Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, February 21, 2017

ဣသာလည်း များတယ်၊ မစ္ဆရိယလည်း ပွားမယ်၊ ပျော်လည်း ပျော်တယ်


ဣသာလည်း များတယ်၊ မစ္ဆရိယလည်း ပွားမယ်၊ ပျော်လည်း ပျော်တယ်
Anti MLMတွေ အရှိန်ရလာပြီး နောက်ပိုင်းမှာ MLMဘက်က ချက်နဲ့လက်နဲ့ တုံ့ပြန်တာ သိပ်မတွေ့ရပေမယ့် သူတို့ဘက်က ပြန်စွပ်စွဲတာက တပုံစံတည်း။ Anti MLM တွေဟာ
၁။သူတပါး အောင်မြင်တာကို မနာလိုဘူး
၂။အဆိုးမြင်ဝါဒီတွေ
ဆိုတဲ့ ၂ချက်ပါ။
ဒီ၂ချက်ဟာ ဘာမှတော့ မဟုတ်ပေမယ့် ဘေးက ရပ်ကြည့်နေသူတွေအဖို့တော့ ခပ်ရွံ့ရွံ့ဖြစ်မှာ အမှန်ပဲ။ မြန်မာလူမျိုးတွေအတွက်တော့ အတော်ပဲ နားခါးစရာ ဖြစ်နေတာကိုး။ ပြိတ္တာဖြစ်မယ့် ဣသာ နဲ့ မစ္ဆရိယ တွေ မဟုတ်လား။ သူတို့ပြောတာ ပြန်စဉ်းစားကြည့်တော့လည်း ဟုတ်တုတ်တုတ်ရယ်။ ''မနာလိုခြင်း'' ကို သေချာ သုံးသပ်ကြည့်ရင် ၂ပိုင်းခွဲထွက်လာမယ်။
✪ဣသာ = သူတပါး အောင်မြင်၊ ကြီးပွားမှုကို မနာလို မရှုစိမ့်တာ
✪မစ္ဆရိယ = ကိုယ့် ပိုင်ဆိုင်မှုနဲ့ အရည်အချင်းမျိုး မရစေချင်တာ။ နှမြောတာ
ဟုတ်တယ် Anti MLMတွေဟာ #ဣသာ များတယ်။
✵ကိုယ့်နိုင်ငံထဲ စစ်တွေ တဝုန်းဝုန်းဖြစ်ပြီး စစ်ဒဏ်သင့်တဲ့ မိသားစုတွေ ကြောက်လန့်တကြား ပြေးရ၊ လွှားရ၊ကလေးငယ်တွေ မိဘမဲ့ဖြစ်ကာ အော်ဟစ် ငြီးတွား ငိုယိုနေကြတဲ့ အချိန်မှာ အားလုံးဝိုင်းကာ ကူညီညာ ရမယ့်အစား တိုင်းတပါးက လူတွေက ဒီလာပြီး မလှိမ့်တပတ်နဲ့ စီးပွားဖြစ်နေတာကို မနာလိုဘူး။
✵ခင်ဗျားတို့ အဲ ခင်ဗျားတို့ ထဲမှာမှ အောင်မြင်နိုင်ခြေရှိတဲ့ လူကွက်ကွက်လေးက ဘယ်သူသေသေ ငတေမာ ပြီးရောဆိုပြီး ဟိုက ကျန်တဲ့ အရိုးအရင်းလေးကို အာသာငမ်းငမ်းကိုက်ပြီး ဇိမ်ခံနေတာ မရှုစိမ့်ဘူး။
✵အငတ်ဘေးသင့်နေတဲ့ ပြည်သူတွေအရှေ့ ခင်ဗျားတို့ဆရာတွေ စားကြ၊ သောက်ကြ၊ ပျော်ပါးနိုင်ကြတာပြီး ခင်ဗျားတို့အားပါတရ လက်ခုပ်တီးနေနိုင်တာကို မနာလိုနိုင်ဘူး။
(လှူတယ် တန်းတယ်ရယ်နဲ့တော့ လုံးမချပါနဲ့။ မြန်မာပြည်သူတွေ လှူချက်က အုံးအုံးထကာ အမေရိကန်ပြည်ထောင်စုနဲ့ တန်းတူလိုက်ပါသတဲ့။ ခုချိန်ထိ မွဲတုန်းဆိုတော့ လှူတာဟာ အဖြေမဟုတ်)
✵မြန်မာပြည် ပညာရေး စနစ်အရ ကိုယ့်ရဲ့ ပါရမီ၊ အရည်အချင်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေ ထုတ်ပြခွင့်မရသေးတဲ့ လူငယ်လူရွယ်တွေဟာ အရောင်းသမားလုပ်ကာ ''လူစ လူန'' တုံးလို့ရယ် ခင်ဗျားတို့ တိုင်းတပါးက ဆရာကြီးတွေကို အလုပ်အကြွေးပြုနေရတာ မနာလိုဘူး။
