Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

ကျနော် MLM စနစ်ကို 2006 ခုနှစ် ကတည်းက လေ့လာခဲ့ဖူးပါတယ်။



ကျနော် MLM စနစ်ကို 2006 ခုနှစ် ကတည်းက လေ့လာခဲ့ဖူးပါတယ်။
G .. .. , T.. .. စတဲ့ ကုမ္ပဏီတွေမှာ မိသားစုလိုက် ဝင်ပြီးလှုပ်ရှားခဲ့ဖူးပါတယ်။
ကျနော်တို့ဟာ သူများအိမ်တံခါးလိုက်ခေါက်ပြီး (တင်စားတာနော်) ဘယ်သူမဆို သိပြီးဖြစ်တဲ့ လေဆာသွားတိုက်ဆေးနဲ့ စူပါကော်ဖီမစ်ကို သွားရောင်းနေရတာ မဟုတ်ဘူး။
ကိုယ့်ပစ္စည်းကို ကိုယ်ကိုတိုင် တကယ် မယုံကြည်ပဲနဲ့ တစ်ဖက်သားလက်ခံလာဖို့ ပါးစပ်အမြှုပ်ထအောင် ရှင်းပြနေရတယ်။
မျက်နှာသိပ်ငယ်တယ်၊ အောက်ကျတယ်။ ထမင်းစားနေတာစောင့်ရ၊ ရေချိုးနေတာစောင့်ရ၊ ဘုရားရှိခိုးနေတာစောင့်ရ၊ တမင်လုပ်နေမှန်း သိသားပဲ။
မျှော်လင့်ချက်လေးနဲ့ သီးခံနေရတာပါ။
ဆယ်ယောက်မှာ တစ်ယောက်လောက် အားနာပါးနာ နားထောင်ပေးရင် ကံကောင်းတာပဲ။
အောင်မြင်နေတဲ့ အထက်လိုင်းတွေကိုလည်း အရမ်းအားကျခဲ့တယ်။ သူတို့အရည်အသွေးကို လေ့လာကြည့်တယ်။
သူတို့ရဲ့ Personality သိပ်ကောင်းတယ်၊ ပြောဟန်ဆိုဟန် မှင်မောင်းကောင်းတယ်၊ သူတို့ OPP ပြောပြီဆိုရင် လက်ခုပ်တဖြောင်းဖြောင်းနဲ့၊ ကျနော်တို့လည်း အားတွေ သိပ်ရှိခဲ့တာပေါ့။
ဟန်းဖုန်းတစ်လုံး သိန်းလေးဆယ်ပေးရတဲ့ ခေတ်ကတည်းက ဖုန်းလေးကို တဝင့်ဝင့်နဲ့ စကားပြောလည်းသိပ်ကောင်း၊ ဆွဲဆောင်မှုလည်းရှိတယ်။ သူများ နားထောင်ချင်အောင်လည်း ပြောတတ်တယ်။
ဟောပြောပွဲလည်းပြီးရော နားထောင်နေတဲ့ လူအုပ်ကြီးကို သူ့လိုင်းထဲ ရလိုက်ပါလေရော။
ကျနော်ခေါ်သွားတဲ့ ကျနော့်မိတ်ဆွေတစ်ယောက် အစက စိတ်မဝင်စားတော့ဘူး ထင်နေတာ နောက်ပြန်တွေ့တော့ အပြောကောင်းတဲ့ဆရာရဲ့ လိုင်းထဲရောက်နေပြီဆိုတာ သိရတယ်။
MLM မှာ အဲလို ပြဿနာတွေလည်း ကြုံခဲ့တယ်။ ညာလို့်မရပါဘူး။
အဲ့ဒီတော့ အပြောကောင်း အဆွယ်ကောင်းတဲ့သူတွေပဲ အောင်မြင်ကြတာပေါ့။
တချို့က MLM လိမ်တယ်တဲ့။
မင်းတို့အလိမ်ခံနေရတာတဲ့။
ကျနော်အယူအဆကတော့ MLM မလိမ်ပါဘူး။
လိမ်တယ်ဆိုတာ ကတိမတည်တာ၊ ပြောတဲ့အတိုင်းလုပ်မပေးတာ။
