Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

MLM မှိုင်းမိနေတဲ့ ညီငယ် လူတော်လူကောင်းတွေအတွက် ကျွန်တော့်ရဲ့ MLM ဇာတ်ကြောင်း


 

MLM မှိုင်းမိနေတဲ့ ညီငယ် လူတော်လူကောင်းတွေအတွက်
ကျွန်တော့်ရဲ့ MLM ဇာတ်ကြောင်း
===============================
ကျွန်တော် အရင်က MLM / Network Marketing လုပ်ခဲ့ဖူးတာကို ဘယ်တုန်းကမှ တကူးတက ဖုံးကွယ်မထားပါဘူး ။
ထွေထွေထူးထူးတွေ လိုက်ရှာနေစရာ မလိုပါဘူးဗျာ ။
ဒီစာမှာ ဖတ်ကြည့်လို့ ရပါတယ် ။ :)

အရင် တင်ထားတာကို ပြန်တင်ပေးလိုက်တာပါ ။
( Debate ကျရင် ဒီ့ထက်ကောင်းတဲ့ အချက်တွေ ထပ်လာဦးမှာမို့
မေးခွန်းပေါက်တာကို စိတ်မပူပါနဲ့ မိတ်ဆွေများခင်ဗျား .... :)
ဖြစ်နိုင်ရင် ဒီ အချိန်မှာ ဒီ Post မျိုးကို အများသိအောင် ထပ် ပေးစေချင်ပါတယ် ။ )
>>>
MLM မှိုင်းမိနေတဲ့ ညီငယ် လူတော်လူကောင်းတွေအတွက်
ကျွန်တော့်ရဲ့ MLM ဇာတ်ကြောင်း
===============================
အကို သတိထားမိသလောက် ညီ့ကို ကြည့်ရတာ လေ့လာအားမနည်းသလို
ကိုယ်ကျင့်လည်း အတော်လေး ထိန်းတာတွေ့ရပါတယ် ။
အဲ့လို လူမျိုးတွေ MLM မှိုင်းမိသွားတာ ပို နှမြောမိတယ် ။
အကို တစ်ခုပြောပြမယ် ။
အကိုက ရေကြောင်း တက္ကသိုလ်ဆင်း ၊ သင်္ဘောလိုက်ပြီး ပြန်လာတော့
သင်္ဘောသားဘဝကို နားချင်လို့ ဘာစီးပွါးရေးလုပ်ရမလဲ လိုက်လေ့လာတယ် ။
MLM ကို စကြွေသွားတာက
" လူလူချင်း ကူညီရိုင်းပင်းတတ်ပြီးတော့
ပရဟိတ စိတ်ဓာတ်ရှိတဲ့လူတွေနဲ့ အသင့်တော်ဆုံးလုပ်ငန်း " ဆိုတဲ့စကားကြောင့် ။
အဲ့ဒီစကားနဲ့ မြန်မာ MLM စာအုပ်တွေ ၊
Robert Kiyosaki , Donald Trump တို့လို
နိုင်ငံတကာ MLM Lobbyists သူဋ္ဌေး တွေရဲ့စကားတွေကြောင့်
အကို MLM မှာ ၁ နှစ်ကျော် မျောသွားမိခဲ့တယ် ။
ငွေကို အဓိက မထားပဲ
Education ကို အဓိကထားမယ့် MLMers ကွ လို့ ကြွေးကြော်ပြီးတော့ပေါ့ ။
အဲ့ဒီအချိန်တုန်းက Facebook ပေါ်က မြန်မာစီးပွါးရေး Group တစ်ချို့မှာ
အများနဲ့ တစ်ယောက် MLM ဘက်က ကိုးကားကာကွယ်ပြီး ပြောခဲ့တာတွေမှ အများကြီး ။
Planet - forum မှာဆို လည်း အကိုတို့တွေပဲ MLM ကို ခုခံပြီး ရေးပေးခဲ့တာ ။
နောက်ဆုံး Eleven လို ဂျာနယ်မျိုးက ပါလာတဲ့ ဆောင်းပါးမျိုးကိုတောင်
တစ်ချက်ချင်း အေးဆေးထောက်ပြီး ပြန်ရှင်းတာ ။
အရမ်း မှိုင်းခိုး ဝနေတဲ့ အချိန်တွေပေါ့ ။
အဲ့ဒီ အချိန်တုန်း က အကို ရေးခဲ့တဲ့
၁။ Robert Kiyosaki ရဲ့ ESBI အကြောင်းတွေ
၂။ Network Marketing ကို Robert Kiyosaki က ဘာကြောင့် ထောက်ခံရသလဲ
၃။ ကွန်ရက်စီးပွါးရေးနဲ့ ပိရမစ်မှော်ရုံတော
စတဲ့ စာတွေကိုတောင် အခုအချိန်အထိ MLM Pages တစ်ချို့
Credit မပေးပဲ ကူးတင်ထားကြတုန်း ညီ ။
ဒါပေမယ့် တကယ်တမ်းမှာ အများနဲ့ တစ်ယောက်
ကိုယ်က လိုက်ထိန်းနေရင်တောင် ကိုယ့် Company ကိုယ်တိုင်က ၊
အခြား ကွန်ရက်က အပြိုင်လိုင်းတွေ ၊ ခေါင်းဆောင်တွေကိုယ်တိုင်က
ကျင့်ဝတ် မထိန်းကြတာတွေကို မြင်ရကြားရသိရတော့ စိတ်ပျက်လာတယ် ။
ဒီလို လုပ်နေကြတာတွေကိုလည်း Company ပိုင်းကလည်း သိသိနဲ့ လွှတ်ပေးထားကြတယ် ။
ငွေရှာကောင်းနေတဲ့ ၊ လူရှာကောင်းနေတဲ့ ခေါင်းဆောင် တစ်ယောက်ကို
ကျင့်ဝတ်နဲ့ မညီလို့ ဆိုပြီး ဘယ် Company ကမှ အရေးယူတာ မကြားဖူးဘူး ။
တစ်ခုပဲ ရှိတယ် ။ MLM Company တစ်ခုမှာ လုပ်နေရင်း တခြား တစ်ခုမှာတွဲလုပ်ပြီး
လူတွေမျှထည့် ၊ ပြောင်းထည့်လို့ အသင်းဝင်အဖြစ်ကနေ ရပ်ဆိုင်းလိုက်တယ်ဆိုတာမျိုးပဲရှိတယ် ။
ကိုယ် မရတဲ့ ငွေတွေ ရနေသယောင် စင်ပေါ်တက်ပြီး ပြောကြတယ် ။
အခြားဆေးကြောင့် ပျောက်တဲ့ ရောဂါတွေကို MLM ဆေးကြောင့် ပျောက်တယ်လို့ ပြောကြတယ် ။
နယ်တွေမှာ အသင်းဝင်ပြီးငွေရင်းရုံနဲ့ ပိုက်ဆံရမယ် ။ ရှယ်ယာထည့်ထားသလိုပဲလို့ ပြောပြီး လူတွေခေါ်ကြတယ် ။
ဒါတွေကို Upline/Leaders အဆင့်ဆင့်နဲ့
Company Admin/Management ဘက်က မသိပဲ ဘယ်နေလိမ့်မလဲညီ ။
မသိချင်ယောင်လေး ဆောင်နေလိုက်ကြတာ ။
သူတို့ကို ပြဿနာ လာမဖြစ်သ၍ အေးဆေး လွှတ်ပေးထားကြတာ ။
စင်ပေါ်ကနေ ဘယ်လို ကျင့်ဝတ်လိုက်နာပါ ၊
ဘယ်လို စည်းကမ်းရှိပါ ပြောနေကြပေမယ့် တကယ်တမ်းမှာ သိသိနဲ့ ကျူးလွန်နေကြ ၊
မသိချင်ယောင် ဆောင်ပေးနေကြတာ ။
ဒါတောင် အကိုက ခေါင်းမာတယ် ။
ဒါဟာ လူတွေ ( MLMers ) ၊ Company တွေက မကောင်းတာ ။
