Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 8, 2017

FillyMor ဖြေရတာမောတဲ့ဆေး ဒေါက်တာတင့်ဆွေ



FillyMor ဖြေရတာမောတဲ့ဆေး
အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့လိုက်ပြီဆိုတော့ ဆန္ဒပြခံရမှာ အရင်လောက်တော့ ကြောက်စရာ မရှိလောက်တော့ဘူးထင်ရလို့ ကြော်ငြာဆေး ထပ်ရေးအုံးမယ်။ အခုပဲရောက်လာတဲ့ မေးခွန်းရှိလို့ပါ။
ဆရာ ကျွန်မ အသက် ၄၂ နှစ်ပါ ကလေး၂ ယောက်ရှိပါတယ်။ အငယ်က ၂ နှစ် ၂ လပါ။ ကျွန်မ အဲဒီဆေး သောက်သင့်ပါသလား ပြောပေးပါနော်။
သားအိမ်အလုံးအကြောင်းအောက်မှာ ဆေးလာရောင်းပါတယ်။
• Htut Tha Khin Fillymor ကိုသောက်ကြည့်ပေါ့ အလုံးတည်ရင်
• Tint Swe မပျောက်မှာ သေချာပါတယ်။ ဆောရီး။
ချဲလင့်အလုပ်က ခံရသေးတယ်။
• Htut Tha Khin ဘာကြောင့်လည်း ပြောကြည့်လေ Fillymor က အမျိုးသမီးတိုင်းရဲ့ပါးစပ်မှာ ရေပန်းစားနေတာလေ မပျောက်ဘူးလို့ဘယ်သူပြောတာလည်း ပြောပြပေးပါလား.... Fillymor ကိုထုတ်လုပ်ထားတဲ့ Dr. ဆစ်ထရီက တော်ရုံ ဆြာဝန်တော့ မဟုတ်ဘူးနော်..
မေးခွန်းနမူနာ ဒီဆေးလောက်များတာမရှိဘူး။
၁။ မင်္ဂလာပါဆရာ။ သမီး မေးချင်တာလေးရှိလို့ပါ။ အယ့်ဆေးက အွန်လိုင်းမှာ ကြော်ငြာတာတွေ့လို့ပါ။ သမီးက မိန်းမကိုယ် အတွင်းဘယ်ဘက်တခြမ်းက တပတ်ကို တခါနှစ်ခါ ယားတယ်ဆရာ။ ကန်တော့ဆရာ အရင်တုန်းက အဖုလေးတွေ ပေါက်တယ်ဆရာ။ အခုတာ့သက်သာတယ်။ အခုက ယားတာမပျောက်ဘူးဆရာ။ အခုပြထားတဲ့ ဆေးကို ဆရာဝန် ညွှန်ကြားချက်မပါဘဲ သောက်လို့ရပါ့မလားဆရာ။ သမီးအခုလက်ရှိဖြစ်နေတာနဲ့ ရော သက်ဆိုင်ပါသလားဆရာ။
၂။ ဆရာရေ တစ်ခုလောက်မေးချင်လို့ပါ။ ရင်သွေးရလိုသူများအတွက်ဆိုပြီးညွှန်းတဲ့ Fillymor (အမျိုးသား)၊ Covermor (အမျိုးသမီး) အဲဒီဆေးတွေက သောက်သုံးလို့ရပါလားရှင့်။ သောက်ရင် အခြားဘေးထွက် ဆိုးကျိုးတွေရော ရနိုင်ပါလားရှင်။
၃။ ဒီကြော်ငြာထဲကဆေးက သောက်လို့ရပါသလားရှင်။ သမီးက ကလေးအရမ်းလိုချင်တော့ ကလေးရဖို့ အမျိုးသားရော အမျိုးသမီးရော ဘာဆေးတွေသောက်ဖို့လိုဘဲရှင်။ သမီးက ၂၁ နှစ် အမျိုးသားက၂၅ ပါ။ သမီး ၁၈ နှစ်တုန်းက သားအိမ် ခြစ်ဖူးပါတယ်။့။့။
