Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

လောကသားပေမို့




‘မစ္စတာဝင်းပါလား၊ ဘယ်တုန်းက ရောက်သလဲ’
‘မနေ့ညကပဲ ရထားနဲ့လာတာ၊ စစ်တကောင်းက မနက်၁၀းဝ၀ နာရီ ရထားနဲ့၊ ဒက္ကားစီးတီးကိုရောက်တော့ ည ၉းဝ၀ နာရီ ထိုးနေပြီ၊ ဒါနဲ့ ဘူတာနားက ဟိုတယ်မှာပဲ အိပ်လိုက်တယ်၊ ကျွန်တော်နေတဲ့အခန်း ကို ဘယ်လိုသိတာလဲ’
‘ပြတင်းပေါက်ကြည့်လိုက်ပါဦး၊ ဘယ်သူလဲလို့’
‘ဪ…အဘူဘာရှားလ် လိုက်ပို့တာကိုး’
ကျွန်တော်တို့စကားပြောနေစဉ် လီလီ အချိုရည်ခွက်များကိုင်၍ ထွက်လာသည်။ ပြီးတော့…
‘မစ္စတာဝင်း နေကောင်းလား၊ မစ္စဝင်းကော’
‘နေကောင်းပါတယ်၊ ဒါနဲ့ စစ်တွေမှာ မွေးသွားတဲ့ ချာတိတ်ကော’
‘ကျောင်းက ပြန်မရောက်သေးဘူး’
စစ်တွေ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးတွင် စာရင်းကိုင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် မွေးခဲ့သော ယောကျာ်းလေး ဖြစ်သည်။
‘ဒါနဲ့ မစ္စတာဝင်းကို ခုတလော ကျွန်တော်တို့နိုင်ငံမှာ ခေတ်စားနေတဲ့ ငွေကြေးရင်းနှီးမြှုပ်နှံတဲ့အဖွဲ့ကလေးအကြောင်း ပြောရဦးမယ်’
‘အင်း’
‘အဖွဲ့မှာ ဝင်ချင်ရင် အဖွဲ့ဝင်တစ်ယောက်ရဲ့ ထောက်ခံချက်နဲ့ ဒေါ်လာ ၃၀ သွင်းရတယ်၊ ပြီးတော့ ကိုယ့်အောက်မှာလူတစ်ယောက်
သွင်းပေးတိုင်း အချိုးကျ အတိုင်းအတာတစ်ခုအနေနဲ့ ကိုယ့်ဆီငွေပြန်ဝင်တယ်’
‘စိတ်ဝင်စားစရာပဲ၊ ရှင်းပြပါဦး’
‘ဥပမာဗျာ၊ ကိုယ့်အောက်မှာ ကိုယ်သွင်းထားတဲ့သူ ငါးယောက်ရှိတယ်ဆိုပါတော့၊ တစ်ယောက် နှစ်ဒေါ်လာဆို ၁၀ ဒေါ်လာပြန်ရရော၊ပြီးတော့ အဲဒီ ငါးယောက်က ဆပွားပြီး ၁၀ ယောက်ဖြစ်လာရင် ဒေါ်လာ ၂၀ ကိုယ့်အတွက်၊ ကိုယ့်အောက်က လူများလာလေ ကိုယ့်ဝင်ငွေ တိုးလာလေပဲ၊ လတိုင်းဝင်တာနော်’
‘ဒေါ်လာ ၃၀ ဆိုတော့သိပ်မများပါဘူး၊ ဒါပေမဲ့ စကားပြောကောင်းတဲ့သူ၊ မိတ်ဆွေများတဲ့သူဆိုရင်တော့ အလုပ်ဖြစ်မှာပါ၊ မစ္စတာ မာနန်ကော ကိုယ့်အောက်မှာ လူဘယ်နှယောက်စည်းရုံးပြီးပြီလဲ’
‘ခုမှ ရုံးမှာ စမလို့လုပ်တုန်းပါ၊ ဒီအစု ရှယ်ယာတွေမှာ ဒူဘိုင်းက သူဌေးကြီးတွေပါတယ်လို့ ပြောတယ်’
ဘင်္ဂလားဒေ့ရှ်သွားခဲ့စဉ်က ဖြစ်ပါသည်။
