Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, February 21, 2017

#အန္တရာယ်များတဲ့ ကြိုးစားမှုအကြောင်း


#အန္တရာယ်များတဲ့ ကြိုးစားမှုအကြောင်း
MLM မာတီ လယ်ဗယ် နက်ဝတ် မာတ်ကက်တင်း (ဆင့်ပွားဈေးကွက်စနစ်)ဆိုတာကို ၂၀၀၄လောက်ကတည်းက စကြားဖူးတာ။ တေဇောဘာသတဲ့။ ဖြူဖြူနုနုလေး။ သူက လူထွက်ဖို့ လှုပ်ရှားနေတာ။ ညဘက် ညဘက် စာအံကျောင်းဆင်းချိန်ရောက်ရင် ကွပ်ပစ်ပေါ်မှာ ကိုခင်မောင်တေဇောရဲ့ အာပေါင်အာရင်းသန်သန်နဲ့ ရှင်းလင်းဖွင့်ဆိုချက်တွေကို မကြားချင်မှ အဆုံး။ အဲ့ဒီကတည်းက သူ့ကို ပြန်ပြောဖူးတယ်
“ဟ တေဇောရ မင်းပြောသလို ပစ္စည်းတစ်ခုကို ဒီလောက်ကြီး ဖောက်သည်များအောင် ရောင်းနိုင်ရင် မောင့်ပစ္စည်းမှ မဟုတ်ဘူးဗျ။ ရေခဲချောင်းရောင်းစားလည်း သူဌေးဖြစ်တယ်”
ဟုတ်တယ်။ အိန္ဒိယကုလားကားတွေ ကောင်းလွန်းလို့ မဟုတ်ဘူး။ လူဦးရေများတော့ တစ်ယောက်မှ တစ်ရူးပီးပဲ ရဦး။ ကြည့်သူ ငါးသန်းဆို ရူးပီးငါးသန်း မြတ်နေပြီ။ လူဉီးရေနှင့် တိုက်တာ။
အဲ့ဒီအချိန်က ဒီစနစ်ကို နားလည်လို့ ပြန်ဝေဖန်တာ မဟုတ်ပါဘူး။ တောသားဆိုတော့ တောတွေး တွေးပြီး ပြောမိတာ။ ဟုတ်တယ်လေ။ မာတီဆိုသည့်အတိုင်း တစ်ယောက်ကနေ နှစ်ယောက်၊ နှစ်ယောက်ကနေ လေးယောက်၊ လေးယောက်ကနေ ရှစ်ယောက် စသည်။ တွက်ကြည့်ပေါ့။ အဆင့်ခြောက်ပဲ ရောက်သေးတယ် ဖောက်သည်က ဦးရေနှစ်သန်းကျော်နေပြီ။ တစ်နေ့ကို ရေခဲချောင်း နှစ်သန်းကုန်အောင် ရောင်နိုင်ရင် တစ်ချောင်းမှ တစ်ကျပ်ပဲ မြတ်တယ် ထားဦး ဘီးဂိတ်ဝင်ငွေထက် သာနေပြီ။ ဒါကြောင့် တေဇောလေးကို မင်းစနစ်က မဖြစ်နိုင်ဘူး။ ရောင်းကုန်းတစ်ခုကို အဲ့လောက်ဖောက်သည်များအောင် မလုပ်နိုင်ဘူး။ လုပ်နိုင်ပါသည် ဆိုသော်ငြား ဒီလောက်ဖောက်သည်များအောင် ရှာနိုင်ရင် သူတို့ပစ္စည်းမှ မဟုတ်ဘူး ရေခဲချောင်းရောင်းလည်း သူဌေးဖြစ်တယ်။