၎။ ဆရာရှင့် success more ကထုတ်တဲ့ဆေးတွေအကြောင်း သိချင်ပါတယ်။ ရာသီမမှန်ပါဘူး။ အပျိုဖော်ဝင် ကတည်းကပါ။ တခါတလေ နှစ်လမှတခါ သုံးလမှတခါ လာပါတယ်။ ကွှန်မအသက်က ၃၅ ပါ။ ဒီဆေးကို စမ်းသောက်ကြည့်ချင်ပါတယ်။ ကျေးဇူးပြု၍အကြုံပြုပေးပါရှင့်။ ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်ရင်ဖြေပေပါရှင်။
၅။ ဒီဆေးက မိန်းကလေးတွေ တကယ်သောက်သင့်တဲ့ဆေး ဟုတ်ပါသလားရှင့်။ Side effect ရှိမရှိ သိချင်လို့ပါ။
၆။ ဆရာရှင့် ခုခေတ်စားနေတဲ့ ဖီလီမော်ဆေးက ကောင်းမကောင်းသိချင်ပါတယ်ရှင်။ ဆေးဝါထောက်ခံချက် FDA ရပြီးသားပါရှင့် အမျိုးသမီးတွေတွက် ကောင်းတယ်ဆိုလို့ ကိုယ်တိုင်လည်သောက်သုံးနေလို့ ရှင်းပြပေပါရှင့်။
၇။ အခုခေတ်စားနေတဲ့ FillyMor ဆိုတဲ့ ဆေးလေးအကြောင်း ဆရာ့ ထင်မြင်ချက်လေး သိချင်လို့ပါရှင့်။ အဲ့ဒီ fillymor က မိန်းကလေး သားအိမ်ကိုအားပြုပေးတယ်၊ ကလေးရအောင်လဲ စွမ်းဆောင်နိုင်တယ်၊ မိန်းကလေး ဟော်မုန်းကိုလဲ ထိန်းညှိပေးတယ်ဆိုပြီး နံမည်ကြီးနေလို့လေ။ ထိုင်းက ပါရဂူ ဆရာဝန်ကြီးကိုယ်တိုင်ထုပ်လုပ်ပြီး မြန်မာနိုင်ငံ တရားဝင် ရောင်းချခွင့် လုပ်ငန်းလိုင်စင်လဲ ရှိထာတယ်လို့တော့ ပြောတယ်ဆရာ။ ဒါပေမယ့် အဲ့ဒီဆေးရဲ့ အာနိသင်ကို ဆရာ့ထင်မြင်ချက်လေး သိချင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။
၈။ ဆရာရေ မင်္ဂလာပါ Online က ကြော်ငြာတဲ့ဆေးတွေက စိတ်ချရပါသလားရှင်။ သမီးရဲ့ သူငယ်ချင်းက သားအိမ် ပြန်ကျဉ်းတဲ့ဆေး Fillymor ကိုသောက်ချင်လို့ပါတဲ့။ ဘေးထွက်ဆိုးကျိုးတွေရော ရှိနိုင်ပါသလား ဆရာ။
၉။ ဒီဆေးက မိန်းကလေးတွေတကယ်သောက်သင့်တဲ့ဆေး ဟုတ်ပါသလားရှင့်။ Side effect ရှိမရှိ သိချင်လို့ပါ။
၁ဝ။ ဒီကြော်ငြာထဲကဆေးက သောက်လို့ရပါသလားရှင်။ သမီးက ကလေးအရမ်းလိုချင်တော့ ကလေးရဖို့ အမျိုးသားရော အမျိုးသမီးရော ဘာဆေးတွေသောက်ဖို့လိုဘဲရှင်။ သမီးက ၂၁ နှစ် အမျိုးသားက၂၅ ပါ။ သမီး ၁၈ နှစ်တုန်းက သားအိမ် ခြစ်ဖူးပါတယ်။