MLM စနစ်ကတော့ ကောင်းတယ်လို့ ကို စွဲစွဲမြဲမြဲ ယုံကြည်ထားတာ ။
စနစ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ မှားယွင်းနေကြတာလို့ ပဲ လက်ခံထားတာ ။
ကိုယ်တိုင် စစ်မှန်တဲ့ MLM စနစ်ကိုကျင့်သုံးတဲ့
စစ်မှန်တဲ့ MLM Company တည်ထောင်ဖို့လောက် အထိ ရူးခဲ့တာ ။
မှိုင်းလေ ညီ ။ ကြောက်ဖို့ကောင်းတယ် ။
ဒါပေမယ့် ကံကောင်းချိန် တန်လာတော့ အွန်လိုင်းကနေ
Successology , Marketing , Motivation , Prospecting , Sales Closing တွေ
လေ့လာရင်းလေ့လာရင်းနဲ့ မထင်မှတ်ပဲ
Robert Kiyosaki အကြောင်း သေချာ ဝေဖန်ထားတဲ့
နိုင်ငံတကာက အိမ်ခြံမြေအကြံပေးကြီး တစ်ယောက်ရဲ့
ဆောင်းပါးရှည်ကြီးကို စဖတ်လိုက်မိပြီးတော့
" တစ်ခုခုတော့ အကြီးအကျယ် မှားနေပြီ " လို့ စ ခံစားလာရတယ် ။
ဒီ ဆောင်းပါးပေါ့ညီ ။
>>> http://johntreed.com/…/61651011-john-t-reeds-analysis-of-ro…
အဲ့ဒီကနေ စပြီး တောက်လျှောက် Robert Kiyosaki နဲ့
သူ့ရဲ့ Rich Dad Trainings တွေ အကြောင်းကို သေချာလေ့လာလိုက်တော့
ဒီလူနဲ့ ပတ်သက်တဲ့ အစွဲတွေ ကျွတ်ကုန်တယ် ။
ဒီအကြောင်းကို ဒီမှာ အကို အတိုချုံးရေးဖူးပါတယ် ။
>>> https://www.facebook.com/zin.zae/posts/939818516047366
နောက်တော့ Donald Trump ( အခု အမေရိကန်မှာ သမ္မတဖြစ်ဖို့
ရွေးကောက်ပွဲ ဝင်ပြိုင်နေတဲ့ အိမ်ခြံမြေ သူဋ္ဌေး ) ကို ပြန်လေ့လာတယ် ။
အရင်က သူနဲ့ Robert Kiyosaki တွဲရေးတဲ့
Why we Recommend Network Marketing တွေဖတ် ၊
" The Apprentice" ဇာတ်လမ်းတွဲတွေကြည့်ပြီး သူ့ကို အထင်ကြီးလေးစားထားရာကနေ
သေချာ Research လုပ်ကြည့်လိုက်တဲ့အခါ အခြား တစ်ဖက်က သတိထားလောက်စရာအမြင်တွေကို သိလာရတယ် ။
သူဟာ ချမ်းသာသလောက် စည်းမစောင့်တဲ့ / ရိုးသားမှု မရှိ /
စကားကို လိုသလိုလျှောက်ပြောတတ်တဲ့ လူတစ်ယောက်ဆိုတာ သိလာရပြီး
သူတို့ရဲ့ MLM Lobby စကားတွေအပေါ် ပြန်ပြီး ရှင်းရှင်းလင်းလင်း စမ်းစစ်ဖို့ ရဲဝံ့လာတယ် ။
အရင်က ဆိုရင် ခေါင်းဆောင်တွေပြောကြတဲ့
" အောင်မြင်သူတွေရဲ့ စကားကိုပဲ နားထောင်ပါ "ဆိုတာကိုလက်ခံပြီး
တစ်ခြမ်းပိတ် စာတွေပဲ ဦးစားပေးဖတ်ခဲ့ရာက
