Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

ကျွန်တော် နှင့် ဓာတ်စာများ …


 Image result for gano excel
ကျွန်တော် နှင့် ဓာတ်စာများ …
”ဆရာက ဘာမှ လုပ်စရာ မလိုဘူး။ Member လေး ဝင်လိုက်ရုံပဲ။ လူလဲ ကျွန်မတို့ ရှာမယ်။ ဈေးလဲ ကျွန်မတို့ပဲရောင်းမှာ။ လကုန်ရင် လခက ဆရာပဲ ယူ။ ဆရာ့ network လူများလာလေလေ ဆရာ့လခက ဆယ်သိန်း တောင်ကျော်သွား နိုင်တယ်နော။”
နိပ်ဟ။ ဘာမှမလုပ် ပဲ လကုန် ငွေ အလုံးလိုက်ဝင်မယ့် ကိစ္စ။ အလုပ်လုပ်နေရင်တောင် အဲ့လောက်မရ။ ကိုယ်က ဆရာဝန်ကိုယ်တိုင်ပါ ဆိုတဲ့ နာမည်လေး ခံပေးရုံပဲ။ ခုနောက်ပိုင်း ခေတ်စားလာတဲ့ marketing ပုံစံ တစ်မျိုးနဲ့ ဓာတ်စာအပါဝင် အလှကုန် လူသုံးကုန် ကုမ္ပဏီ တစ်ခု မောင်ရဲဆီ ရောက်လာသည်။ လုံးဝ သဘာဝ ပစ္စည်းက နေထုတ်လုပ်ထားကြောင်း နဲ့ ထိုင်းနိုင်ငံ ဘုရင်က ပါ ဒီပစ္စည်းတွေကို သာ သုံးစွဲကြောင်း၊ ခွက်တွေ ပလုံးတွေ လွယ်အိတ်နဲ့ သယ်ချ လာပြီး လက်တွေ့စမ်းသပ်ပြ၊ ဗူးထဲကနေ သွန်ပစ်ရတဲ့ အချိန်ထိ အသုံးဝင်တဲ့ နေရာတွေ အများကြီး။ သွားတိုက်ဆေးဆို နဖူးကနေ ခြေထောက်ထိ တောင် လိမ်းလို့ရသတဲ့ (အံ့ရော အံ့ရော)။ ISO လက်မှတ်ရ နိုင်ငံတကာ အသိမှတ်ပြု ပစ္စည်းများ။ ရောင်းအားတက်လို့ကတော့ ရာထူးတွေတိုးပြီး မောင်ရဲတို့ အိပ်မက်ထဲတောင် မမက်ဖူးတဲ့ နိုင်ငံခြား ဆိုတဲ့နေရာကြီးကို ဖရီး ဖရီး အလည်ပါတ်လွှတ်ဦး မတဲ့။ ကဲ... ဟိုကြေငြာ ထဲက လို ပြောရရင် ဘာလိုသေးလို့လဲ ဗျာ ပေါ့။
သူတို့ ရုံးကို အလည်ပါတ်လိုက်သွား လေ့လာပါ ဆိုပြီး ခေါ်တော့ မောင်ရဲတို့ VIP အနေနဲ့ပါသွားတယ်။ တစ်ရုံးလုံး မောင်ရဲ လာတယ်ဆိုတော့ ပြာယာခတ်လို့ (အိမ်း ကျေနပ်ထှာ အဲ့တုန်းက)။ ဆရာက တီဘီနဲ့ပါတ်သက်တဲ့ အကြောင်းလေး သိသလောက်ပြောပြပါဆိုတော့ ကိုယ်တွေကလဲ TOP Center ကဆိုတော့ ဘယ်ရမလဲ ပုံတွေပါ ဆွဲပြီးဟောပြောပေါ့။ ကိစ္စ က အဲ့မှာစတယ်။ သူတို့ရဲ့ market Network ထဲကတစ်ယောက်က ခုလုပ်နေတဲ့ ဓာတ်စာနဲ့ ပါတ်သက်ပြီး ကိုယ်ပိုင် အတွေ့ကြုံလေး share ပါတယ်။ သူက တီဘီ လူနာတစ်ယောက်။ ဆရာဝန်နဲ့ပြ ဆေးသောက် ၂လ တိတိ သောက်တယ် မသက်သာဘူး။ သလိပ်ပြန်စစ်တော့လဲ ပိုးကရှိနေသေးတယ်။ လူကလဲ အိပ်ယာထဲလဲတယ်ပေါ့။ ဒါနဲ့ လင်ဇီးပိုလန် (bee pollen) နဲ့ စတွေ့ပါလေရော။ ဆရာဝန်နဲ့ မသက်သာတဲ့ရောဂါ အဲ့ဆေးသောက်ပြီး ၁လ ဆို သက်သာရော (တီဘီဆေး ၃လ မြောက်)။ ခု သူဟာ သလိပ်ထဲမှာ တီဘီလုံးဝ ကင်းစင်ပြီဖြစ်ကြောင်းပြောပြတော့ အားလုံး လက်ခုပ်တွေတီးကြရော။ နောက် ကျွန်တော်က မေးတယ် ဒီတော့ တီဘီ ဆေး မသောက်ပဲနဲ့ အဲ့ဆေးနဲ့ပဲ သက်သာလား ဆိုတော့ တီဘီဆေးလဲ ၆လ ပြည့်သောက်ပါတယ်တဲ့။ ဂိန် လို့သာ အော်လိုက်ချင်တော့တယ်။ တီဘီဆေး ၂လ လောက် သောက်ရုံနဲ့ တီဘီ မပျောက်ဘူးလို့ အော်နေတဲ့ အဲ့ အမျိုးသမီး အတွက်ပြောစရာ စကား မရှိ။ မောင်ရဲ စိတ်ပျက်သွားသည်။
Brain Wash ဆိုသော ဝေါဟာရ ကို ကြားဖူးနေတာကြာပြီ။ ယခုမ လက်တွေ့မြင်ဖူးခဲ့သည်။ ထို network ထဲမှ လူများသည် သင်တန်းပေးခံရပြီးနောက် သူတို့အတွေးခေါ်များပြောင်းလဲ သွားကြသည်။ အချိန်မလို ငွေမလို ရုံးခန်းမလို အရင်းနှီးမလို ဆုံးရှုံးစရာမရှိ အမြတ်ချည်းသီးသန့်နှင့် များလှသော ငွေကြေးတစ်ခုကို ပြောပြလျှင် မြန်မာများ၏ သည်းခြေ ကြိုက်ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် အရည်အချင်း မရှိပဲ အမြတ်ရသည်ဟု မြူဆွယ်လျှင် ကြိုက်ပြီ။ လုပ်လိုက်စမ်းပါ brain wash။ တစ်ခေါင်းလုံးလျှော်ချပလိုက် ဘာမှ မတွေးခေါ်တတ်တော့။
ဓာတ်စာများ နှင့် အလှကုန် လူသုံးကုန်များသည် ကောင်းပါသည်။ လူအတွက် ဖြည့်စွက်ကာ ကျန်းမာရေး အရ အထောက်ကူပြုပါသည်။ ပြောချင်သည်။ သို့သော် မကုသနိုင်ပါ။ လင်ဇီးသည် ကင်ဆာသာမက AIDS ကိုပါ မကုသနိုင်ပါ။ Pollen သည် မည်သည့် သွေးတိုးဆီးချိုကိုမှ အမြစ်မဖြတ်နိုင်ပါ။ တန်ဆေး လွန်ဘေးဖြစ်သည်။ နာဇီခေတ်တွင် လူတွေကို ရေနှင့် သတ်ဖူးသည်။ Water intoxication ဟုခေါ်သည်။ ဆိုလိုသည်မှာ နေ့စဉ်သောက်နေသော ရေပင် ပမာဏ များလွန်းလျှင် အဆိပ်ဖြစ်နိုင်သည်။နောက်ဆုံးအဆင့် အသည်းကင်ဆာလူနာအား အမြစ်ပြတ်သည်ဆိုတာ လင်ဇီးပိုလန် အား တစ်နာရီခြား ၂လုံး ၂ ရက်တိတိ အိပ်ရေးပျက်ခံတိုက်ခဲ့ကြောင်း သူတို့ ဂုဏ်ယူစွာပြောနေချိန်တွင် မောင်ရဲ ငရဲခန်းမှ သံရည်ပူ မျိုနေရပုံကို သွားသတိရသည်။ သေခါနီးလူနာ အစာအိမ်ထဲမှာ ဆေးလုံး ဘယ်နှတောင့်ထိ အတောင့်လိုက် ကျန်နေခဲ့မလဲ။ ထိုလူနာ ၃ ရက်အတွင်းဆုံး ပါသည်။ ထိုလူနာသည် မောင်ရဲ သွားကြည့်ပေးနေရသော လူနာလဲ ဖြစ်သည်။ မည်သူ့ကိုမှ အပြစ်မတင်ပဲ လူနာရှင်များကို လက်ခံအောင် မရှင်းပြနိုင်ခဲ့သည် မိမိကိုယ်ကို သာ အပြစ်တင်မိသည်။ ဘန်ကောက်ဆေးရုံမှပေးလိုက်သော သောက်ဆေးများရပ်ကာ ထို ကုမ္ပဏီ မှဆေးများသာ တစ်လ ကြာ သောက်နေခဲ့သည်ဆို၏။ လူနာများ၊ ရောဂါ သည်များ၏ ပျောက်ကင်းလိုသော မျှော်လင့်ချက် တစ်ခုကို အသုံးချ နင်းချ ပြီး သဘာဝ ပစ္စည်းပါ လုံးဝ side effect မရှိဆိုသော စကားလုံးသည် အကြီးစားလိမ်လည်မှုဖြစ်ပြီး အလွန်ငရဲ ကြီးစေသည်။ ISO လက်မှတ်သည် quality တစ်ခုကိုသာ ပြနိုင်ပြီး ဘေးထွက်ဆိုးကျိုး မရှိဟု အာမ မခံပါ။ ဘေးထွက်ဆိုးကျိုး မရှိသော ဆေးဝါးဟူ၍ လုံးဝ မရှိပါ။
မြန်မာပြည်တွင် ထို ဘေးထွက်ဆိုးကျိုး လုံးဝ မရှိကာ နိုင်ငံတကာ ဆေးပညာဖြင့်ကုမရသော ရောဂါများစွာကို အချိန်တိုတွင်း ပျောက်ကင်းစေနိုင်သော ဆေးဝါးများ၊ အဆီကျဆေးများ၊ အစားသောက်လုံးဝ ရှောင်စရာမလိုပဲ သွေးတိုးဆီးချို ကင်ဆာ အေအိုင်ဒီအက်စ် အမြစ်ပြတ်ဆေးများ၊ Cholrophyll ဆေးရည်တစ်ဗူးသည် ကန်စွန်းရွက်ကြော်တစ်ပန်းကန်ထက် ပိုမကောင်းကြောင်း မသိသော၊ collengen သည် ငယ်ရွယ်နုပျိုစေရုံသာမက အသည်းနှင့် အရေပြား နှင့် နှလုံး တို့အတွက် ဆိုးကျိုးများစွာဖြစ်လာနိုင်ကြောင်း မရှင်းပြသော နိုင်ငံခြားစီးပွားရေးသမား သည် ကုမ္ပဏီ ကြီးများထောင်ကာ မြို့လည်ကောင်တွင် ခမ်းခမ်းနားနား တည်ရှိနေကြပြီ။ ဆရာဝန် မလိုသော အိမ်တွင်းကျန်းမာရေး စောင့်ရှောက်မှုဟု ခေါင်းစဉ်တပ်နေကြသည်။ တစ်ယောက်ပြီးတစ်ယောက် network member များဖြစ်ပြီး အဆုံးစမရှိ မျောပါ ပျောက်ကွယ် ကုန်ကြသည်။ အလွယ်လိုက်သော မြန်မာများနှင့် လောဘ သားများတွေ့ကြသည်။ မောင်ရဲ အပါဝင် လူနာများ နစ်နာလွန်းသည်။ ယခုပြောလျင် လက်မခံသော wash အလုပ်ခံထားရသော လူနာများလဲ ရှိဦးမည်။ ထပ်ပြောချင်ပါသည်။ ဓာတ်စာများသည် supplementary သာဖြစ်သည် ကုသသောဆေးများ မဟုတ်ပါ ထို့အပြင် တတ်နားလည်သော သူများအား မမေးမြန်းပဲ သုံးစွဲလျင်ကြီးစွာသော ဆိုးကျိုးများ ရလာနိုင်ပါသည်။ အလွယ်လမ်း မလိုက်ပဲ ကိုယ်တိုင် ဆင်ခြင်ရှောင်ရှားမှသာ ရောဂါများကို ကုသထိန်းချုပ်နိုင်မည်ဟုလဲ ဆရာဝန်တစ်ယောက်အနေနှင့် အကြံဥာဏ်ပေးချင်ပါသည်။
မောင်ရဲ
https://www.facebook.com/ye.z.htun/posts/10209782310851278