Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

ပိုလန် သောက်သင့်မသောက်သင့် ဒေါက်တာ တင့်ဆွေအမြင်


Bee pollen ပန်းဝတ်မှုံ အာဟာရ ဘယ်ကလဲသိတယ်ဟုတ် Mlm လေ
မင်္ဂလာပါခင်ဗျာ။ မြန်မာပြည်မှာ ကင်ဆာဖြစ်ရင် တတ်ယောင်ကား တွေနဲ့တွေ့ပြီး ဒုက္ခရောက်ကြတာ များပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ တကယ့်ငယ်ရွယ်စဉ်ထဲက ဆေးပညာကို စနစ်တကျသင်လာတဲ့ ဆရာဝန်တွေရဲ့ စကားကလွဲရင် လက်မခံပါဘူးဆရာ။ ကျွန်တော်မေးခွန်းလေးတခုမေးပါရစေ။ ရင်သားကင်ဆာဖြစ်နေတဲ့ လူနာက Bee Pollen နဲ့ တည့်ပါလားခင်ဗျာ။ မြန်မာပြည်မှာက ကင်ဆာဖြစ်ရင် pollen ယဉ်ကျေးမူလိုဖြစ်နေပါတယ်။ ရိုင်းဟုတ်တို့ ဖိန်း တို့က အရောင်းစနစ်ကလဲ မန်ဘာစနစ်နဲ့ ဖြန့်ဝေတဲ့စနစ်ဆိုတော့ လူတော်တော်များများက သူတို့ member ဖြစ်နေကြတော့ ကောင်းတယ်လို့ဘဲ ပြောနေကြလို့ပါခင်ဗျာ။
အရင်လည်းမေးကြတာတွေများတယ်။ နမူနာပဲထည့်ပါမယ်။
၁။ ဆရာ ကျွန်တော်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အနောက်ပျံကျရွာကပါ။ အခုပို့ပေးထားတဲ့ဆေးတွေက ဘာဆေးလဲဆရာ။ ကောင်းကျိုး-ဆိုးကျိုး ပြောပြပေးပါဗျာ။ ကျွန်တော်တို့ရွာကို အဲ့ဒီဆေးတွေလာရောင်းလို့ပါဆရာ။ လူကြီးလူငယ်သောက်ကြတယ်ဆရာ။ တကယ်လို့ဒီဆေးကဆိုးကျိုးများနေရင် လူကြီးတွေကိုစိတ်ပူလို့မေးမိတာပါဆရာ။
၂။ ဆရာ သမီးအမျိုးသားကို pollen forte ထမင်းမစားခင်နာရီဝက်အလိုမှာတိုက်လိုက်ပါတယ်။ ဒီနေ့စသောက်တာပါ။ သူအခု ခေါင်းတွေတအားမူးပြီးနေရတာ မအီမသာဖြစ်နေတယ်လို့ပြောပါတယ်။ အစာမရှိလို့လားဆိုပြီး ထမင်းစားပါတယ်။ ဒါပေမယ့် မသက်သာဘူးတဲ့ဆရာ။ ဘာဖြစ်လို့ပါလဲ။ ကျေးဇူးပြုပြီး အမြန်ဖြေပေးပါနော်ဆရာ။
၃။ ဆရာရှင့် lucky time ကထုတ်တဲ့ pollen ကို မြစ်ကြီးနားမှာ တော်တော်သုံးကြပါတယ်။ သူ့ရဲ့ side effect လေးကို သိချင်လို့ပါဆရာ။
၎။ ကိုယ်ဝန်ဆောင်နဲ့ Bee Pollen တည့်ပါသလားရှင့်။ ထိုင်းသွားတုန်းက ပန်းဝတ်မှုန်အစစ်နဲ့လုပ်ထားပြီး လက်ဖက်ခြောက်လို အစေ့လေးတွေပါ။ နေ့တိုင်းသောက်ရင် ဝမ်းမှန်တယ်ဆိုလို့ Promoter က အညွန်း ကောင်းတာနဲ့ ဝယ်လာပြီးသောက်နေတာပါ။ ကိုယ်ဝန်ကမရသေးပါဘူး၊ ကြိုးစားဆဲပါ။ ကြိုးစာဆဲအချိန်မှာ ဆက်သောက်ရန် သင့်မသင့်ပြောပြပေးပါရှင့်။