MLM ကို စနစ်တကျ ဝေဖန်တဲ့ နိုင်ငံတကာ ဆောင်းပါးတွေကိုပါ
သေချာဖတ်ဖြစ်လာတယ် ။
အဲ့ဒီမှာ MLM ဟာ လူတွေ ၊ Company တွေကြောင့်တင်မကပဲ
စနစ်မှာပါ ကြီးမားတဲ့ ချို့ယွင်းချက်အချို့ရှိနေတာကို တွေ့မိတော့တယ် ။
သေချာအောင် ကိုယ်တိုင် ချတွက်ကြည့်တယ် ။
System/Compensation Plan တွေ ဆွဲကြည့်တယ် ။
သူများဆွဲထားတဲ့ System တွေ ၊ Compensation Plan တွေ အစအဆုံး သေချာ ပြန်လေ့လာကြည့်တယ် ။
ဒီမှာ Marketing Plan ဆိုပြီး အလွယ်ခေါ်နေကြတဲ့ အကျိုးခံစားခွင့် စီမံကိန်းဟာ
အခေါ်အဝေါ်အမှန်က Compensation Plan လေ ညီ ။
ဘယ်လိုဆွဲဆွဲ ဘယ်လောက်ကြည့်ကြည့်
Company ရော ၊ MLMers/Distributors ရော ၊ စားသုံးသူရော
Win-Win-Win ဖြစ်မယ့် Plan ကို ဆွဲလို့ကိုမရတာ ။
Company နဲ့ MLMers/Distributors ကိုပဲ သာအောင် ဆွဲလို့ရတယ် ။
သူတို့သာနေရင် စားသုံးသူ ဘက်ကလည်း နာကို နာတယ် ။ ဈေးကို မထိန်းနိုင်တာပေါ့ ။
အေး ။ တကယ်လို့ Company နဲ့ စားသုံးသူ ကို အဆင်ပြေအောင်လုပ်ပေးလိုက်ပြန်ရင်လည်း
MLMers/Distributors က နာပြန်ရော ။
MLM မှာက အလွှာများလွန်းတာကိုး ။
MLM လောက် အလွှာမများတဲ့ စနစ် ဆိုရင် Win-Win-Win ရနိုင်ပေမယ့် MLM လို အလွှာများနေရင်
( တစ်ချို့ဆို အလွှာအဆုံးအစမရှိ ဘာညာတောင် ပြောကြသေးတယ် )
ဘယ်လိုမှ ၃ ပွင့်ဆိုင် Win-Win-Win ဖြစ်အောင်ညှိလို့မရတာ ။
၃ လွှာကနေ ၅ လွှာလောက်က ဂိတ် ဆုံးပဲ ။
ပြီးတော့ စားသုံးသူစစ်စစ်ရှာဖို့ထက် အသင်းဝင်အချင်းချင်း လောဘနဲ့ ဝယ်ဖြစ်အောင်လုပ်ထားတဲ့
MLM ရဲ့ စနစ်ကလည်း သေချာလေ့လာကြည့်ရင် ထင်ထင်ရှားရှား တွေ့ရမှာပါ ။
ဒါကြောင့် မင်းကို အကိုက ကွန်ရက် ပြင်ပ ရောင်းအားဘယ်လောက်ရှိလဲလို့မေးတာ ။
Amway Safeguard Rules အရ ကွန်ရက် ပြင်ပရောင်းအား အနည်းဆုံး ၇၀% ကျော် ရှိကို ရှိမှ
ဒါဟာ စစ်မှန်တဲ့ စီးပွါးရေးပုံစံ ဖြစ်မှာပါ ။
ဒီအချက်ကို MLM Companies တွေက လိုက်နာဖို့ တကယ် မကြိုးစားကြတာဟာ
အတော်ဆိုးဝါးတဲ့ လက်တွေ့ဖြစ်ရပ်ပါ ။
မင်း Company ကရော ဘယ်လိုလဲ ညီ ။
လိုက်နာဖို့ နေနေသာသာ ပြောတောင်ပြောပြထားရဲ့လား ?
