Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

တကယ်တော့ MLM တွေက ခုမှပေါ်လာတာတော့မဟုတ်ဘူး။


တကယ်တော့ MLM တွေက ခုမှပေါ်လာတာတော့မဟုတ်ဘူး။
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတည်းက "ရှိုင်းဟုပ် လင်ဇီး"ကနေစခဲ့တာ။
အဲဒီတုန်းကတော့ စစ်အစိုးရလက်ထက်ဆိုတော့ လူစုတာတွေ ဟောပြောတာတွေကိုကန့်သတ်ထားလို့ ခုလောက်မတွင်ကျယ်ခဲ့ဘူး။
တော်သေးတယ်။ ဟိုနွားကြီးတွေက MLM ထက်ပိုစားကောင်းတဲ့ဂွင်တွေတွေ့နေလို့။ နို့မဟုတ်ရင် ဝန်ကြီးကတော်က ဒါရိုက်တာဖြစ်ပြီး ဝန်ထမ်းတွေအားလုံး မန်ဘာမဝင်မနေရတို့ဘာတို့ လုပ်ချင်လုပ်ကြမှာ။
အင်း.. ကိုယ်မသိလို့နေမှာ။ လုပ်တောင်လုပ်ခဲ့ကြလား မသိပါဘူး။
မှတ်မိသေးတယ်။
ကိုးတန်းဖြေပြီးကျောင်းပိတ်ထားတုန်း ကိုယ်နဲ့သိပ်မခင်တဲ့ဆရာမတစ်ယောက်က အတင်းခေါ်ပြီး လင်ဇီးတရားဟောတာ။
ကိုးတန်းကျောင်းသားတစ်ယောက်ဆီက ခြူးတစ်ပြားမှထွက်လာမှာမဟုတ်မှန်းတော့ ဆရာမကသိမှာပါ။
ဒါပေမယ့် ဟိုစပ်စပ်ဒီစပ်စပ်လုပ်တတ်တဲ့ ကိုယ့်အကြောင်းကိုသိတော့ မန်ဘာဆွယ်တဲ့နေရာမှာများသုံးလို့ရမလားဆိုပြီး လက်ချာရိုက်တာ။
စာသင်ရင် ပျင်းရိပျင်းတွဲသင်တတ်တဲ့ဆရာမဟာ ကျောင်းနားကလက်ဘက်ရည်ဆိုင်မှာထိုင်ပြီး ကိုယ့်ကိုတစ်ထိုင်တည်းသုံးနာရီဆက်တိုက် ပွားတယ်။ ကြာတော့ ဖင်တွေပူလာပြီးမခံနိုင်လို့ ခြင်းခတ်ဖို့ချိန်းထားတယ်တီချယ်ဆိုပြီး ထပြေးလာခဲ့ရတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကတခါ။
ကိုယ်လေးစားရတဲ့ဆရာဝန်ကြီးတစ်ယောက်ရဲ့မိန်းမ။
ခါတိုင်းဆို သူတို့အိမ်သွားရင် မျက်နှာကိုချီထားလိုက်တာများ။
သူ့ယောက်ျားကလည်း တကယ့်နေရာကောင်းမှာရာထူးကြီးကြီးယူထားတာဆိုတော့ ချေတာချေတာများ။
အဲ့ဒီလိုမိန်းမကြီးက အိမ်အထိရောက်လာပြီး သူ့ပစ္စည်းတွေထိုးရောင်းတယ်။ အားနာလို့ သုံးသောင်းဖိုးလောက်ဝယ်လိုက်တော့ ပစ္စည်းရောင်းချင်တာထက် မန်ဘာဆွယ်ချင်တာကပိုနေတယ်။
မတတ်နိုင်ဘူး။ ငြင်းလိုက်ရတယ်။
ကိုယ်ဝန်ထမ်းဘဝ ဌာနထဲကဝန်ထမ်းတစ်ယောက်။ သူကတော့ မန်ဘာမဆွယ်ဘူး။ ပစ္စည်းပဲရောင်းတာ။
အားနာလို့ ပစ္စည်းတစ်ခုဝယ်လိုက်ရတယ်။ မတန်တဆဈေးနဲ့။
ဆေးခန်းလာပြတဲ့ လူနာတစ်ယောက်။ ပုံမှန်ဆို စကားကိုလေလုံးကွဲအောင်မပြောဘူး။