ဦးဇင်းအားနည်ချက်က သူများပြောတာကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဂရုတစိုက်တော့ နားထောင်ပေးတယ်။ တေဇောလေးက မစိုးရိမ်မှာ လူအ ရှာမရတော့ ကိုယ့်ချည်း နေ့တိုင်း မဲဆွယ်တယ်။ ကိုယ်ကလည်း ဒီတိုင်းတော့ နားမထောင်နိုင်ဘူး လက်ဘက်ရည်တိုက်ရင် နားထောင်မယ်။ သို့နှင့် လက်ဘက်ရည်နပ်မှန်ခဲ့တယ်။ MLMကိုလည်း အတော်နားလည်သွားတယ်။ နားလည်လာလေ မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်လေ။ သို့သော် ကိုယ်က လူလည်။ လက်ဘက်ရည်နပ်မှန်နေတာလေး အပျက်အယွင်းခံလို့ ဘယ်ဖြစ်ပါ့မလဲ။ နောက် NO.1 ဆိုတဲ့ ဦးကိတ္တိဗလကြီး တက်လာတယ်။ ဒီကိုယ်တော်ကြီး ခွေးကျဝက်ကျ ကျတော့မယ်ဆိုတာ ရိပ်မိတယ်။ သို့သော် မြန်မာပြည်မှာ လူအ များလွန်းတယ်။ ကိုခင်မောင်ကိတ္တိဗလက အခုတော့ အငြိမ်။ MLMက ရခဲ့တဲ့ ပိုက်ဆံတွေနဲ့ နေပြည်တော်မှာ နှပ်နေပြီ။ ကိုခင်မောင်ကိတ္တိဗလ ခင်ဗျား ကံကောင်းလွန်းပါတယ်။ ဟော အခု လာပြီ။ ကိုဂျိုးဆက်ခေါ် ကိုကျော်မျိုးမင်း။
MLM နဲ့ ရေစက်က မကုန်နိုင်ဘူး။ မှော်ဘီရောက်တော့ ထပ်တွေ့ပြန်တယ်။ ဒေါက်တာခြံရှင်း သမီး သိင်္ဂီ။ ဦးဇင်းလေးဘက်နာဖြစ်တော့ ဒေါက်တာခြံရှင်းက ပွပေါက်အကြီးကြီးတော့ တိုးပြီး ငါ့သမီးဆေးတွေကတော့ ရောင်းကုန်ပြီဆိုပြီ သိင်္ဂီကို ပင့်ချလာတယ်။ ကုမ္ပဏီနာမည်တောင် မေ့နေပြီ။ ၉၆ပါး ရောဂါပျောက်ဆေးတွေ။ ရုပ်ရည်ကို ကြည့်ပြီး သိင်္ဂီကို အဲ့သလောက် လက်ပေါက်ကပ်လိမ့်မယ်လို့ မထင်ဘူး။ ဘယ်လိုမှ နားလည်အောင် ပြောမပြနိုင်ခဲ့ဘူး။ စက်ချုပ်ခလေးတွေ စုထားတဲ့ ၁၅သိန်းလုံး တစ်လအတွင် ပလုံပါလေရော။ သိင်္ဂီဘဝပျက်ပြီ။ ပြုံးစိ ပြုံးစိနဲ့ ကျောင်းရောက်လာတယ်။ အဲ့ဒီကုမ္ပဏီကို တရားစွဲလို့ ရသလားတဲ့။
နောက်တစ်ယောက်က မှော်ဘီက မိခိုင်ယောက်ျား ဝဏ္ဏစိုး။ သူများမဲဆွယ်ကောင်းတာနဲ့ သုံးသိန်းရင်းသတဲ့။
"မိုက်သာဟာ ကောင်လေးရာ ငါအတန်တန်တားတဲ့ ကြားက လုပ်ဖြစ်အောင်ကို လုပ်တယ်နော"
"အရင်းပဲ ဦးဇင်းရ ဒီပစ္စည်းတွေက သုံးသိန်းဖိုး တန်နေတာပဲ၊ သူတို့ ပြောသလို ဖြစ်သွားရင် ကိုယ်က ကြီးပွားမှာ"