MLM စနစ်က လူသစ်ဘယ်နှယောက်ရှာနိုင်ရင် ဘယ်လောက်ပြန်ရမယ် ပြောတယ်။
အမှတ်ဘယ်လောက်ထိန်းရင် ဘယ်မျှ Bonus ရမယ်ပြောတယ်။ ပြောတဲ့အတိုင်း လုပ်နိုင်ရင် တကယ်ပေးကြတာပဲလေ။ ဘယ်မှာလိမ်လို့လဲ။
အဲ့ဒီတော့ ဘယ်လိုလုပ်ပြီး လိမ်လည်မှုနဲ့ တရားစွဲလို့ရမလဲ။
ပြောတော့မယ်နော်။ ထောင်ချောက်။
ကိုယ်က Member စဝင်မိပြီဆိုရင် ကိုယ့်တာဝန်က လူသစ်ရှာ၊ အမှတ်ထိန်း ပေတော့ပဲ။ MLM က အမှတ်ထိန်းတာထက် လူသစ်ရှာတာကို ပိုလိုလားတယ်။ ကိုယ်က ပိုက်ဆံတတ်နိုင်လို့ ဘယ်လောက် အမှတ်ထိန်းထိန်း လူသစ်မရှာပေးနိုင်ရင် (သို့မဟုတ်) ကိုယ့် network မှာ member အသစ် တိုးမလာရင် လုံးဝ ရာထူးတိုးမပေးဘူး။ ရာထူးကြီးလေလေ Bonus percentage များလေလေဆိုတော့ ရှာပေတော့ သားကောင်။
MLM ကုမ္ပဏီတွေက တစ်ခုနဲ့တစ်ခု Bonus plan မတူကြပေမယ့် အခုပြောတဲ့ ထောက်ချောက်က သီအိုရီ အတူတူပါပဲ။
နို့မို့ဆို သူတို့လည်း ဘယ်ကပိုက်ဆံနဲ့ အမြတ်ခွဲပေးနိုင်ပါ့မလဲ။
မြန်မာပြည်က မြို့နေလူအများစုဟာ MLM ခဲမမှန်ဖူးတဲ့သူ မရှိသလောက် ဖြစ်သွားပါပြီ။ MLMကို သူတို့ လန့်နေကြပြီ။
MLM ရဲ့ ပစ်မှတ်က စီးပွားရေး စလုပ်ချင်နေတဲ့ အသက် ၁၈နှစ်ဝန်းကျင် လူငယ်တွေရယ်၊ MLM အကြောင်း မကြားဖူးသေးကြတဲ့ ကျေးလက်နေ ပြည်သူတွေရယ်ပဲ ရှိတော့တယ်။
ဆယ်တန်းအောင်တဲ့ ကျောင်းသားတိုင်း အများစုက ဆရာဝန်နဲ့ အင်ဂျင်နီယာ ဖြစ်ချင်ကြတာချည်းပါပဲ။
ဒါပေမယ့် ...
ကျောင်းသားတိုင်း ဆရာဝန် အင်ဂျင်နီယာ မဖြစ်ကြဘူး။ ဖြစ်မလာကြဘူး။
ဆရာဝန် အင်ဂျင်နီယာ မဖြစ်တဲ့ ကျောင်းသားတွေက ညံ့လို့မဟုတ်ပါဘူး။
တစ်မှတ် နှစ်မှတ်နဲ့ ကပ်ပြုတ်သွားရင် ညံ့တယ်လို့ပြောကြမှာလား။
အဲဒါ စနစ်ကြောင့် ခင်ဗျ။ စနစ်ကြောင့်။
သေချာ စဉ်းစားကြည့်ကြပါ။
MLM လည်း ထို့အတူပဲ။ Multi Level ဆိုတဲ့အတိုင်း လူတိုင်းကို အချိန်နဲ့ တပြေးညီ ထိပ်ဆုံးကိုရောက်ခွင့် ပေးမထားဘူးလေ။ သူ့အောက်မှာ ဘယ်အချိန်ပဲ ဖြစ်ဖြစ် level အဆင့်ဆင့်က ရှိကိုရှိနေရမယ်။
ဒီတော့ ထိပ်ကို ရောက်ချင်လေလေ၊ level များများလိုလေ၊ လူသစ်များများ လိုလေဖြစ်လာတာပါ။
ဒါ ကမ္ဘာနဲ့အဝှမ်းကျင့်သုံးနေတဲ့ MLM စနစ်ပါ။ ငြင်းမရတဲ့ အမှန်တရားပါ။