ခေါင်းကိုက်လား၊ ဖင်နာလား၊ ခေါင်းနာလား သေအောင်မေးမှ အင်းအဲ တစ်ခွန်းပဲဖြေတာ။
အဲ.. တစ်နေ့ရောက်ချလာတယ်။ ဆေးခန်းထဲမှာ လွှတ်တာလွှတ်တာ တော်ကီတွေ။ သူလို့တောင်မထင်ရဘူး။ ပြောင်းလဲသွားလိုက်တာ။
နောက်မှာတန်းစီစောင့်နေတဲ့လူနာတွေကိုမှ အားမနာ။ နာရီဝက်လောက်ပြောနေတာ။ ဘယ်လိုငြင်းငြင်းမရဘူး။
နောက်ဆုံး လေသံမာမာနဲ့မောင်းထုတ်မှပဲ ပြန်တော့တယ်။
နောက်ပြီး ပဲပင်ပေါက်အားဆေးဆိုတဲ့ Alfafa ဆေး။ အဲဒါကတော့ ဆေးဆိုင်မှာဝယ်သူတွေလာလာမေးကြလို့ ဝယ်တင်ထားတာ။
အဲဒီဆေးကိုရာင်းတဲ့သူက သူ့ပစ္စည်းကိုဒီတိုင်းရောင်းတာထက် မန်ဘာအတင်းဝင်ခိုင်းပြီးရောင်းတာ။ ဇွတ်..။
ဝင်ဖြစ်လိုက်ပါတယ်။ နှစ်လလောက်။
တော်သေးတယ်။ သူ့ဆီကဆေးတွေက အပြင်မှာလည်းရောင်းကောင်းနေတော့ အကုန်ပြန်ရောင်းထွက်သွားလို့ ကိုယ့်ထဲကဘာမှမပါသွားလိုက်ဘူး။
နောက်ပိုင်းလုပ်လာပါလေရော။ အစည်းအဝေးလာတက်ပါတို့ ဘာတို့..။
ဟင်.. ငါက သောက်ရူးလားဟ..။
အဲ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်မှာတော့ MLM တွေနည်းနည်းငြိမ်သွားတယ်ထင်တယ်။
အသံသိပ်မကြားရတော့ဘူး။
အခုတစ်နှစ် နှစ်နှစ်အတွင်းမှာ MLM ကုမ္ပဏီအသစ်တွေထပ်ပေါ်လာတယ်။
မြန်မာနိုင်ငံက တကယ့်ကိုအသစ်စက်စက်ဈေးကွက်ကြီးလေ..။
လုပ်ပုံက ပိုက်ဆံရှိအသိုင်းအဝိုင်းကို အရင်ဆုံးတားဂတ်ထားလိုက်တယ်။
ဟိတ်နဲ့ ဟန်နဲ့ မှင်နဲ့ မောင်းနဲ့ကို ဖဲ့တာ..။
ကောင်းကောင်းကြီးကို ကြိတ်ခဲ့ကြတာ.။
ဘဝပျက်သူတွေ ပျက်ကုန်ကြတယ်။
ကြာလာတော့ အဲ့ဒီအထက်တန်းလွှာဆိုတဲ့လူတွေထဲကမှ သုံးလေးယောက်လောက်က ကုမ္ပဏီထိပ်ပိုင်းကိုရောက်သွားပြီး ကောင်းကောင်းဆက်ဝါးနေရတယ်။
ကျန်တဲ့ ၉၅% လောက်က ခံလိုက်ရတယ်။
သို့သော် ဆင်ပိန်ရင်ကျွဲလောက်ကျန်တယ်ဆိုသလို ပိုက်ဆံရှိတဲ့တော်ရုံလူကတော့ သိန်းသုံးလေးဆယ်လောက်နဲ့တော့ မွဲမသွားခဲ့ကြဘူး။ ဒါပေမယ့် သင်ခန်းစာကောင်းကောင်းရသွားခဲ့တယ်။
ခု သူတို့တွေထပ်ရှာနေတဲ့သားကောင်တွေက လူလတ်တန်းစားရဲ့အောက်ခြေပိုင်းနဲ့ ကျေးလက်နေသူတွေ။
ရှင်းရှင်းပြောရရင် သူတို့လိမ်လို့ရလောက်တဲ့ဉာဏ်တိမ်သူတွေ..။
မြန်မာနိုင်ငံမှာကလည်း လူဦးရေအများဆုံးကလည်း အဲဒီကလပ်စ်ပဲ။
လက်လုပ်လက်စား၊ ပညာရေးအခြေခံနည်း၊ သူများပြောသမျှယုံလွယ်တဲ့ သူမျိုးတွေ။
