Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

(မည်သည့်ကုမ္ပဏီဟု မဆိုလို) စနစ်ကိုပဲပြောချင်ပါတယ်။


(မည်သည့်ကုမ္ပဏီဟု မဆိုလို)
စနစ်ကိုပဲပြောချင်ပါတယ်။
MLM စနစ်ဆိုတာ ရေတွင်းထဲပြုတ်ကျနေကြတဲ့ လူအုပ်ကြီးပါပဲ။
တစ်ယောက်ခေါင်း တစ်ယောက်နင်းနိုင်မှ အပေါ်ကိုရောက်မှာပါ။
အပေါ်ရောက်တဲ့သူနဲ့ အနင်းခံရတဲ့သူတွေ အချိုးချကြည့်ပါ။
လူတိုင်း ဆရာဝန်မဖြစ်ပါ။ လူတိုင်း လယ်သမားမဖြစ်ပါ။ နှုတ်နည်းတဲ့သူကို ကားစပယ်ရာလုပ်ခိုင်းရင် ဒရိုင်ဘာနဲ့ အုံနာ နားပန်ကျင်းပါလိမ့်မည်။
MLM စနစ်ကြောင့် ကမ္ဘာကျော်သွားသည့် ကုမ္ပဏီ မရှိပါ။
MLM စနစ်သည် လိမ်လည်မှု မမြောက်ပါ။ လုပ်နိုင်မှရမယ်လို့ ပြောထားပါသည်။ လုပ်နိုင်တဲ့သူတွေကို တကယ်လည်း အကျိုးအမြတ်ပေးပါသည်။ လုပ်နိုင်ဖို့ပဲလိုပါသည်။
လုပ်နိုင်ဖို့အတွက် ကိုယ်ကပြန်ပြီး သားကောင်ရှာရပါမည်။ ကိုယ့်ခေါင်းကို နင်းထားသူတွေရှိသလို ကိုယ်ကလည်းတခြားသူခေါင်း နင်းနိုင်မှရပါမည်။
ကျနော်အနင်းခံဖူးပါသည်။ သူများခေါင်းနင်းဖို့လည်း ကြိုးစားခဲ့ဖူးပါသည်။
သူ့အကျိုးဟုပြောပြီး ကျနော့အကျိုးရှိဖို့ ပြောနေရခြင်းကို ကျနော်စိတ်မလုံပါ။
အဲ့လိုမှ မပြောရင် တခြားနည်း မရှိပါ။
ကျနော်ပြောလိုက်လို့် ရှိစုမဲ့စုလေးတွေရင်းပြီး မအောင်မြင်နိုင်တဲ့ အနင်းခံတွေကို ကျနော် မျက်နှာချင်း မဆိုင်ဝံ့ပါ။
ကျနော်လည်း ပြန်မလျော်နိုင်ပါ။
မင်းညံ့လို့ မင်းမအောင်မြင်တာလို့ မျက်နှာပြောင် မတိုက်ဝံ့ပါ။
အခုပြောအားရှိပြီး အောင်မြင်နေသူများသည် လူလတ်တန်းစား မရှိမရှား တစ်ယောက်ချင်းစီ၏ သိန်းဆယ်ဂဏန်းလေးတွေ စုပေါင်းပြီး သိမ်းပိုက်ထားခြင်းဖြစ်ပါသည်။
ကိုယ်လည်းရင်းခဲ့ရလို့ ကိုယ်ပြန်ယူတာပါဆိုရင် အဖေကငါ့ကိုရိုက်လို့ ငါလည်းကြက်ဖကြီးကို ရိုက်တာဆိုသလို ဖြစ်နေပါသည်။
ထုတ်ကုန်အကြောင်း မဝေဖန်လိုပါ။
ရောင်းသူနဲ့ ဝယ်သူ ကြိုက်ဈေးကို တန်၏မတန်၏ မဝေဖန်လိုပါ။
ရောင်းချင်ရင်ရောင်းလိုက်ပါ။ လိုချင်တဲ့သူ ပန်းချီကားတစ်ချပ် ဒေါ်လာသန်းချီတန်ပါစေ၊ ကြိုက်ရင် ဝယ်ပါလိမ့်မည်။ ပန်းချီကား ဝယ်မိသူ သူဈေးပိုရရင် ပြန်ရောင်းချင်ရောင်းနိုင် ပါသည်။ မရောင်းချင်လည်း သူလိုချင်၍ သူရပြီး ကျေနပ်နေမည်။
အားမနာတမ်း ပြောရရင် ..
MLM အလုပ်သည် ကျနော်ကြည့်ဖူးသော ရုပ်ရှင်ထဲက မူးယစ်ဆေးဖြန့်ဖြူးသော ပုံစံနှင့်တူပါသည်။
လူငယ်တက္ကသိုလ်ဆရာ တစ်ယောက် မူးယစ်ဆေးစွဲနေသည်။ ဆေးဖိုးလိုလာသည်။
ရင်းနှီးသော ကျောင်းသားတစ်ယောက်ကို စည်းရုံးပြီး ဆေးစွဲအောင်လုပ်သည်။ ထိုကျောင်းသားမှတဆင့် အခြားကျောင်းသား၊ကျောင်းသူများကို တဆင့်ခြင်း စည်းရုံးစေသည်။
ဆရာကိုယ်တိုင် အတွေ့မခံ။
မူးယစ်ဆေးကို ကျောင်းတွင်း၌ ကွန်ယက်စနစ်ဖြင့် ဖြန့်ချီသည်။
ဆေးသုံးသူမှန်သမျှ ကိုယ့်ကို လာစည်းရုံးသူ တစ်ယောက်ကိုသာ ဆက်သွယ်ရသည်။
ထိုဆရာရော ကျောင်းသားပါ ဆေးဖိုး ကာမိရုံမက ငွေကြေးပိုလျှံလာပြီး မဆင်မခြင်သုံးဖြုန်းသည့်အတွက် ဆိုင်ရာမှ သတိထားမိပြီး နောက်ဆုံး အဖမ်းခံရသည်။
ကျောင်းသားအများစုက ဆေးစွဲကျန်ခဲ့ကြသည်။
MLM စနစ်သည် ဘယ်ကုန်ပစ္စည်းပဲ ဖြစ်ဖြစ်
မင်း ဒါကို ဆက်သုံးချင်သလား (ဒါမှမဟုတ်) ပိုက်ဆံပြန်လိုချင်သလား။ သွား ... မင်းလိုသုံးမယ့်လူ နောက်ထပ်ရှာလာခဲ့ ဆိုတဲ့ အဆင့်ဆင့် ကျုံးသွင်းသွားတဲ့စနစ်ပါ။
မိတ်ဆွေများ MLM နွံ တွင်းမှ ရုန်းထွက်နိုင်ကြပါစေ။
https://www.facebook.com/groups/mlmDiscussion/permalink/1796807537230743/