✵မရှိမယ့် ရှိမယ့် ယိုင်နဲ့နဲ့ စာသင်ကျောင်းလေးတွေကို မျက်ကွယ်ပြုကာ သူတို့မိဘ မအူမလည်တွေဆီက ပိုက်ဆံတွေ အချောင်နှိုက်ပြီး ကားအကောင်းစားစီးမယ့် ခင်ဗျားတို့ ရည်ရွယ်ချက်တွေကို မနာလိုဘူး။
ဒီတော့လည်း Anti MLM လူငယ်တွေဟာ ဣသာများတယ် ဘာဖြစ်တုန်း။
#မစ္ဆရိယ လည်း ပွားတယ်
✵မွဲပြာကျနေတဲ့ တိုင်းပြည်ကိုပြန်လည်ထူထောင်ဖို့ အစား၊ ခင်ဗျားတို့ဆရာ စားဖားတွေ အဆင့်မြင့်မြင့် နေထိုင်နိုင်ရန် အလုပ်အကြွေးပြုနေရတဲ့ လူငယ်တွေရဲ့ လုပ်အားတွေကို နှမြောတယ်။
✵မရေရာတဲ့ မက်လုံးတွေနောက်လိုက်ကာ အချိန်နှောင်းမှ နောင်တရမယ့် မြန်မာ့လူငယ်တွေရဲ့ အိပ်မက်ခါးခါးကြီးနဲ့ မျက်ရည်တွေကို နှမြောတယ်။
✵တိုင်းပြည်အတွက် အသုံးဝင်တဲ့ ပညာတတ်လူငယ်တွေ MLM သီးသန့် အရောင်းသမား ဖြစ်ကုန်တာ နှမြောတယ်။
✵မသိနားမလည်တဲ့ နယ်ခံ၊ ရွာခံတွေရဲ့ လုပ်အား၊ အချိန်နဲ့ ငွေတွေ သောက ဗျာပါဒ လိုက်ပြီးမှ တိုင်းတပါးကို စီးဝင်ကုန်တာ နှမြောတယ်။
✵လမ်းဖောက်ရမယ့်၊ ကျောင်းဆောက်ရမယ့်၊ စစ်ဒဏ်သင့်ဒေသတွေမှာ သုံးရမယ့် ပိုက်ဆံတွေကို ဘာမဟုတ်တဲ့ ဓါတ်စာတွေ၊ ဓါတ်ပြားတွေ အတွက် ရောင်းရ ဝယ်ရ သွားရ လာရ နဲ့ စားရိတ်တွေ ကုန်ကျနေတာ နှမြောတယ်။
ဒီတော့လည်း Anti MLM လူငယ်တွေဟာ မစ္ဆရိယ များတယ် ဘာဖြစ်တုန်း။ ဒါကျုပ်တို့ မြန်မာပြည်ရဲ့ ဘုံပိုင် သားသမီး၊ လူငယ်၊ လုပ်အားနဲ့ ဓန စည်းစိမ်တွေပဲ။
နောက်ဆုံးအချက် '#အဆိုးမြင်တယ်'။ အဆိုးမြင်တာဟာ ပြဿနာကြီးလို့ ထင်နေရင်တော့ ငါးပါးမှောက်ကုန်မယ်။
✪ဗုဒ္ဓ ရှင်တော်မြတ်ကြီးဟာ သံသရာရဲ့ အဆိုးကို မြင်တော်မူ ခဲ့တယ်။
✪ကားလ်မာ့က်စ်ဟာ အရင်းရှင် စနစ်ရဲ့ အဆိုးကို မြင်ခဲ့တယ်။
✪ဗိုလ်ချုပ်နဲ့တကွ ရဲဘော်သုံးကျိပ် လူငယ်တွေဟာ ကျွန်ဘဝရဲ့ အဆိုးကို မြင်ခဲ့တယ်။
✪ဒေါ်အောင်ဆန်းစုကြည်ဟာ ကြောက်ရွံ့ခြင်းရဲ့ အဆိုးကို မြင်ခဲ့တယ်။
ဒါလောက်ဆို အဆိုးမြင်တာ ကောင်းမကောင်း မုန့်တီဟင်းသို့ အကွင်းကွင်း မြင်နိုင်လောက်ပါရဲ့။ ခလိန်းတို့က မမြင်ဘူးဆိုတော့ အဟင်းဟင်း။
ခု Anti MLM လူငယ်တွေဟာ
✪MLM စနစ်ရဲ့ လူပေါ်လူဇော်လုပ်မှု၊ ဆိုးယုတ်မှု၊ အမိမြန်မာပြည် အပေါ် အကျိုးယုတ်စေမှု၊ လူငယ်တို့ရဲ့ အစွမ်းထက်လှပါသော ပါရမီတွေ ခမ်းခြောက်စေမှု စတဲ့ အဆိုးတွေကို မြင်တယ်။ မြင်လို့လည်း ကိုယ့်အကျိုး စီးပွား မပါပဲ အချိန်ကုန်ခံကာ လူထုကို အသိပေးတယ်။