ရန်ကုန်မြစ်ထဲကခေါင်းလောင်းကြီး ချင်းတွင်းမြစ်ထဲရောက်လာတယ်ဆိုလည်း ယုံလိုက်တဲ့သူမျိုးပေါ့..။
နောက်ထပ်ရှိသေးတယ်။
ဖေ့စ်ဘွတ်ပေါ်မှာ တွေ့နေရတဲ့ငပိန်းတွေ။
ဒီမြွေပုံကိုရှဲပါ ငွေဝင်မယ်ဆိုလည်း ရှဲလိုက်ကြတာပဲ..။
ကားသစ်တစ်စီး မဲဖောက်ပေးမယ်။
ဘာအရောင်လိုချင်လဲ မန့်ခဲ့ကြဆိုလည်း အပြိုင်အဆိုင်မန့်ကြတာပဲ။
စိန်လက်စွပ်မဲဖောက်ပေးမယ်။ LOVE လို့ရေးခဲ့ကြပါဆိုလည်း ရေးကြတာပဲ..။
ဟဲ့ ဒါလေးရေးတာ ဘာများနစ်နာသွားမှာမို့လို့လဲ.။ ရရင်လည်းအမြတ်ပေါ့တဲ့..။
အေးပေါ့ ကိုယ်ပိန်းတာကို တစ်ကမ္ဘာလုံးသိအောင်ကြေငြာပြီးသားဖြစ်တာပေါ့။
သိပ်လိမ်လို့ကောင်းတဲ့လူတွေ။
တကယ့်ကို ရှောက်သီးတွေ..။
ကျေးလက်တောရွာဘက်မှာကလည်း ရှောက်သီးတွေပြွတ်နေအောင်သီးတဲ့ ရှောက်ပင်တွေ ရှောက်ပင်တွေဆိုတာ ရွာလုံးကျွတ်ပဲလေ။
ကဲ...အဲဒီမှာတင် MLM ဘီလူးကြီးတွေက ဈေးကွက်အကြီးကြီးကိုတွေ့တော့တာပဲ။
လပိုင်းအတွင်းမှာတင် ကုမ္ပဏီအသစ်အသစ်တွေ ထပ်ဝင်လာပြီး ခွေးသေကိုကျီးကန်းတွေဝိုင်းထိုးသလို သရဲမရဲကိုစီးပြီး ဝိုင်းတွတ်ကြတော့တာပဲ။ ဒါကြောင့်လည်း အပုတ်နံ့တထောင်းထောင်းနဲ့ ဒီလောက်အသံထွက်လာတာ..။
ဒီလို အရှိန်အဟုန်မျိုးနဲ့ဝိုင်းအမဲဖျက်နေတာကို အချိန်မီမတားနိုင်ရင်တော့ ဒီ MLM ကိစ္စဟာ ဒီနှစ်မကုန်ခင်မှာတင် တပြည်လုံးရဲ့စီးပွားရေးကို
အကြီးအကျယ်ရိုက်ခတ်တော့မယ်။
မယုံရင်တွက်ကြည့်ပါ..။
ဘာမှအဖိုးမတန်တဲ့ပစ္စည်းတွေကို မတန်တဆပေးဝယ်နေရတာ။
ပါသွားတဲ့ပိုက်ဆံတွေ တစ်ယောက်ကို ဆယ်သိန်းပဲထား။
အယောက်တစ်ထောင်ဆို သိန်းတစ်သောင်း။ အယောက်တစ်သောင်းဆို သိန်းပေါင်းတစ်သိန်း။
ပမာဏမနည်းဘူး။
ပြီးတော့ ကြားရသလောက် သူတို့ရဲ့ထိပ်ဆုံးပိုင်းတော်တော်များများက နိုင်ငံခြားသားတွေ။
ဒီမှာလာပြီး ဂျင်းထည့်နေကြတာ။
တွက်ကြည့်ပေါ့။ နိုင်ငံခြားကိုထွက်သွားတဲ့ပိုက်ဆံတွေ ဘယ်လောက်တောင်များနေပြီလဲဆိုတာ..။
ဒါကြီးကို လိမ်ဆင်ကြီးမှန်းသိတဲ့သူတွေ၊ ခံလိုက်ရပြီးတဲ့သူတွေက တပြည်လုံးလူဦးရေနဲ့တွက်ကြည့်ရင် လက်တစ်ဆုပ်စာပဲရှိသေးတယ်။
သူတို့အတွက် စားကျက်တွေ၊ သားကောင်တွေ အများကြီးကျန်သေးတယ်။
ခုလိုမျိုး အစိုးရပြောင်းခါစ နိုင်ငံရေးကလည်း မတည်ငြိမ်၊ ပြည်ပပို့ကုန်မည်မည်ရရမရှိလို့ စီးပွားရေးကလည်း မခိုင်မာ၊ ပြည်သူတွေရဲ့ပညာရေးအဆင့်အတန်းကလည်း နိမ့်ကျလွန်းနေတော့ကာ ဒီအချိန်ဟာ သူတို့အမဲလိုက်ဖို့အကောင်းဆုံးအချိန်ပဲ။