ဓီ ရတ္တု ဝတ ရေ အဉာဏံ တဲ့။ လူသားအားလုံးထဲမှာ ဘုရားအမုန်းဆုံး လူတစ်ယောက်ရှိတယ်။ အဲ့ဒါက လူအတဲ့။ ရင်းလိုက်ရတဲ့ ပိုက်ဆံကို နှမြောလို့ ပြောနေတာ မဟုတ်ဘူး။ လူအဖြစ်ရတာကို ရင်နာလွန်းလို့ တားနေတာ ဝဏ္ဏစိုးရ။ MLM အနှစ်ချုပ်က လူအ ရှာရတာ။
တေဇောလေးဆီက စိတ်မပါဘဲ လက်ဘက်ရည်အလကားညစ်သောက်ခဲ့တဲ့ အကျိုးတွေ ပေးပြီထင်ပါရဲ့။ MLMအဖွဲ့ အကြီးကြီးနဲ့ တိုးပြန်တယ်။ ထွန်းထွန်းတဲ့။ မောင်သားအေးည သူငယ်ချင်းပါဗျာ။ ဦးဇင်းကျောင်းမှာ နေပြီး ကုမ္ပဏီမှာ အလုပ် လုပ်ချင်လို့တဲ့ လက်ခံထားလိုက်ဦးဆိုတာနဲ့ လက်ခံထားလိုက်တယ်။ စကားလုံးလေး လှသနော။ ကုမ္ပဏီမှာ အလုပ်လုပ်တာ။ သူဖတ်နေတဲ့ စာအုပ်တွေ ယူဖတ်ကြည့်တော့မှ ကဲ ကြည့်စမ်း ကြည့်စမ်း။ ငါ့အချစ်တော် ဟောင်းကြီး MLMကြီးပဲ။
ထွန်းထွန်းနဲ့က သက်တူရွယ်တူလည်း ဖြစ်ပြန် ယောက်ျားလေးချင်းလည်း ဖြစ်ပြန်မို့ ပဝါမရှု ရေမကူကြေး အသဲအသန်ကို တားတယ်။ မရပါ။ ကြာတော့ သူနဲ့ ကိုယ်နဲ့ ရန်သူလိုကို ဖြစ်လာတယ်။ ကွယ်ရာမှာ ပြောသတဲ့။ ဦးဇင်းက တစ်ကြောင်းတိုက်သမားတဲ့ အတ္တကြီးသတဲ့ သူသိတာ သူပြောသတဲ့။ ချိုတူး ပြန်ပြောပြလို့ သိခဲ့ရတာ။ ထွန်းထွန်းရေ မင်းထိုက်နဲ့ မင်းကံ။ ငါက လူလည်။ တားမရမည့် အတူတူ မတားတော့ပါ။ လှိမ့်မြှောက်ပေးတယ်။ ချကွ။ ငါ့ညီ။
မကြာပါဘူး။ ထွန်းထွန်းက သူ့ဈေးကွက်ကို ချဲ့ထွင်တော့တယ်။ ချိုတူးနဲ့ မျိုးကိုက မျက်နှာလိမ်းဈေးတွေ ထွန်းထွန်းဆီက အားပေးတယ်။ ကိုယ်က ကော်ဖီမစ်တွေ ဖောက်သည်ဈေးနှင့် ဝယ်သောက်တယ်။ တစ်ဗူးကို နှစ်သောင်းတဲ့။ ထွန်းထွန်းအတွက် ဖောက်သည် သုံးယောက်ကြီးများတောင် ရသွားရှာပြီ။ ထပ်ချဲ့တယ်။ ကုံလုံဘက်ထိ ရောက်သွားတယ်။ ရိုးရိုးသားသား ရှမ်းတွေ ပလောင်တွေ မ,ချလာတယ်။ စုစုပေါင်း ဆယ့်ခြောက်ယောက်လောက် ရှိတယ်။ အားလုံး ထွန်းထွန်း လက်အောက်မှာ။ သူ့ကုမ္ပဏီထဲ ထပ်သွင်းတယ်။ ရှမ်းလေးတစ်ယောက် နာမည်က မောင်သန်းတဲ့။ လူကဲခတ်ရတယ်။ အခြားလူတွေက ငွေလုံးငွေရင်းနဲ့ ဝင်တာ။ မောင်သန်းက ရောင်းအားနဲ့ ဝင်မှာ။ မောင်သန်း မင်း ပိုက်ဆံဘယ်လောက်ပါလဲဆိုတော့ တစ်ပြားမှ ပါဘူးတဲ့။ ကိုထွန်းက ငွေသွင်းပေးမှာတဲ့။ အေး ကောင်းတယ်။ ကောင်းတယ်။
