Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

အစွန်းရောက် Mlm ၀ါဒ နှင့် MLM ၀ါဒမှိုင်း(သို့) MLM Cult




MLM ၀ါဒမှိုင်း(သို့) MLM Cult
MLM ဟာ ကြောက်စရာ အလွန်ကောင်းပါတယ်။ အကြောင်းက ပုံမှန်စီးပွားရေးစနစ်၊ အရောင်းပုံစံ စတာတွေ မဟုတ်ပဲ ၀ါဒမှိုင်း Cult system ဖြစ်နေလို့ပါ။ ဒါကိုလူအတော်များများက သတိမထားမိပါဘူး။ ဒီလို မှိုင်းအတိုက်ခံလိုက်ရရင် သူတို့ကုမ္ပဏီဟာ ဂိုဏ်းလိုဖြစ်ပြီး ခေါင်းဆောင်ပြောသမျှယုံ၊ ခိုင်းသမျှ လုပ်တော့တာပါပဲ။ ဥပမာ တိုကျိုမြေအောက်ရထားဘူတာရုံမှာ အဆိပ်ငွေ့လွှတ်လူအစုလိုက်အပြုံသတ်တဲ့ ဂိုဏ်း၊ ၂၀၁၂ ရောက်ခါနီးမှာ ကောင်းကင်ရမြင်ရတဲ့ ကြယ်တံခွန်ဟာ ဂြိုလ်သားတွေက လာခေါ်တာဆိုပြီး အမေရိကားမှာ လူတွေ အစုလိုက် အဆိပ်သောက်သေတဲ့ ဂိုဏ်းတွေဟာ ၀ါဒမှိုင်းသွင်းတာကလာတာပါ။ MLM တွေဟာလည်း ဒီလို စိတ်ညှို့ မှိုင်း သွင်းနိုင်လို့ မန်ဘာဝင်တွေဟာ ယုံကြည်မှု တစ်ဖက်စွန်းရောက်၊ အထက်ကပြောသမျှ ဘုရားက အမိန့်ချသလို ယုံလာတာပါ။
MLM ဟာ Cult system, ၀ါဒမှိုင်းဖြစ်တယ်ဆိုတာ BITE method နဲ့ သက်သေပြပါမယ်။ နိုင်ငံတကာက ပညာရှင်တွေဟာ ဂိုဏ်းအဖွဲ့အစည်းတစ်ခုဟာ စိတ်ညို့ပြီး ၀ါဒမှိုင်းတိုက်တဲ့ ဂိုဏ်း ဟုတ်မဟုတ် စီစစ်ဖို့ နည်းပေးထားပါတယ်။ အဲ့ဒါကတော့ BITE ဆိုတဲ့ Behavior, Information, Thoughts and Emotions. ဖြစ်ပါတယ်။
Behavior
ဝါဒမှိုင်းဂိုဏ်းတွေမှာ ဒီလို အပြု အမူတွေပြုမူပါတယ်။တူညီ ၀တ်စုံ၊ တံဆိပ်၊ အမူအကျင့်ဖြစ်ပါတယ်။ ဥပမာ MLM တွေမှာ Diamond တွေကို ရင်ထိုးပေးတာ။ အနောက်တိုင်းဝတ်စုံတွေ ရာသီဥတုပူပူကြီးမှာဝတ်ရတာ။ အနောက်တိုင်းဝတ်စုံ အပြာတွေ ၀တ်ရတာ စတာတွေဖြစ်ပါတယ်။ အမူအကျင့်မှာလဲ လက်ခုပ်တစ်ခါတီးပါ၊ နှစ်ခါတီးပါ။ ဒါမှမဟုတ် အစီအစဉ်အစမှာ လက်ခုပ်တွေ ခဏခဏ တီးခိုင်းတာ တွေဟာ အမိန့်ကို နာခံတတ်အောင် အမူအကျင့်အရ လေ့ကျင့်ပေးတာဖြစ်ပါတယ်။ လက်မထောင်ပြီးအော်ရတာ၊ လက်မောင်းတန်းပြီးအော်ရတာ။ တွေကတော့ ဟစ်တလာ့ရှပ်ညိုတပ်ဖွဲ့ရဲ့ လက်မောင်းဆန့်တန်းပြီး -ဟေး ဟစ်တလာလို့ အော်ဟစ် အလေးပြုတာနဲ့အတူတူပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်မတိုင်မှီမှာ ဟစ်တလာဟာ အာဏာရဖို့သူ့ရဲ့ရှပ်ညို တပ်ဖွဲ့ကို မှိုင်းသွင်း အသုံးပြုပါတယ်။