သူတို့ကတော့ အချိန်တိုအတွင်းမှာ ရသလောက်ဝိုက် ရသလောက်ပိုက်ပြီးပြေးမှာပဲ။
ပြောရရင် ဥပဒေကိုလက်တလုံးခြားလုပ်ထားတာ။ တကယ့်ဉာဏ်ကြီးရှင်တွေ။
အရေးယူလို့မရဘူး။
"ဝယ်တဲ့သူက ကြိုက်လို့ဝယ်တယ်။ တန်တယ်ထင်လို့ဝယ်တယ်။ သူတို့ကတဆင့် ထပ်ရောင်းချင်လို့ ကာစတန်မာထပ်ရှာတယ်။ အကျိုးအမြတ်ရတော့ ခွဲယူကြတယ်။
လိမ်နေတာမှမဟုတ်တာ..။ သူတို့တောင်ကျေနပ်သေးတာပဲ။ ခင်ဗျားတို့က ဘေးကနေပြီး ဘာတွေဝင်နာနေရတာလဲ.." ဒါကသူတို့ပြောမယ့်စကား။
တွေးကြည့်တော့လည်း ဟုတ်နေတာပဲ..။
အဲ ချွင်းချက်အနေနဲ့ကတော့ ရောင်းတဲ့ပစ္စည်းက တကယ်လည်းကွာလတီကောင်းတယ်။ ပေးရတဲ့ဈေးနဲ့လည်းထိုက်တန်တယ်ဆိုရင်တော့ တမျိုးပေါ့။ ကောင်းတယ်လို့ပြောရမှာ ဒီတချက်ပဲ..။
သူတို့ဘက်ကတော့ အဲဒါကိုလုံးဝအာမမခံနိုင်ဘူး။ အဲဒါက ကီးပဲ..။
ခင်ဗျားတို့ရောင်းတဲ့ဆေး FDA လက်မှတ်ရပြီးပြီလား။ ဈေးကွက်ထဲက အလားတူဆေးတွေနဲ့ဈေးဘယ်လောက်ကွာနေလဲ။
ဘာကြောင့်ကွာနေလဲ။ ထောက်ရမှာ..။
ကွာလတီကောင်းလို့ဆိုတာမလာနဲ့..။ ကုန်ပစ္စည်းတစ်ခုမှာ သူ့အော်ရဂျင်နယ်ဘရန်းဒတ်ဆိုတာရှိတယ်။
အလားတူတွေ ကော်ပီတွေဆိုတာ အော်ရဂျင်နယ်ဘရန်းထက် ဈေးသက်သာကိုသက်သာရမယ်။
ဒါ အသေအချာပဲ..။
ကဲ အဲဒီတော့ သိတဲ့လူတွေက ဘာလုပ်ကြမလဲ..။
လုပ်နိုင်တာက လွှတ်တော်လမ်းကြောင်းတို့၊ မီဒီယာလမ်းကြောင်းတို့ကနေ တပြည်လုံးသိအောင် သတိပေး။
ဒီတခါ ခံရတော့မယ့်လူတွေက ဟိုးအောက်ခြေကလူတွေဆိုတော့ သူတို့တွေနားလည်လက်ခံအောင် တော်တော်လေးကိုရှင်းပြမှရမှာ။
ခုချိန်မှာ ဟိုလူတွေကတော့ ရွာတွေအထိကို ဆင်းပြီးလိမ်နေကြပြီ။
တရက်တရက်ဆို ပါသွားတဲ့သူတွေနည်းမှာမဟုတ်ဘူး။
ပညာရှင်တစ်ယောက်ပြောတာကြားလိုက်ပါရဲ့..။
MLM က ဘယ်လိုနိုင်ငံတွေမှာအလုပ်ဖြစ်လဲဆိုတော့ ပညာမတတ်တဲ့နိုင်ငံတွေမှာတဲ့.။
သေရောဗျာ..။ ရှက်ဖို့ကောင်းလိုက်တာများ..။
ဟူး....
စိတ်လေတယ်။
ပြောရင်လည်း နောက်ဆုံးဒီဘူတာပဲဆိုက်မှာပဲ..။
ဟိုနွားကြီးတွေ ဖျက်ဆီးခဲ့တဲ့ပညာရေးအဆင့်အတန်းကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလေ..။

https://www.facebook.com/kyatpha.okka/posts/390114411112312