နောက်ပိုင်း မောင်သန်းနဲ့ အတော်ရင်နှီးသွားတယ်။ လူရိုးလေး။ သဘောကောင်းတယ်။ မင်းတို့က ကုံလုံမှာ ဘာလုပ်တာလဲ မေးကြည့်တော့ ဘိန်းစိုက်တာတဲ့။ အမလေးဗျာ အမလေးဗျာ။ အခုMLMက ဘိန်းစိုက်တာထက် မြတ်ဦးမလားဟ မောင်သန်းရ။
“မြတ်တယ်ဘုရား”
“ဘိန်းစိုက်တာက အရမ်းပင်ပန်းတယ်”တဲ့။ သူပြောပြမှ ဘိန်းစိုက်ရတာ စပါးတောင်သူထက်တောင် ပန်ပန်းတယ်ဆိုတာ သိတော့တယ်။ ဟုတ်သာပေါ့။ MLMက ဘိန်းစိုက်တာထက်တောင် မြတ်သတဲ့။ လုပ်ကြည့်ကြပေါ့လေ။ နှစ်လလောက်နေတော့ ထွန်းထွန်းတို့ တစ်ဖွဲ့လုံး ပြောက်သွားတယ်။ မောင်သန်းဆီ ဖုန်းဆက်ကြည့်တယ်။
“မောင်သန်း မင်း ဘယ်ရောက်နေလဲ”
“ကုံလုံမှာဘုရား”
“ဘာလုပ်နေလဲဟ”
“ဘိန်းပြန်စိုက်နေတာဘုရား”
“ဟား ဟား ဟား မာတီ လယ်ဘယ် နက်ဝပ် မာတ်ကက်တင်းကြီးက အဆင်ပြေဘူးလားဟ”
“ထွန်းထွန်းဆိုတဲ့ကောင်ကို သတ်ချင်နေတာဘုရာ့” တဲ့။
MLMနှိပ်စက်လို့ မွဲသူတွေ များလှပြီ။ အထူးသဖြင့် ရိုးရိုးသားသား တောသူတောင်သားတွေ။ အခြေခံလူတန်းစားတွေ။ ဆုတောင်းပြည့်တယ်။ အင်းဝစက်ချုပ်ဆိုင်ကိစ္စလိုပဲ ဥပဒေဘောင်အတွင်းက အရေးယူနိုင်အောင် ပြင်ဆင်နေကြပြီ။ ဟုတ်တယ် MLMသမားတွေ ခွေးကျဝက်ကျ ကျတော့မယ်။ အထိနာကျတော့မယ်။ မျက်စိထဲ ဘာကြီးတန်းမြင်လာလဲဆိုတော့ ကိုဂျိုးဆက် မျက်နှာကြီး။ သူ့မျက်နှာကြီး ပေါ်လာတော့ သူ့ကို သနားစိတ် ဝင်သွားပြန်ရော။
ဘယ်လိုကြီးလဲ ဦးဇင်းရဲ့။ ခုနကတော့ သတ်ချင်တာဆို အခုကြ သနားသာဆို။ ဘုရားဟော ပါဠိလေး သတိရသွားလို့ပါဗျာ။ နိဂုံးသတ် ဘုရားစကားလေး မပြောခင် ကိုဂျိုးဆက် အကောင့်ရှိတယ်။ ဝင်ဖတ်ကြည့်။ သူ့ခမျာ တကယ် အလုပ်လုပ်ခဲ့တာနော။ သူယုံကြည်ရာ ဒီMLMကြီးအတွက် မနေမနားကို ကြိုးစားခဲ့ရှာတာ။ သူ့ဝေါမှာ အချိန်လိုက် လုပ်ငန်းအကြောင်း ဟောပြောပွဲအကြောင်းတွေ ရှိတယ်။ တကယ်ကို မနေ မနားပါပဲ။ အခုလား ဥပဒေလာတော့မယ်။ သူ့ကြိုးစားမှုတွေ သဲထဲ ရေသွန်ဖြစ်တော့မယ်။