✪ခင်ဗျားတို့ မှိုင်းမိပြီး လောဘဇောတက်နေတဲ့ အချိန်မှာ Anti MLMတွေဟာ တိုင်းပြည်ရဲ့ သယံဇာတ၊ လုပ်အားနဲ့ အချိန်တွေကို တတပ်တအား တတ်နိုင်သလောက် ကာကွယ်နေတယ်။
✪MLMတွေက တိုင်းပြည်ရဲ့ ဝန်ထုပ်ဝန်ပိုးကို အသက်၇၀ကျော် အမေအိုကြီး ခေါင်းပေါ် ထပ်ပြီး ပစ်တင်လို့ ပျော်ပျော်ကြီး အမဲဖျက်နေချိန်မှာ Anti MLM တွေက သူတို့ ခေါင်းဆောင် အမေအိုရဲ့ ဝန်ကို တတ်အားသ၍ ဝိုင်းကူနေတယ်။
✪MLM တွေခေါင်းထဲ မိသားစုနဲ့ မစားရ ဝခမန်း Happy Life Projectကြီးပဲ ရှိတဲ့အချိန်မှာ Anti MLMတွေရဲ့ ခေါင်းထဲမတော့ သူတို့ချစ်တဲ့ အမိ မြန်မာပြည်ကြီးကို လူပါးကြီးတွေလက်ထဲ လုံးပါး မပါးစေဖို့ အတင်းပြန်ဆယ်နေတယ်။
✪ MLM တွေက လူ့စည်း၊ ဘီလူးစည်း မထားပဲ ကိုယ်ကျိုးအတွက် အသုဘ အိမ်တောင် မချန် လောဘဇောတိုက်နေချိန်မှာ Anti MLM တွေက မသိနားမလည်ရှာတဲ့ မိသားစုတွေကို အချိန်၊လုပ်အားတွေ အလဟဿ မကုန်စေဖို့ အကျိုးမဖက် ဝိုင်းကူနေတယ်။
ဒီအချက်တွေကြောင့်ပဲ Anti MLM တွေရဲ့
✯ဣသာ နဲ့ မစ္ဆရိယ စိတ်တွေဟာ ထင်းထင်းကြီး လှနေတယ်။
✯အမိမြေလာပြီး လူပေါ်လူဇော်လုပ်တဲ့ တိုင်းတပါးသားတွေအပေါ် မဟုတ်မခံစိတ်တွေဟာ မာန်တကြွကြွ ရှိနေတယ်။
✯နိုင်ငံချစ်စိတ်ဟာ သောကြာကြယ်လို တလက်လက်ထွန်းနေတယ်။
✯တော်လှန်သော ဒူးမထောက်တဲ့ လူငယ်တို့ရဲ့ စိတ်တွေဟာ ရဲရဲတောက်နေတယ်။
✯ကိုယ်ကျိုးမဖက်တဲ့ ပရဟိတ စိတ်တွေဟာ လောကပါလ တရားကို ထွန်းလင်းလာစေတယ်။
✯တနည်းအားဖြင့် Anti MLM တွေဟာ သူတို့ချစ်တဲ့ အမိမြန်မာနိုင်ငံတော်ရဲ့ မြေပေါ်မှာ လိပ်ပြာသန့်စွာနဲ့ ရဲရဲကြီး ရပ်နေတယ်။
ဟုတ်တယ်ဗျာ။ Anti MLMတွေ ဣသာလည်းများတယ်၊ မစ္ဆရိယလည်း များမယ်။ ဒီ့အတွက် လိပ်ပြာလုံတယ်၊ ပျော်လည်း ပျော်တယ်။ ဒီ မနာလိုစိတ်တွေ အတွက် ငရဲကျမယ်ဆိုရင်တောင် Anti MLMတွေရဲ့ ရဲဘော်ရဲဘက် ဖြစ်တဲ့ လောကပါလတရားဟာ ရပ်ကြည့်မနေနိုင်ပဲ ငရဲမင်းခေါင်းကို ရှစ်စိတ်ကွဲစေမယ်။
ကိုင်း! ရပ်ကြည့်မနေနဲ့ဗျ။ Anti MLM ဘက်သာ ခြေစုံပစ် ဝင် လာခဲ့။ စစ်သေနင်္ဂဗျူဟာအရ တိုက်ပွဲတိုင်း အချိန်ကြာကြာဆွဲလို့ မကောင်းဘူး။ တိုက်စရာရှိတာ မြန်မြန်တိုက်ပြီး တခြားအလုပ်တွေ ဆက်ရအောင်။ ကျုပ်တို့ ခေါင်းဆောင် 'အမေစု' လည်း ဒီထက်အရေးကြီးတဲ့ ကိစ္စတွေနဲ့ ပင်ပန်းလှပါပြီ။ ဒီတပွဲဖြင့် ကိုယ့်ဘာကိုယ် ကြုပ်ကျက်လိ ကြစို့။
''မြန်မာလူငယ်တွေရဲ့ #No_MLM ဆိုတဲ့အသံ သောင်းထိုက်က ကြားစေရမယ်''
ကြည်လွင်ဖြိုး
11/Oct/2016
Image may contain: text