Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

*MLM နဲ့ ကျီးကန်း Logic *


Image result for no mlm

*MLM နဲ့ ကျီးကန်း Logic *
================
MLM သမားတွေ သုံးလေ့ရှိတဲ့ စဉ်းစားပုံ အကျိုးအပဲ့ကြီး တစ်ခုရှိတယ် ။
- ကျီးကန်းသည် ခြေ ၂ ချောင်း ရှိ၏ ။
- လူသည်လည်း ခြေ ၂ ချောင်း ရှိ၏ ။
- ထို့ကြောင့် ကျီးကန်း နှင့် လူသည် အတူတူ ပင် ဖြစ်၏ <<< ဆိုတာမျိုး ပါ ။
၁။
iPhone လည်း ဈေးကြီးတယ် ။
Rolex လည်း ဈေးကြီးတယ် ။
ဒါကြောင့် သူတို့ ထုတ်ကုန်တွေကလည်း ဈေးကြီးတာ ဖြစ်သင့်ပါသတဲ့ ။
< ထုတ်ကုန် ရဲ့ အရည်အသွေး နဲ့ Brand ခိုင်မာမှု မတူတာကို
မမြင်ချင်ယောင် ဆောင်ကြတယ်လေ >
၂။
အပြင် Company တွေ အဖွဲ့အစည်းတွေရဲ့ တည်ဆောက်ပုံကလည်း
ပိရိမစ် ပုံစံပဲ ။
သူတို့လည်း ပိရိမစ် ပုံစံပဲ ။ တူတူ ပါပဲ .... တဲ့ ။
< အပြင် လုပ်ငန်းတွေမှာ အောက်ခြေ ဝန်ထမ်းတွေက
ထိုက်သင့်တဲ့ လစာ နဲ့ ခံစားခွင့် ရတာ ။
သူတို့ လုပ်ငန်းတွေမှာတော့ အောက်ခြေက လူ အများစုက ငွေမဝင်တဲ့ အပြင်
ငွေကြေး ( တိုက်ရိုက် ၊ သွယ်ဝိုက် ) ဆုံးရှုံးမှုနေတာကို ကျတော့ မမြင်ချင်ယောင် ဆောင်နေကြတယ်လေ >
၃။
MLM မှ မဟုတ်ဘူး ။
ဘယ်လုပ်ငန်း မဆို ဒေဝါလီခံတယ်ဆိုတာရှိပါတယ် ။
အပြင်လုပ်ငန်းတွေလည်း ငါက ဘယ်နှနှစ် လုပ်မယ်လို့
ဝန်ထမ်းနဲ့ စာချုပ်တာမရှိဘူး ။
သူ မဟန်ရင်လစ်မှာပဲ .... တဲ့ ။
< အပြင် လုပ်ငန်းတွေ ဒေဝါလီခံလိုက်တဲ့ အခါ အောက်ခြေ ဝန်ထမ်းတွေက ( နောက်ဆုံးအဆင့် ) ဘာ လျော်ကြေးမှ မရရင်တောင်
အနည်းဆုံးတော့ ဘာငွေကြေးမှ ကိုယ့်အိတ်ထဲက
စိုက်ပြီး ဆုံးရှုံးသွားတာမျိုး မရှိဘူး ။
MLM မှာတော့ Company တစ်ခု ပြိုလဲသွားရင် ပိရမစ်အောက်ခြေက အသင်းဝင်ပေါင်းများစွာ ဝင်ငွေတွေ ဆုံးရှုံးသွားရတယ် ။
MLM Company ကို အထင်ကြီးပြီး ထပ်ဆင့် လူမိတ်ဆက်ပေးမိလို့ မျက်နှာပျက်ရတာ ၊ သိက္ခာတွေ ကျသွားရတာမျိုးတွေရှိတာကိုတော့
မမြင် ချင်ယောင် ဆောင်ထားကြတယ်လေ ။
၎။
MLM မှာမှ လူဆွယ်တာ မဟုတ်ပါဘူး ။
လူဆွယ်တယ်ပြောပြော ။ သတင်းကောင်းပေးတယ်ပြောပြော ပစ္စည်းရောင်းတယ်ပြောပြော Marketing လုပ်ရတာပါပဲ ။
တစ်ခြား business တောင်မှ လူဆွယ်တာရှိတာပါပဲ ။