( စာရွက်ထဲမှာတော့ လိုက်နာမယ်လို့ ရေးကောင်းရေးထားပါလိမ့်မယ်ညီ ။ )
အခုဆို Herbalife လို International MLM ထိပ်သီး Company ကြီးတောင် ဒီစည်းကမ်းကို တောက်လျှောက်မလိုက်နာလို့
ဒေါ်လာ သန်း ၂၀၀ လျော်ကြေးပေးလိုက်ရပြီး
သူ့ရဲ့ လုပ်ငန်းလည်ပတ်ပုံတွေကိုလည်း ပြန်ပြောင်းပါ့မယ်လို့
US - FTC ( Federal Trade Commission ) ကို
ခံဝန်သဘောမျိုး လုပ်ထားရတယ် ။
>>> https://www.ftc.gov/…/herbalife-will-restructure-its-multi-…
ဒီတော့ MLM မှာ အဓိက ဖြစ်နေတဲ့
အားနည်းချက်ကြီး ၂ ချက်က ဒါတွေပဲ ညီ ။
နောက်တစ်ခုက လက်တွေ့ MLM industry မှာ
ဝင်ငွေကောင်းသူနဲ့ ဝင်ငွေနည်းပါးသူ အချိုးအစားဟလွန်းတာပေါ့ ။
နိုင်ငံတကာ ထိပ်သီး MLM Company ကြီးတွေဟာ
Stock Market ကို ပါ ဝင်ထားတဲ့ အတွက် နှစ်ပတ်လည်တိုင်း
Financial Statementထုတ်ပေးရတယ်ညီ ။
အဲ့ဒီ ဒေတာတွေကနေ လူသစ်အချိုးအစားနဲ့ စနစ်တကျတွက်ချလိုက်တဲ့အခါ
MLM မှာ ဝင်ငွေကောင်းသူ အချိုးအစားဟာ ၁% ထက်တောင်နည်းနေတာကို တွေ့ရတယ်ညီ ။
ဒါကြောင့် ညီတို့ Company မှာရော ဘယ်လောက်ရှိလဲလို့ မေးတာ ။
ဒါတွေကို သေချာ ချတွက် ၊ အကြိမ်ကြိမ်အဖန်ဖန်လေ့လာ ပြန်စဉ်းစားပြီးမှ
အကိုကိုယ်တိုင် MLM စနစ်ကိုပါ အပြီးတိုင် အစွဲ ကျွတ်သွားတာ ။
ပြီးတော့ အကိုလုပ်တာတွေကို အတိုပြောရရင်တော့
MLM industry ကနေ အပြီးထွက်တယ် ။
( ၁နှစ် ၂လလောက် အချိန်တွေ ကုန်သွားခဲ့တာပေါ့ )
အကို့ ကို Training /Consulting ပဲ လာလုပ်ပေးပါ ၊
နေရာ တစ်ခု ထိပ်မှာ စီပြီးချန်ပေးထားပါ့မယ်ဆိုတဲ့
MLM Companies တွေကိုတောင် လှည့်မကြည့်တော့ပဲ ထွက်လာတာ ။
( Binary Compensation Plan မှာ အဲ့လိုထားပေးခံလိုက်ရရင်
လုပ်ရတာ / ၊ ပိုက်ဆံရှာရတာ တအားလွယ်သွားတာ ။ )
ဒါပေမယ့် MLM စနစ်ရဲ့ ပြင်မရတဲ့ အားနည်းချက်တွေကို
ကိုယ်က သိသွားပြီဆိုတော့ ဘာတွေပေးမယ်ပြောပြော မလုပ်ချင်တော့ဘူး ။
မလုပ်ရက်တော့ဘူး ။ ကိုယ့်လိုမျိုး နောက်လူငယ်တွေက
အပေါ်ယံ စိတ်ကြွဆေး ဆန်တဲ့ အတွေးအခေါ်တွေကြောင့် မျောသွားတာမျိုး မဖြစ်စေချင်တော့ဘူး ။
MLM မှာရတဲ့ စီးပွါးရေး နဲ့ လူမှု ပညာရေး ပညာဆိုတာ
တကယ်တမ်းက ခပ်ပါးပါးလေးပါ ညီရာ ။
Network Leaders တွေ အပြောကောင်း / ဇာချဲ့ကောင်းလွန်းလို့ အများကြီးလို့ ထင်နေရတာ ။
နောက်တော့ ကိုယ်ပိုင်စီးပွါးရေးလုပ်ဖို့ အစကနေ ပြန်စတယ် ။
ဘာမှ ကျောထောက်နောက်ခံ မရှိတဲ့လူမို့ ကိုယ်တတ်တဲ့ပညာကို
အသုံးချပြီး အိမ်ဝိုင်းလေးတွေ စပြီး စာလိုက်သင်တယ် ။
( ဝန်ထမ်း မလုပ်ချင်လို့ သင်္ဘောပေါ်လည်း ပြန်မတက်ခဲ့ဘူးလေ )
ကြော်ငြာခ မတတ်နိုင် ၊ အိမ်ကလည်း မထုတ်ပေးနိုင်တဲ့ အခြေအနေမို့
အခမဲ့ ကြော်ငြာ ကဏ္ဍလေးတွေကနေ စခဲ့ရတယ် ။