အချိန်အခါမဟုတ်ဘဲ ရွာသည့် ခါမဲ့မိုးကြောင့် ကိုမိုးနှောင်းတို့အိမ်ကိုဝင်ကာ မိုးခိုမိသည်။ လင်မယား နှစ်ယောက်စလုံးက အိမ်ထဲဝင်ပါဟု ထုံးစံအရ လောကွတ်ပြုကြသည်။ သို့သော် သူတို့မျက်နှာတွေက အားပါးတရ မရှိ။ အိမ်တွင်းဧည့်ခန်းကို လှမ်းကြည့်လိုက်တော့မှ အဖြေပေါ်သည်။ အိမ်ခေါင်မိုးယို၍ကျလာသော မိုးစက်များကို ရောင်စုံခွက်ကြီးခွက်ငယ်၊ အိုးကြီးအိုးငယ်များနှင့် ခံထားသောကြောင့် ဖြစ်သည်။ မကြာခင်မိုးစဲသွားသည်။ပစ္စည်းများသိမ်းရင်း မကြာက မကျေနပ်သော လေသံဖြင့် ‘ကိုဝင်းရေ မြင်တဲ့အတိုင်းပဲ၊ ရှင့်သူငယ်ချင်းက ပြောမရဆိုမရနဲ့ကြောင့် ခုလိုဘဝနဲ့ နေရတာ’
‘ကျွန်တော့်သူငယ်ချင်းက လူကောင်းပါဗျာ၊ အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကာရာအိုကေမသွား၊ တကယ့်ကိုရှာမှရှား၊အဖိုးတန်အမျိုးမှန်တဲ့ယောကျာ်း’
‘အဲဒါတွေတော့ ပြောစရာမရှိပါဘူး၊ ဒါပေမဲ့ ကျွန်မအိမ်မိုးဖို့စုထားတဲ့ငွေကလေး ပြန်ပေးမယ်ဆိုပြီး ယူလိုယူ၊ ဆိုင်ရောင်းရတဲ့ငွေတွေ ယူလိုယူနဲ့ ပြန်မရသေးဘူး၊ ရမယ်ရမယ်နဲ့ ဒီလထဲမှာ မိုးဒဏ်ခံရတာ နှစ်ခါတောင်ရှိပြီ’
ကိုမိုးနှောင်းက ဘာမှမပြော။ မျက်နှာကို တစ်ဖက်သို့လှည့်ကာ မကြားချင်ယောင်ဆောင်နေသည်။ အခြေအနေမလှသဖြင့် နာရီကိုကြည့်၊ ပါးနပ်စွာ နှုတ်ဆက်ရင်း တိမ်းရှောင်လာခဲ့ပါသည်။တစ်ရက် ကိုမိုးနှောင်းနှင့် အားသစ် ကဖီးတွင်ဆုံတော့မှ အကြောင်းရင်းကို သိရသည်။ မိတ်ဆွေ အဆွယ်ကောင်းသဖြင့် ကြော်ငြာအားကောင်းသော ပစ္စည်းဖြန့်ဖြူး ရေးကုမ္မဏီတစ်ခု၏ အသင်းဝင်ဖြစ်ခဲ့ရသည်။အဖွဲ့ဝင်အဖြစ် ခံယူသည်နှင့် ဝင်ကြေးနှင့်အတူ သတ်မှတ်ထားသည့် အတိုင်းအတာတစ်ခုအထိ ကုမ္မဏီထုတ်ပစ္စည်းများ ဝယ်ရသည်။ပြီးတော့ ကိုယ့်အောက်သွင်းမည့် ပုဂ္ဂိုလ်များကို စည်းရုံးရသည်။ ကိုယ့်အောက်မှာ လူများများသွင်းနိုင်လေ၊ ပစ္စည်းရောင်းအားရှိလေလေ ရာထူးအဆင့်ဆင့်တက်လေ ဖြစ်သည်။