၅။ တရုတ်ကထုတ်တဲ့ Bee pollen ဆေးကို ကိုယ်ဝန်ဆောင်မိခင်တွေ သောက်လို့ ရပါသလား။ ဆရာဝန် တော်တော် များများကတော့ မသောက်ခိုင်းပါဘူး။ တချို့လူတွေက ပိုလန်ဆေးကို သောက်ရင် ကလေးကော လူကြီးပါ မွေးပြီးတာနဲ့ ကျန်းမာရေးကောင်းတယ်လို့ ပြောပါတယ်။ အဲဒါ သောက်သင့် မသောက်သင့်နဲ့ သောက်လို့ရမယ်ဆိုရင်ကော ဘယ်လို အတိုင်းအတာထိ သောက်သင့်သလဲဆိုတာ သိချင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးက မေးခိုင်းလို့ပါ၊
၆။ ဒီတစ်ခါမေးမှာတော့ ကျွန်မအတွက်မဟုတ်ပါဘူး။ မိသားစုသူငယ်ချင်းမိတ်ဆွေတွေအတွက်ပါဆရာ။ ပိုလန်အားဆေးကို သိမယ်ထင်ပါတယ်။ လင်ဇီးကထုတ်တာလို့သိရပါတယ်။ ကျွန်မအဒေါ်တယောက်လည်း အသင်းဝင်ပါ။ နိုင်ငံတိုင်းမှာရောင်းတဲ့ မြန်မာကိုယ်စလှယ်တွေရှိပါတယ်။ ကျွန်မသိချင်တာက အဲ့ဆေးကို ဆရာ့ရဲ့ အမြင်ပါ။ ကိုယ်ဝန်ဆောင်သည်တွေကနေပြီး ကလေးငယ်လေးတွေကိုပါ ပတ်ဝန်းကျင်မှာ နေ့စဉ်တိုက်နေတာတွေ့ရလို့ပါ။ လူကြီးတွေလည်း သောက်ကြပါတယ်။
တချို့က ကြော်ငြာဆေးမှန်းသိလို့မေးတယ်။ နောက်တယောက်က အမျိုးသားအတွက်။ နောက်တယောက်က ကိုယ်ဝန်ဆောင်။ နောက် ဘေးထွက်ဆိုးကျိုး။ နောက် ကလေးနဲ့လူကြီး။ နောက်သူများအတွက်။ နောက် ကင်ဆာ။ ဖြေရတာ ခက်။
Food supplements, Dietary supplements ခေါင်းစဉ်နဲ့ ရောင်းတဲဆေးတွေဟာ Medicine/Drug ဆေး-ဆေးဝါး မဟုတ်လို့ FDA ခေါ် အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင် ခွင့်ပြုချက်မပါပဲ ရောင်းနိုင်တယ်။ အဲလိုဆေးတွေမှာ ဆေးသုတေသနမပြည့်စုံပါ။ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုး အတိအကျမသိနိုင်ပါ။ တခုခုဖြစ်ရင်တော့ အရေးယူခံရတယ်။
ဆေးကြော်ငြာတွေမှာ အကုန်ကောင်းသလိုလိုရေးတာကများတယ်။ စွပ်စွဲနေတာမဟုတ်ပါ။ အထက်ကမေးခွန်း (၄) ခုကို ကြည့်ပါ။ အမျိုးသမီးသုံးတယ်၊ အမျိုးသားသုံးတယ်။ ကိုယ်ဝန်ဆောင်သုံးတယ်၊ ဝမ်းမှန်ချင်သူသုံးတယ်။ ရှိသေးတယ်။ မေးတာတွေကိုအကုန်ထည့်ရင် စာအတော်ရှည်နေမယ်။
ပျားကောင်တွေက ပန်းတွေကနေ ဝတ်ရည်စုပ်ယူကြတယ်။ လူတွေက ပျားကောင်တွေဆီကနေ စပါယ်ရှယ်နည်းသုံးပြီး ထုတ်ယူကြပြန်တယ်။ ပန်းဝတ်မှုံရည် အာဟာရမှာ ဗီတာမင်၊ ဓါတ်ဆား၊ အင်ဇိုင်းမ်၊ အမိုင်နို-အက်စစ်တွေ ပါတယ်လို့ ဆိုပါတယ်။ အားဖြစ်စေတယ်၊ ရောဂါပြီး-စနစ် ကောင်းစေတယ်၊ အိုစာတာကို ခံချနိုင်တယ်လို့လဲ ဆိုပါသေးတယ်။