ညီ့လိုပဲ MLM လုပ်ရင်း Marketing ကို ကိုယ့်ဘာသာ ထပ်လေ့လာရင်းနဲ့
Online Marketing ကို လေ့လာမိတော့ အဲ့ဒီဘက်မှာ နည်းနည်းပိုသိလာပြီး
တစ်ချို့လုပ်ငန်းတွေကို အခကြေးငွေယူပြီး Consulting လုပ်ပေးတယ် ။
Teaching / Consulting လုပ်နေရင်း အရှိန်လေးနည်းနည်း ရလာတော့
ကိုယ်ပိုင် သင်တန်းလေး ထောင်နိုင်ဖို့ အရင်းရလာတယ် ။
စပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး သင်တန်း ထထောင်တယ် ။
သင်တန်းအတွက် လိုအပ်တာတွေ ဝယ်ပြီးချိန်မှာ
လုပ်ငန်းမှာသုံးဖို့ ငွေ ၂ သောင်းပဲ ကျန်တယ် ။
( အရင်း ၁၅ သိန်း မပြည့်တပြည့်လေးနဲ့ စ ရတာမို့လေ ။ )
ဒါပေမယ့် အားထည့်တယ် ။ လေ့လာတယ် ။ ရုန်းကန်တယ် ။
ဒီလိုနဲ့ပဲ အခု သင်တန်းသက်တမ်း ၃ နှစ်ကျော်မှာ
သင်တန်းကနေ ၁ လကို အနည်းဆုံး ဝင်ငွေ သိန်း ၅၀ ကျော်အောင်ရှာနိုင်လာတယ် ။
ကြွားတာမဟုတ်ဘူးနော်ညီ ။
MLM နဲ့မှ အောင်မြင်မယ် ...
အရည်အချင်း မရှိလို့ MLM က ထွက်သွားတာပါကွာ ... လို့
ပြောနေကြတာကို မခံချင်လို့ ပြောပြတာ ။
အကိုသာ MLM industry ထဲမှာ ဆက်မျောနေမယ်ဆိုရင်
ဒီနေ့ဒီလိုနေရာမျိုးကိုရောက်လာမှာမဟုတ်ဘူး ။
ဒီလိုနေရာဆိုတာ ငွေဝင်တာကို ပြောတာမဟုတ်ဘူး ။
ငွေက MLM မှာလည်း အဲ့လောက်က အပြောကောင်း ၊
စည်းရုံးရေးကောင်း ၊ သင်ကြားရေးကောင်းရင် ရနိုင်တယ် ။
ဒါပေမယ့် လိပ်ပြာသန့်တာက ကျတော့ အရမ်းကွာသွားတယ် ။
ဘယ်သူနဲ့ ဘယ်အချိန်မှာတွေ့တွေ့ ကိုယ်လုပ်နေတဲ့အလုပ်ကို
ဝမ်းသာဂုဏ်ယူစွာ ပြောနိုင်တာတွေကျတော့ ကွာသွားတယ် ။
MLM မှာတုန်းက တခြား လူတွေ တလွဲလုပ်နေတာ
( အတော်ကြီးကို လွဲနေတာတွေ ) ကို
သိလည်း ဘာမှ ထိထိရောက်ရောက် လုပ်လို့မရပေမယ့်
ကိုယ်ပိုင် လုပ်ငန်းမှာကျတော့ တကယ်ကို ထိထိရောက်ရောက်
ပိုင်ပိုင်နိုင်နိုင် ထိန်းကျောင်းနိုင်တယ် ။
ညီ့ အရည်အချင်းနဲ့ စိတ်ဓာတ်ကို လေးစားလို့ ဒီလောက်ရှည်ရှည်ဝေးဝေးပြောပြတာညီ ။
အွန်လိုင်းမှာ အကို အဲ့လောက် အရှည်ကြီး
ကိုယ့် အကြောင်းကိုသိပ်မပြောဖြစ်ဘူး ။
အဓိ က ပြောချင်တာက တကယ် ကိုယ့်မှာ အရည်အချင်းရှိရင်
MLM နွံမှာ အနစ်ခံမနေပါနဲ့ ။
ရဲရဲရင့်ရင့် ဖောက်ထွက်လိုက်စမ်းပါ ။
ကိုယ်တိုင် စိတ်တိုင်းကျ ပိုင်ပိုင်နိုင်နိုင် အကောင်အထည်ဖော်နိုင်မယ့် အိပ်မက်တွေ မက်လိုက်စမ်းပါ ။
ဘယ် နယ်ပယ်မှာပဲဖြစ်ဖြစ် ၅ နှစ်လောက် အချိန်ပေးလိုက်ရင်
မြန်မာနိုင်ငံအတိုင်းအတာနဲ့တော့ လမ်းကြောင်းကောင်းကောင်းပေါ် ရောက်နိုင်ပါတယ်ညီ ။
စိတ်အေးလက်အေး တစ်ချက်ချင်း သေချာ ပြန် သုံးသပ်ကြည့်ပါ ။
MLM Model ဟာ နှစ်ပေါင်း ၅၀ ကျော်လာတာတောင်
ဘာကြောင့် အခုထက်ထိ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတဲ့
Business Model တစ်ခု ဖြစ်နေရတာလဲ ?