အဲဒီတော့ လူများများ လိုလာပါတယ်။ သားကောင် လိုလာပါတယ်။
ကိုယ်လည်း မတော်တဆ နားယောင်ပြီး member ဝင်မိလို့ ရင်းနှီးမြှုပ်နှံမိပြီဆိုရင် ရှာပေတော့ သားကောင်။
(ရေတွင်းထဲပြုတ်ကျတယ်ဆိုတာ ဒါကို ဥပမာပေးတာပါ)
အဲဒီမှာ ကုမ္ပဏီတွေက လူသစ်ရှာနည်း (စွမ်းရည်မြှင့် သင်တန်း) တွေပေးပါတယ်။
Personality ကောင်းသူ၊ ဟောမှုပြောမှု ဝါသနာပါသူ၊ ဥပဓိရုပ်ကောင်းသူတွေကို သင်တန်းတာဝန်ပေးပါတယ်။ ဝါသနာလည်းပါ cele လည်းဖြစ် ဆိုတော့ ကိုယ်လည်းကြိုက်၊ ကုမ္ပဏီလည်းကြိုက်ပေါ့။
မဟောပြောပေးချင်လို့ ငြင်းဆန်တယ်လို့ မကြားမိပါ။
Key လေးတွေမိနေတာနော်။
ဒီလိုလူတွေကို များများ ပွဲထုတ်နိုင်လေလေ member များများရလေပဲ။
အဲဒီမှာ ကျနော်တို့လို ဘယ်လောက်သင်ပေးပေး အဟောအပြော ဝါသနာမပါသူ၊ အားနာတတ်သူ၊ သူများကျလောက်အောင် မပြောတတ် မဆိုတတ်သူတွေနဲ့ အဲဒီဘက်မှာ ပါရမီမပါတဲ့ သူတွေဟာ အောင်မြင်သူများရဲ့ အနင်းခံဖြစ်လာပါတယ်။
အနှစ်ချုပ်ပါမယ်။
MLM လုပ်စားချင်ရင် ကိုယ့်ပစ္စည်းကို ကိုယ်ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဘတ်စ်ကားပေါ်၊ ရထားပေါ်မှာ လျက်ဆားရောင်းတဲ့ သူရဲ့ လေမျိုးရှိရပါမယ်။
OPPကို အိုးနင်းခွက်နင်းနဲ့ ခွေးအကြီး လှည်းနင်းခံရသလို သွားပြောလို့မရပါဘူး။
မျက်လှည့်ဆရာလို မှင်မောင်းကောင်းကောင်းနဲ့ လူတစ်ဖက်သားကို အစအဆုံး ဆွဲဆောင်နိုင်ရပါမယ်။
လူအထင်ကြီးဖို့အောင် ပြင်ဆင် ဝတ်စားထားဖို့လည်း လိုပါလိမ့်မယ်။
အိမ်နေရင်း အဝတ်လောက်နဲ့ မစားရဝခမန်း သူဌေးဖြစ်မယ့်အကြောင်း သွားပြောရင် မင်းပဲ အရင် တိုက်ဆောက်၊ ကားစီးပြပါလို့ ပြောပါလိမ့်မယ်။
ကျနော် သေချာပြောနိုင်ပါတယ်။
ဘယ်သူမှ ကိုယ့် Bonus Book ကို လစဉ် အစစ်ဆေးမခံရဲကြပါဘူး။
အများစုက ဟန်ကိုယ့်ဖို့လုပ်နေကြတာပါ။
( level မြင့်နေတဲ့ ပုဂ္ဂိုလ်တွေကိုတော့ မဆိုလိုပါ။)
MLM ဆိုတဲ့ စနစ်ဟာ လူတိုင်းလူတိုင်း မအောင်မြင်နိုင်တဲ့ အတွက်၊ ကိုယ်ကောင်းစားဖို့ အနင်းခံသားကောင် ရှာနေရတဲ့ စနစ်ကြီးဆိုတာ ကျနော် ရဲရဲကြီးပြောလိုက်ပါတယ်။