တိတိကျကျ ထပ်ပြောသေးတာက ပရိုတင်း၊ ကာဗွန်ဟိုက်းရိတ်၊ ဖက်တီး-အက်စစ်တွေနဲ့အတူ ဗီတာမင် A, C, D, E တွေတင်မကဘူး Lecithin, Beta-carotene နဲ့ Selenium ဆိုတာတွေပါလို့ Antioxidant effects ရစေပါသတဲ့။ ငယ်ရုပ်ဆင်ပေးနိုင်တယ်တဲ့၊ ကိုယ်အလေးချိန်ကျစေမယ်တဲ့၊ အမျိုးသားရော အမျိုးသမီးပါ လိင်စိတ်ပိုစေမယ်တဲ့၊ အားယုတ်တာ သက်သာမယ်တဲ့၊ အရေပြားနဲ့ ကြွက်သားတင်းနေစေမယ်တဲ့။ ပျို့တာ၊ အိပ်ရေးပျက်တာ၊ (အင်ဖက်ရှင်) ဝင်တာ၊ ဆေးအပြင်းတွေကြောင့် ရောဂါပြီးစနစ်ကျတာ၊ သွေးဖိအားကျတာ၊ သွေးအားနည်းတာ၊ နှလုံး-ရောဂါ၊ ကင်ဆာ၊ ဝမ်းချုပ်တာတွေကို ကောင်းစေတယ်တဲ့။ အားကစားလုပ်ရာ ပိုကောင်းစေတယ်တဲ့၊ စိတ်ရောဂါ၊ (၉၆) ပါးတဲ့။
(အလာဂျီ) ကို ကုနိုင်တယ်လို့ ပြောတာတော့ လွန်သွားပုံရတယ်။ မဟုတ်ပါ။ ပြောင်းပြန်လို့ဆိုသူက ဆိုတယ်။ ပန်းဝတ်မှုံ အနံ့က တချို့အတွက် အလွန်မွှေးပေမဲ့ တချို့ကမတည့်လို့ ပန်းနာတောင်ဖြစ်နိုင်တယ်။ အပင်တွေက (အင်ဇိုင်း) က လူ့ ဇီဝဖြစ်စဉ်နဲ့ မကိုက်ဘူးတဲ့။
ဘေးထွက်ဆိုးကျိုးတွေ မများပါ။ အမေရိကားမှာ လူ ၅% က ပျားရည်၊ ပန်းဝတ်မှုံနဲ့ မတည့်လို့ (အလာဂျီ) ရကြတယ်။ ပဌမမေးခွန်းမှာ သောက်တဲ့သူနဲ့ မတည့်ပါ။ ပန်းဝတ်မှုံအမျိုးမျိုးကနေ စုဆောင်းတာမို့ တမျိုးနဲ့တမျိုး မတည့်တာတွေ ပါနေတတ်တယ်။ ဥပမာ ဂန္ဓမာပန်းနဲ့ နေကြာပန်း။
ကျွန်တော် မျက်စိတော့ မရှန်ပါ၊ သူတို့ရေးတာထဲမှာ ကိုယ်ဝန်အတွက်ကောင်းတယ်လို့ သီးသန့်ရေးတာ မတွေ့ပါ။ ကိုယ်ဝန်မှာလိုတာက သံဓါတ်နဲ့ (ပရိုတင်း) များရမှာဖြစ်ပါတယ်။ အိမ်တိုင်ယာရောက် လာရောင်းတဲ့ကုန်ပစ္စည်းဆိုတာ ဆေးဖြစ်နေလို့ စဉ်းစားကြစေချင်တယ်။ စနစ်ကောင်းတဲ့တိုင်းပြည်တွေမှာ အစွမ်းထက်တဲ့ဆေးမှန်သမျှ ဆရာဝန်လက်မှတ်နဲ့သာ ရောင်းပါတယ်။ အားဆေးမှန်သမျှ ဆရာဝန်ညွှန်တာတောင်မှ မနက်-ည စားသောက်နေတဲ့ အစားအသောက်ထက် ပိုမကောင်းပါ။ အားလိုအပ်ချက်ဆိုတာ ကျား-မ မတူတတ်ပါ။ တယောက်နဲ့တယောက်လည်း မတူပါ။ ကင်ဆာကို မပျောက်စေပါ။
ဆက်စပ်စာများ -
၁။ Bee pollen ပန်းဝတ်မှုံ အာဟာရ http://doctortintswe.blogspot.com/2014/11/bee-pollen_19.html
၂။ Bee pollen granules ပျားကနေထုတ်တဲ့ဆေး http://doctortintswe.blogspot.com/…/bee-pollen-granules_19.…
၃။ Honey and Botulism ပျားရည်နှင့်အဆိပ် http://doctortintswe.blogspot.com/…/02/honey-and-botulism.h…
Dr. တင်ဆွေ
၃-၉-၂ဝ၁၅
၂-၂-၂ဝ၁၆
၈-၅-၂ဝ၁၆
၃-၆-၂ဝ၁၆
https://www.facebook.com/groups/mlmDiscussion/permalink/1790009384577225/
http://doctortintswe.blogspot.com/2014/11/bee-pollen_19.html