ဘယ် business မဆိုပါ ။
ဥပမာ ဘဏ်မှာ လုပ်နေတဲ့ စကီလေးဆိုပါတော့ ဘဏ်မှာ အလုပ်ခေါ်တယ်ဆိုရင် သူ့သူငယ်ချင်းတွေအတွက်ပြောမှာပဲ
လူဆွယ်တာပါပဲ .... တဲ့ ။
< လူဆွယ်တယ်ဆိုတာ ဆွယ်ခံရတဲ့ လူအတွက်
မကောင်းကျိုး အများစု ရသွားနိုင်တဲ့ အခါမျိုးမှာမှ
သုံးရတဲ့ စကားလုံး ဆိုတာကို
မြန်မာစာ သေချာမတတ်တော့ သေချာမသိရှာဘူး ။
အများမြင်တဲ့ အွန်လိုင်းပေါ်မှာတောင် ဒီလို ပြောနေကြရင် အများမမြင်သာတဲ့ နေရာတွေမှာဆိုရင်
>>>ဘုရားတောင်မှ လူဆွယ်တာပဲ <<< လို့
"ခွေးစကား" ပြောနေကြမလား မသိဘူး ။
အပြင်မှာ Company တစ်ခုက လူခေါ်တာဟာ
MLM မှာလို ရောက်လာသူ တွေ ဆီက ပိုက်ဆံ ကို ယူပြီး
ဝါဒမှိုင်း တိုက် ၊ အဆင့်ဆင့် ဆက် ညာခိုင်းဖို့မဟုတ်ဘူး ဆိုတာကိုလည်း
မမြင် ချင်ယောင် ဆောင်ထားကြတယ်လေ ။ >
ပြောချင်တာက MLM သမားတွေဟာ
Company နဲ့ ခေါင်းဆောင်ပိုင်းက ရိုက်သွင်းပေးလိုက်တဲ့
ဂျိုကျိုး နားရွက်ပဲ့ အတွေးအခေါ်ကြီး ကို ကိုင်ပြီး အရှက်မရှိ စွတ်ပြောတတ်ကြလေ့ရှိတယ် ။
ကိစ္စ ၂ ခုကို နှိုင်းယှဉ်ရာမှာ
မတူတာတွေ အများကြီး ရှိတာကို မျက်ကွယ်ပြုပြီး
တူတာကွက်ကွက်လေး ကို အထူးပြုပြီး စကားအရာမှာ အကွာအကွယ်ယူတတ်ကြတယ်ဆိုတာပဲ ။
ကျွန်တော်လည်း စဉ်းစားနေမိတယ် ။
- ပြည့်တန်ဆာတွေလည်း လူဆွယ်တာပဲ ။
- MLM လုပ်တဲ့ လူတွေလည်း လူဆွယ်တာပဲ ။
- ဒါကြောင့် MLM လုပ်သူတွေဟာ ပြည့်တန်ဆာတွေပဲ <<< လို့
ပြောလို့ ရမလားလို့ပေါ့ ။
ခက်တာက အဲ့ဒီ ကျီးကန်း Logic ကြီးဟာ မဖြစ်သင့်မှန်း
ကျွန်တော့်ရဲ့ ဆင်ခြင်တုံတရားက လက်ခံထားတဲ့ အတွက်
" MLM လုပ်သူတွေဟာ ပြည့်တန်ဆာတွေပဲ " လို့
ကျွန်တော် လုံးဝ ပြောမှာမဟုတ်ပါဘူး ။
ဒီတော့ MLM သမားတွေလည်း ဖြစ်နိုင်ရင်
အဲ့ဒီ ကျီးကန်း Logic ကြီး ကိုင်ပြီး
ဆွေးနွေးတတ်တဲ့ အကျင့်လေးတွေ ပြင်ပေါ့ဗျာ ။
မနေသာ လို့ ပြောရတယ်သာ မှတ်ပါ ။
လူ အချင်းချင်း လှည့်ပတ်ပြီး လောဘ အပေါ်မှာ အမြတ်ထုတ် ဂုတ်သွေးစုတ်တဲ့
စီးပွါးရေး လုပ်ငန်းများမှ ကင်းဝေးကြပါစေဗျာ ။
စေတနာဖြင့်
ကိုဇင်ဇေ
Admin @ MLM/Network Marketing အကြောင်း အသိပညာပေး ၊ ဆွေးနွေး ငြင်းခုန်လိုသူများ
https://www.facebook.com/groups/mlmDiscussion/