၁၁။ ဆရာရှင့် သမီးတစ်ခုလောက်မေးချင်လို့ပါ မေးခွင့်ပြုပါဆရာ။ Online မှာကြော်ငြာထားတဲ့ ဖလီမောလ် ၊ ကာဗာမောလ် ဆေးအကြောင်းလေးပါဆရာ။ အဲ့ဆေးတွေသောက်ရင် ကလေးရဖို့လွယ်ကူတယ်လို့ ကြားဖူးလို့ပါ။ သောက်သင့် မသောက်သင့် သမီးကိုညွှန်ပြပေးပါဆရာ။ ဝယ်သောက်ဖို့ဆိုတာလဲ မယုံရဲလို့ပါဆရာ။ သမီးကိုဖြေပေးပါနော်။ ဆရာ့ကို အားကိုးယုံကြည်လို့မေးလိုက်မိတာပါဆရာ။
ဖတ်ရတာတော့ မမောကြပါနဲ့။ မေးအားအလွန်ကောင်းလို့ ဖြေတာကိုမောလှပြီ။ ကြော်ငြာအားကောင်းလို့ပါ။ အဆုံးမှာ ဖေ့စ်ဘွတ်မှာတင်ရတဲ့ ရက်စွဲတွေထဲကများလို့ မှတ်ထားဖြစ်တာလောက်သာရေးနိုင်တယ်။ မက်ဆေ့ခ်ကနေဖြေရတာဆို မှတ်မထားနိုင်တော့ပါ။ စာမတင်ခင် ဒီစာခေါင်းစဉ်ဖတ်ပြီး ဘယ်မှာဝယ်ရမယ်လို့ မမေးပါနဲ့ချင်ဗျားလို့လည်း ရေးရသေးတယ်။ ကြော်ငြာဆေးပါပြောရင် ဘယ်မှာဝယ်ရ၊ ဘယ်လောက်သောက်ရ မေးကြပြီ။ မိန်းကလေးတွေက ဒီဆေးကို အလွန့်အလွန်မေးကြတယ်။ ယောက်ျားလေးတွေက ကယ်လ်စီယမ်အရပ်ရှည်ဆေး အမေးများကြတယ်။ ၆ လအတွင်းမှာ အနည်းဆုံး ၂ဝ ယောက်စီကျော်ပြီ။ အခုလည်းလာပြန်ပြီ။ မေးခွန်းနမူနာ ဒီလောက်သာထည့်ပါမယ်။
FillyMor ဟာကြော်ငြာဆေးသာဖြစ်ပါတယ်။ ထိုင်းနဲ့ မြန်မာ ၂ ဘာသာနဲ့ ဝဘ်ဆိုက်လုပ်ထားတယ်။ ခိုင်မာပြီး အများလေးစားလောက်တဲ့ ဆေးသုတေသန မတွေ့ပါ။ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေကို တိတိကျကျမပြောနိုင်ပါ။ ဆေးကြော်ငြာ ဖေ့စ်ဘွတ်မှာ Fillymor FinFin - Vitamins/Supplements လို့ရေးထားတယ်။ FDA ခေါ်တဲ့ ဆေးဝါးနဲ့ အစားအသောက်အာဏာပိုင်အဖွဲ့ သတ်မှတ်စည်းကမ်းကနေလွတ်အောင် အဲလို ဗီတာမင်နဲ့အာဟာရ အမျိုးအစား လုပ်ကြတာဖြစ်တယ်။ အမေရိကားနဲ့ ဥရောပမှာလည်း အဲလိုပဲ။ အဲလိုရောင်းကုန်တချို့ကို ဆေးကုမ္ပဏီကဆေးတွေ ပြန်သိမ်းတဲ့သတင်း တင်လိုက်သေးတယ်။ ဆေးနဲ့ဆိုင်တာကို FDA ကနေစိစစ်ရပေမယ့် အဲလိုရောင်းကုန်ကို ဆေးဝါးစာရင်းအနေနဲ့ လျှောက်လွှာမတင်ပဲ ဖြည့်စွက်ကုန်လို့တင်ရင်လွတ်တယ်။
ကွန်မင့်ရေးသူရဲ့ဖေ့စ့်ဘွတ်မှာဖတ်ကြည့်ပါတယ်။ သားအိမ်၊ ရင်သား၊ မျိုးဥအိမ်၊ မိန်းမကိုယ်၊ မီးယမ်၊ ရာသီ၊ ဝက်ခြံ၊ တင်းတိတ်၊ အိပ်မပျော်၊ ဆဲအသေ၊ အသားအရေ၊ သားသမီးမထွန်းကား၊ အဖြူဆင်း၊ အနံ့မကောင်း၊ အနာပေါက်၊ ယားယံ။ သွေးပုပ်၊ ရေအိတ်၊ ကင်ဆာ အကုန်လုံးကိုပျောက်စေလို့ရောထားတာကိုဖတ်ရပါတယ်။ ဆေးကတော့တမျိုးတည်းပါ။