Information
သူတို့ဂိုဏ်းကောင်းကြောင်း၊ သူတို့ ဂိုဏ်းရဲ့ ထုတ်ကုန်တွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ကြောင်း ဆိုတဲ့ အချက်အလက်တွေကို MLM မန်ဘာတွေဟာ စဉ်ဆက် မပြတ်ရိုက်သွင်းခံရပါတယ်။ OPP လို့ ခေါ်တဲ့ Opportunity တွေ၊ Camp လို့ခေါ်တဲ့ အထူးစခန်းသွင်းတာတွေနဲ့ တချိန်လုံး ရိုက်သွင်းပါတယ်။ Information လုပ်တဲ့နေရာမှာ ဆန့်ကျင့်ဘက်တွေကို နှိမ်ချခြင်း၊ ဆန့်ကျင်ဘက်တွေထဲ မသွားဖို့ တားဆီးခြင်း အဲ့ဒါတွေလဲလုပ်ပါတယ်။ ဥပမာ လခစားလုပ်သူများကို နှိမ်ချခြင်း၊ ပညာတတ်များကို နှိမ်ချခြင်း၊ တခြားဈေးကွက်နည်းစနစ်တွေကို မလုပ်ဖို့တားဆီးခြင်း၊ MLM အချင်းချင်း တခြား MLM ကို မ၀င်ဖို့ တားဆီးခြင်းဖြစ်ပါတယ်။
Thoughts
အတွေးတွေကို လွှမ်းမိုးခြင်းဖြစ်ပါတ်ယ။ အဲ့ဒီဟာကို အဓိက သုံးတဲ့နည်းဟာ အခါခါ ရွတ်ဆို စေခြင်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် MLM တွေရဲ့ တွေ့ဆုံပွဲ၊ အစည်းအဝေးပွဲ၊ အထူးစခန်းသွင်းတွေမှာ အကြိမ်ကြိမ် ရွတ်ဆိုရတာတွေကို သုံးပါတယ်။ အထူးသဖြင့် အစီအစဉ် အစနဲ့အဆုံးမှာ အဲ့ဒီလို အကြိမ်ကြိမ်အော်ခိုင်းတာတွေဟာ မသိစိတ်အတွေးကို လွှမ်းမိုးဖို့ လုပ်တဲ့ လုပ်ဆောင်ချက်ပါ။ နောက်ပြီး ကျေန်ာတို့ ခေါင်းဆောင်ကြီး ဟာ လူကောင်းလား လူဆိုးလား လူကောင်းဆိုရင် လူကောင်းလို့ အကျယ်ကြိး ၃ ခါ အော်ပါ။ စတာတွေဟာ အကြိမ်ကြိမ်သရဇ္ဇာယ် တဲ့နည်းကို သုံးတာဖြစ်ပါတယ်။
Emotions
စိတ်ခံစားချက်ကို လွှမ်းမိုးတာဖြစ်ပါတယ်။ အဲ့ဒါကို အဓိကသုံးတဲ့နည်းကတော့ အထူးစခန်းသွင်း Camp ၀င်တာပဲဖြစ်ပါတယ်။ အဲ့ဒီ စခန်းတွေမှာ စင်ပေါ်တက်ပြောခိုင်းတာ၊ စိတ်လှုပ်ရှားနေတဲ့အချိန်မှာ ဂိုဏ်းရဲ့ ကောင်းကြောင်းတွေ၊ သူ့ဘ၀မှာ အကျိုးအမြတ်ဖြစ်လာတယ်ဆိုတာတွေကို