သူနဲ့ မတိမ်းမယိမ်းပေါ်လာတဲ့ Franchising Model ကို
လူတွေ အစပိုင်းမှာ ဝေဖန်ခဲ့ကြပေမယ့် အခုအားလုံး လက်ခံပေးထားကြပြီ ။
သူ့နောက်မှ နာမည်ထွက်လာတဲ့ Affiliate Marketing ဆိုလည်း
နိုင်ငံတကာက နာမည်ကြီး Websites / Brand တွေက အစ
လိုက်သုံးနေကြပြီ ။
ဘာလို့ MLM/Network Marketing က အဲ့လို ဖြစ်မလာပဲ
အခုအချိန်အထိ ပညာရှင်တွေရဲ့ ဝေဖန်မှုကို ခံနေရတာလဲ သေချာစဉ်းစားပါညီ ။
နောင် အချိန်ရရင် MLM ရဲ့ ပြင်မရတဲ့ ချို့ယွင်းချက်တွေ အကြောင်းကို
သီးသန့်အကျယ် တွက်ပြပြီး ထပ်ပြောပါဦးမယ်ညီ ။
ဇယားကွက်တွေ ၊ ကိန်းဂဏာန်းတွေနဲ့ ကျမှ မြင်သာမှာမို့
ဒါတွေကိုရေးမတင် ဖြစ်သေးတာပါ ။
အကို အကြိမ်များစွာ ပြောခဲ့သလိုပဲ ။
- MLM Company တစ်ခု မှာ အကျိုးခံစားခွင့်ပေးတဲ့ အလွှာတွေ သိပ်များနေသ၍
- Company ကိုယ်တိုင်က တင်းကျပ်တဲ့ စည်းကမ်းတွေကို
ပါးစပ်ပြော သက်သက်မဟုတ်ပဲ လက်တွေ့အကောင်အထည်မဖော်သ၍
MLM လုပ်ငန်းတွေဟာ လူများစုရဲ့ အကျိုးစီးပွါးကို ထိခိုက်စေတဲ့ စီးပွါးရေးလုပ်ငန်းတွေ ဖြစ်နေဦးမှာပါ ။
ဒါကြောင့် လူများစုအတွက် အကိုတို့ကတော့ ပြောစရာရှိတာ ဆက်ပြောနေရဦးမှာပါပဲ ။
စာလည်း ရှည်ပြီမို့ ဒီလောက်မှာပဲ ရပ်ပါတော့မယ်ညီ ။
" ကိုယ့်ဘဝ အတွက် ပန်းတိုင် အစစ်ကိုတွေ့ပြီး တွေ့တဲ့ပန်းတိုင်ကိုလည်း ရောက်အောင် လှမ်းနိုင်ပါစေကွာ "
စေတနာဖြင့်
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
https://www.facebook.com/groups/myanmarmlmtruth
========
တကယ်လို့များ ညီ့အနေနဲ့ MLM နွံ ထဲက တကယ် ရုန်းထွက်ချင်ပြီဆိုရင်
MLM / Network Marketing အစား
တခြား လုပ်ငန်း ပြောင်းလုပ်ချင်ရင် ရနိုင်တဲ့
နီးစပ်တဲ့ အသက်မွေး ဝမ်းကြောင်း လုပ်ငန်း ( ၁၀ ) မျိုးကို အကို ဒီမှာရေးပေးထားပါသေးတယ် ။
အချိန်လေး ပေးပြီး လေ့လာကြည့်ပါ ။ :)
https://www.facebook.com/zin.zae/posts/1437473169615229