သည့်နောက် အကျိုးခံစားခွင့်တွေက ပြည်တွင်းခရီးစဉ်၊ ပြီးတော့ စရိတ်ငြိမ်း ပြည်ပခရီးစဉ် တွေဆိုသည့် မက်လုံးတွေက ရှိသေးသည်။ ယခုဇာတ်လမ်းတွင် ကိုမိုးနှောင်းက ရာထူးတက်ရေး၊ ခရီးစဉ် များပါရေးအတွက်ကုမဏီမှရောင်းချသည့် ပစ္စည်းများကို အိတ်မှစိုက်၍ ဝယ်ထားလိုက်သည်။ ငွေတွေဝင်ပါ သွားသည်။ ပြန်ထုတ်တော့ ထင်သလို ငွေအရင်မပေါ်။ငွေအထွက်သာရှိပြီး အဝင်မရှိတော့ ကိုမိုးနှောင်းတို့လင်မယား တကျက်ကျက်။ မိုးလေဝသမှ ဘင်္ဂလားပင်လယ်အော်တွင် ဆိုသည့် မိုးလေဝသသတင်းကို သူနားမထောင်ဝံ့။တစ်ရက် အင်တာနက်တွင် ပွန်ဇီပိရမစ် ကလိမ်ကျပုံဆိုသည့် ဆောင်းပါးနှင့် ပုံကို တွေ့သည်။ စိတ်ဝင်စားသဖြင့် ၎င်း ပိရမစ်ကို တီထွင်ခဲ့သည့် ချားလ်ပွန်ဇီအကြောင်းကို ဖတ်မိသည်။ လူသစ်များ၏ ငွေနှင့် လူဟောင်းများ၏အတိုးကို ပေးချေသည့် သူ့နည်းလမ်းကို ပထမတော့ လူတွေ သဘောကျသည်။ သူ့ဘဝဇာတ်သိမ်းကတော့ ထောင်အကြိမ်ကြိမ်ကျ၊ ဇနီးနှင့်ကွဲ၊ လက်ထဲတွင် ပိုက်ဆံတစ်ပြားမှမရှိဘဲ ဘဝနိဂုံးချုပ်ရခြင်းပင်ဖြစ်သည်။အွန်လိုင်းတွင် မစ္စတာမာနန်နှင့် တွေ့တော့ ငွေစုသည့် အထက် အထက်က ဆရာကြီးပျောက် သွားသည့်သတင်းကို ပေးပို့သည်။ ဘယ်လိုလဲ၊ အခြေအနေကောင်းလိုက်ရဲ့လားဟု ကျွန်တော်သတင်းမေးတော့ သူက ဟားဟားဟုသာ ဖြေသည်။ ဘယ်လိုအဓိ
ပ္ဗာယ်တော့ မသိ။
တစ်ရက် စည်ပင်သာယာဈေးသစ်ကြီးထဲမှ ကိုမိုးနှောင်းတို့ ကုန်စုံဆိုင်သို့ ကျွန်တော်ရောက်တော့ ဆိုင်ပိတ်ထားသည်။ ဘေးဆိုင်ကို မေးကြည့်တော့
‘ကိုမိုးနှောင်းက ချောင်းသာသွားတယ်၊ အမျိုးသမီးကတော့ ဆိုင်ပိတ်ပြီးအိမ်မှာ ရှိနေလေရဲ့’ တဲ့။
ခု မြန်မာပြည်တွင်းသို့ နိုင်ငံစုံမှ ကုမဏီတွေ ဝင်လာနေကြသည်။ တချို့က အခြေခိုင်နေပြီ။ တချို့က ထိုးဖောက်နေကြတုန်း။ ကြီးကြီးကျယ်ကျယ် ပွဲကြီးတွေလုပ်၊ အဆင့်တွေအမျိုးမျိုးအတွက် ဆုတွေပေး၊ ခရီးတွေပို့။ အဆင်ပြေသူတွေက ပြေ၊ ချွေးပြန်သူကပြန်။ အမှန် အကန်နှင့် တွေ့သူ တွေ့၊ အကြံအဖန်နှင့် တွေ့သူတွေ့။
ခင်မောင်ဝင်း (စစ်တွေ)
Credit:
http://www.kumudranews.com/idea-impression/%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%95%e1%80%ab%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8/%e1%80%b1%e1%80%9c%e1%80%ac%e1%80%80%e1%80%9e%e1%80%ac%e1%80%b8%e1%80%b1%e1%80%95%e1%80%99%e1%80%af%e1%80%af%e1%80%ad%e1%82%94/