ တွေ့နေရတယ်။ ကြိုဆိုပါတယ်။ မြန်မာပြည်လို့ အခုမှ စသီးပွင့်မယ်ကြံတဲ့နိုင်ငံမှာ မရှိသင့်ဘူး။
.
ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပိရစ်မစ်စကင် က တရားမဝင်ပါဘူး။ ဒါကြောင့် MLM ဆိုပြီးလုပ်ကြတာပါ။ ဒါပေမဲ့ MLM အရောင်ပြပြီး ပိရစ်မစ် လုပ်နေကြတယ်။ တရားဝင် လုပ်ခွင့်ပြုတဲ့ MLM လုပ်ငန်း စစ်မစစ် ခွဲလို့ရတဲ့ နည်းသုံးခု ရှိတယ်တဲ့။
.
၁။ ပထမဦးဆုံး ပစ္စည်းဝယ်ရတဲ့ အရောင်းအနှီးဟာ တနိုင်တပိုင် ဖြစ်ရမည်။ ငွေတသိန်းဖိုးတတ်နိုင်သူဟာ တသိန်းဖိုး ဝယ်ပိုင်ခွင့်ရှိတယ်။ အသင်းဝင်ကြေး ဘယ်လောက်ပေးမှ၊ တလ ဘယ်လောက်ဖိုး ဝယ်မှ၊ လူဘယ်လောက် ခေါ်လာမှ စတာတွေ မရှိရဘူး။
.
၂။ ရောင်းမကုန်တဲ့ ပစ္စည်းကို ကုမ္ပဏီက ဝယ်ဈေးနဲ့ ပြန်ယူရမယ်။ နှိမ်မယူရဘူး။ ဘယ်လောက်ပဲ ပြန်ယူမယ် မရှိရဘူး။ မကုန်ဘဲနဲ့ ထပ်မယူခိုင်းရဘူး။
.
၃။ ကုမ္ပဏီရဲ့ ဝင်ငွေဟာ ကုန်ပစ္စည်း ရောင်းရငွေရဲ့ အကျိုးအမြတ်ကသာ ဖြစ်ရမယ်။ ကုမ္ပဏီက သူ့ပစ္စည်းကို နောက်အရင်းသမား တဦးကို မိတ်ဆက်ပေးခ ပေးနိုင်တယ်။ မြို့နယ်ကိုယ်စားလှယ်ထားပြီး အရောင်းဖြန့်နိုင်တယ်။ 3-Tier အဆက်သုံးဆက်ထက် မပိုရဘူး။ ကုမ္ပဏီ၊ ကိုယ်စားလှယ်၊ အရောင်းသမား သုံးဆက်ပဲ ရှိရမယ်။
.
ဒီစံနူန်းဝင်ရင် direct selling ခေါ်တဲ့ MLM ကို တရားဝင် လုပ်ခွင့်ပေးတယ်။ အမေရိကန်မှာ ၁၉၅၀နောက်ပိုင်း ကတည်းက tapaware party ဆိုတဲ့ ပလတ်စတစ် အိုးခွက်တွေ အိမ်မှာ ပါတီလုပ်ပြီးရောင်းတာ ရှိခဲ့တယ်။ အိမ်ရှင်မတွေ ဝင်ငွေရတယ်ဆိုပြီး ခေတ်စားတယ်။ နောက်ပိုင်းတော့လည်း တဖြည်းဖြည်း မှိန်သွားတယ်။ အလှကုန်ကုမ္ပဏီတွေက အစားထိုးဝင်လာတယ်။
.
မိန်းကလေးတွေ ရုံးပိတ်ရက် လူစုပြီး အလှပြင်နည်းတွေ သင်ပေးတယ်။ မိတ်ကပ်လိမ်းနည်း၊ နုတ်ခမ်းနီဆိုးနည်းတို့ပေါ့။ လူစုတဲ့ အိမ်ရှင်က သုံးတဲ့ပစ္စည်းတွေကို ဆိုင်ဈေးထက် သက်သာတဲ့ဈေးနဲ့ရောင်းတယ်။ တချို့အမျိုးသမီးအဝတ်အစား၊ အတွင်းခံ ကုမ္ပဏီတွေလည်း ဒါမျိုး လုပ်ကြတယ်။ ဒါမျိုးကတော့ တရားဝင်ပါတယ်။
.
တချို့လည်း စမ်းကြည့်တယ်။ မရောင်းရလည်း ပြန်ပေးတယ်။ လူသိများလာတော့လည်း အရောင်းသမားကနေ ကိုယ်စားလှယ် ဖြစ်လာတယ်။ သူ့ကို ကုမ္ပဏီက ဆိုင်မှာ တကျပ်ရောင်းတဲ့ ပစ္စည်းကို ပြားခြောက်ဆယ်နဲ့ ပေးတယ်။ သူက သူ့အောက်က အရောင်းသမားကို ပြားခုနှစ်ဆယ်နဲ့ပေးမယ်။ သူ့အရောင်းသမားက ပါတီလုပ်ပြီး ပြားရှစ်ဆယ်၊ ကိုးဆယ်နဲ့ ရောင်းကြတာပေါ့။
.
အောင်မြင်သူတွေ အောင်မြင်တယ်။ မအောင်မြင်သူ မအောင်မြင်ဘူး။ တချို့လည်း ရောင်းလွန်းလို့ မိတ်ပျက်တယ်။ ဒါပေမဲ့ ဘဝပျက်လောက်အောင်တော့ မဖြစ်ကြဘူး။ မြန်မာပြည်မှာ ကျေးရွာတွေကအစ ဒီအလုပ်တွေနဲ့ စီးပွားပျက်နေတယ် ကြားရတယ်။ ကျောင်းထိုင်ကိုယ်တော်က ရွာသားတွေ ဈေးရောင်းတာ ဖတ်ရတယ်။ ဒါက ပိရစ်မစ်ဆန်တဲ့ အတင်းရောင်း လူရှာ ကော်မရှင်စားနည်း တွေပါ။
.
ကိုယ်တိုင်ပါဝင်နေရင်လည်း ကိုယ့်ဘာသာ ပြန်ဆန်းစစ် ကြည့်ပါ။ ငါ ဒီအလုပ် မလုပ်ခင်နဲ့ လုပ်ပြီး ဘာတွေ တိုးတက်လာလဲ။ မိတ်ဆွေ ဘယ်နှစ်ယောက် ဆုံးရူံးသွားပြီလဲ။ စီးပွားရေးတွေ ဘယ်လိုတောင့်တင်းလာပြီလဲ။ စသဖြင့်ပေါ့။ အချက်သုံးချက်နဲ့လည်း တိုက်ကြည့်ပါ။ ငါလုပ်တဲ့ အလုပ်က နည်းလမ်းကျရဲ့လား။ နောက်ဆို တရားဝင် ဖြစ်နိုင်ပါ့မလား။ စဉ်းစားပေါ့။
.
ဈေးရောင်းပြီး မိတ်ပျက်ရတော့ ဘယ်ကောင်းမလဲ။
လူမချစ်တဲ့ဈေးသည်တော့ မဖြစ်ချင်စမ်းပါနဲ့ဗျာ။
_________________________
AKMoe 2015/09/10