ပြောခိုင်းတာဖြစ်ပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်ကြီးတွေ၊ ကုမ္ပဏီပိုင်ရှင်တွေဟာ အများကိုစာနာသူတွေ၊ မေတ္တာဂရုဏာရှင်တွေ စတဲ့ ပုံရိပ်တွေပြပြီး စိတ်ခံစားချက်မှာ လွှမ်းမိုးလာအောင် လုပ်ပါတယ်။ နောက် စင်ပေါ်ကနေ အောက်ကိုခုန်ချခိုင်းပြီး အောက်ကလူတွေကိုဖမ်းခိုင်းတာ၊ တဖက်နဲ့ တဖက်ကိုယ်တုံးလုံးချွတ်ပြီး ပြစေတာ။ စတဲ့နည်းတွေသုံးပြီး စိတ်ကို လှုပ်ရှားအောင်ဆွပေးပြီး အဲ့ဒီအချိန်မှာမှ သူတို့ဂိုဏ်းရဲ့ ၀ါဒကို ရိုက်သွင်းတာ။ တခါတည်း ခံစားချက်တွေ တက်ပြီး စွဲသွားအောင်လုပ်လိုက်တာပါ။
ဒီလို မှိုင်းသွင်းလို့သာ မန်ဘာဝင်တွေဟာ သေခါနီးလူနာမရှောင်၊ ရောဂါသည်းနေတဲ့လူတွေ မရှောင် ဆေးအတုတွေရောင်းနေတာပါ။ ဘယ်သူတွေ ဘယ်လောက် ဒုက္ခရောက်ရောက် ခေါင်းဆောင်တွေရဲ့ စကားကိုပဲ နားထောင်ပါတော့တယ်။ လစဉ်အမှတ်တက်ဖို့၊ ရာထူးတက်ဖို့ ဒါပဲ စိတ်ထဲမှာရှိပါတော့တယ်။ ဒါတွေပဲ ထပ်တလဲလဲ Brain Wash အလုပ်ခံထားရတာကိုး။ ဘယ်လောက် နားလည်တဲ့ပညာရှင်တွေပြောပြော လက်မခံတော့ပါ။ သူတို့ စိတ်ထဲမှာ သူတို့ရဲ့ ခေါင်းဆောင်တွေကသာ ဘုရားလို ဖြစ်လာပါတယ်။ ခေါင်းဆောင်တွေကို ထိုင်ရှိခိုး အနန္တကျေးဇူးရှင်အဖြစ် သတ်မှတ်ကုန်ပါတယ်။ သူတို့ကုမ္ပဏီ၊ ဂိုဏ်းအဖွဲ့အစည်းသာ ကမ္ဘာ့အကောင်းဆုံးဖြစ်လာပါတယ်။ ဒီအချက်တွေဟာ ၀ါဒမှိုင်းသွင်းတဲ့ ဂိုဏ်းဖြစ်ကြောင်းသက်သေတွေဖြစ်ပါတယ်။ ဘယ် စိတ်ပညာရှင်မဆို မေးကြည့်လို့ရပါတယ်။
ဒီလိုစိတ်ပညာဗေဒဆိုင်ရာ မှိုင်းသွင်းမှုတွေကို အကြီးအကျယ်လုပ်နေတဲ့ MLM ကုမ္ပဏီတွေဟာ အလွန် အန္တရာယ်ကြီးတယ်ဆိုတာ တာဝန်ရှိ ပုဂ္ဂိုလ်တွေသိစေချင်ပါတယ်။ သာမန် စီးပွားရေး အဖွဲ့အစည်းလို့မြင်ပြီးကိုင်တွယ်မယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံကလူငယ်လေးတွေ ဒုက္ခရောက်ကြတော့မှာပါပဲ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။
Win Oo
တကယ် camp ၀င်ဖူးသူ၊ အစီအစဉ်တွေမှာပါဝင်ဖူးသူတွေ ဒီထက်ပိုပြီး စိတ်ညို့ မှိုင်းတိုက်တဲ့ သဘောတွေကို သိကြမှာပါ။ ကျနော့်ကို ပြောပေးပါလို့ မေတ္တာရပ်ပါတယ်။