ကလေးရဖို့မေးသူ၊ ရင်သားလှဖို့မေးသူ၊ သားအိမ်ကောင်းဖို့မေးသူ၊ ဒီသုံးမျိုးက တခြားစီဖြစ်တယ်။ တင်းတိတ်နဲ့ ဝက်ခြံတွေလည်းပါတယ်။ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်မယ်အထိပါလာတယ်။ ဖြစ်စေတဲ့အကြောင်းတွေက တခြားစီ။ ဆေးတမယ်တည်းနဲ့ပျောက်မယ်လို့ ဝယ်ချင်သူအမျိုးမျိုးကို လွတ်မထွက်အောင် ဆွဲဆောင်တာသာ ဖြစ်ပါတယ်။ မေးတဲ့သူနဲ့ မေးတဲ့သူရဲ့သူငယ်ချင်းမှာ အခြေခံခြင်း တူပါသလား။ အပျိုနဲ့ အအို၊ ရာသီမှန်သူနဲ့ မမှန်သူ၊ ရိုးရိုးမွေးနဲ့ ခွဲမွေး၊ ပိန်သူနဲ့ ဝသူ၊ ရောဂါရှိသူနဲ့ မရှိသူ၊ အိမ်ထောင်ကျကာစနဲ့ သွေးဆုံးပြီး၊ ကလေးအမွေးများထားသူ၊ ကလေးရချင်နေသူ၊့သူနဲ့သူ။့သူနဲ့သူ။
ဆေးကြော်ငြာတွေထဲက မိန်းကလေးတွေဟာ ဆေးမထုတ်ခင်ကတည်းက လှနေတာဖြစ်ပါတယ်။ ဆေးအကြောင်းလဲ သိကြသူတွေမဟုတ်ပါ။ အသားဖြူဆေးကြော်ငြာမိန်းကလေးက ဆေးမပေါ်ခင်ကတည်းဖြူပြီးသား။ ဆရာဝန်ဆိုတာ ဆေးကိုကောင်းမကောင်းပြောရင် ဆေးထဲမှာ ဘယ်လိုဓါတ်တွေပါသလည်း။ အဲတာတွေရဲ့ ဆေးစွမ်းနဲ့ ဘေးထွက် ဆိုးကျိုးတွေကို ဆေးသုတေသနနဲ့ လေ့လာဆန်းစစ်မှုအရသာ ပြောရတယ်။ သက်သေခံချက်ဆိုတာတွေ ကြော်ငြာဆေးတိုင်းမှာ ဘယ်သူကတော့ ဘယ်လိုကောင်းပါတယ်လို့ပါတာကိုတော့ အတည်မယူသင့်ပါ။ သူများ စီးပွါးရေးကိုတော့ ထိခိုက်စေချင်တာမဟုတ်ပါ။ ဆရာဝန်တွေက ဘာပြောပြော ကြော်ငြာသာအားကိုးသူကမရှားလို့ လုပ်စားသူများ စိုးရိမ်စရာမရှိကြပါ။
ပုံကို အယဉ်ကျေးဆုံးတခုကိုသာ ယူသုံးပါတယ်။ Filly Mor ฟิลลี่มอร์ – YouTube ကိုဝင်ကြည့်ရင်တော့
ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၅
၂ဝ-၅-၂ဝ၁၅
၂၃-၅-၂ဝ၁၅
၂-၆-၂ဝ၁၅
၁၆-၆-၂ဝ၁၅
၂၅-၆-၂ဝ၁၅
၃-၇-၂ဝ၁၅
၂၁-၇-၂ဝ၁၅
၂၁-၇-၂ဝ၁၅
၁၆-၉-၂ဝ၁၅
၁-၁၂-၂ဝ၁၅
၁-၁-၂ဝ၁၆
၂၇-၆-၂ဝ၁၆
၁၅-၇-၂ဝ၁၆
မှတ်ထားနိုင်သလောက် မေးခွန်းနဲ့ နေ့စွဲတွေသာဖြစ်ပါတယ်။ သုံးခဲ့သူတွေဆီက အဆင်မပြေတာ မထူခြားတာတွေလည်း ရှိတယ်။ မှတ်ထားချိန်မရလို့ပါ။ ဆောရီး။