ဘယ်ဘုရားဟောပါဠိကို သတိရမိတာလဲ။ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ပါတာ။ ဒီသဘောကို ယူပြီး ဆရာဦးဖေမြင့်က "ခြင်တစ်ကောင်"ဆိုလား နှလုံးသားအာဟာရမှာ ရေးဖူးတယ်။ ရှေ့မှာ မှန်ရှိနေမှန်း မသိဘဲ ဇွတ်တိုးနေတဲ့ ခြင်တစ်ကောင်အကြောင်း။ နည်းစနစ်မှားနေတဲ့အတွက် သူ့အားထုတ်မှုက အလကားဖြစ်နေတယ်။ မြန်မာစကားပုံ "စောစော အိပ်တန်းဆင်းတဲ့ ကြက်, သူခိုးစာမိတတ်တယ်"ဆိုတာနဲ့လည်း တူတယ်။ ကြိုးစားတိုင်း ဘုရားမဖြစ်ဘူး။ ငနုချောင်းမှာ သုံးနေတဲ့ စကားလုံးကတော့ ကြက်တွေ ကောက်တိုင်း ဇလုပ်ပြည့်နေရင် ကွဲထွက်သွားမှာပေါ့တဲ့။
ဟုတ်တယ်။ ဘုရားကလည်း အကျိုးရှိသော ကြိုးစားခြင်း, အကျိုးမရှိသော ကြိုးစားခြင်းဆိုပြီး ဟောခဲ့တာ။ နေရာမှားလာတဲ့ မြည်းတစ်ကောင်လိုပဲ။ ဘုရားဟောတဲ့ ကြိုးစားမှုမှားက ပိုအဆင့်မြင့်တယ်။ ဖတ်ကြည့်ပြီး နားလည်မယ် ထင်ပါတယ်။ မူရင်း ပါဠိရော မြန်မာပြန်မှာ ကူးပေးပါ့မယ်။
၃၁၆. ‘‘ဒုရက္ခါတေ, ဘိက္ခဝေ, ဓမ္မဝိနယေ ယော အာရဒ္ဓဝီရိယော သော ဒုက္ခံ ဝိဟရတိ။ တံ ကိဿ ဟေတု? ဒုရက္ခါတတ္တာ, ဘိက္ခဝေ, ဓမ္မဿာ’’တိ။
၃၁၇. ‘‘သွာက္ခါတေ, ဘိက္ခဝေ, ဓမ္မဝိနယေ ယော ကုသီတော သော ဒုက္ခံ ဝိဟရတိ။ တံ ကိဿ ဟေတု? သွာက္ခါတတ္တာ, ဘိက္ခဝေ, ဓမ္မဿာ’’တိ။
၃၁၆။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင်သူသည် ထက်သန်သော လုံ့လရှိ၏၊ ထိုသူသည် ဆင်းရဲစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၉)
၃၁၇။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင်သူသည် ပျင်းရိ၏၊ ထိုသူသည် ဆင်းရဲစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။
ရမ်းမလုပ်ကြနဲ့။ ပညာမပါတဲ့ ဝီရိယက အထိနာစေတတ်တယ်။