Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 8, 2017

ဥပဒေအထက်က MLM ဈေးကွက်ဂယက် ပြည်သူတွေကို ဘယ်အထိ ရိုက်ခတ်နေလဲ


ဥပဒေအထက်က MLM ဈေးကွက်ဂယက် ပြည်သူတွေကို ဘယ်အထိ ရိုက်ခတ်နေလဲ

တစ်နှစ်အတွင်း လူ ၄၀၀၀ စုဆောင်းနိုင်ပါက ကျပ်သိန်း ၃၀၀ အထိ ရနိုင်ကြောင်း ရှင်းပြထားသည့် Aimstar ၏ တင်ပြမှုကို တွေ့ရစဉ်
ဆင့်ပွားဈေးကွက်လို့ မြန်မာလိုခေါ်တဲ့ MLM (Multi Level Marketing) ဈေးကွက်ဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁၀၀ လောက်အထိ ခြေကုပ်ယူထားပါတယ်။

MLM စနစ်ကို ပြည်သူ လိမ်လည်ဖို့ မဟုတ်ဘဲ မှန်မှန်ကန်ကန် လုပ်တဲ့ကုမ္ပဏီဟာ လက်ချိုးရေရင်တောင် မရှိသလောက် ဖြစ်နေသလို ဒီလို MLM ဈေးကွက်ကို မြန်မာနိုင်ငံမှာလည်း တရားဝင် ခွင့်ပြုမထားပါဘူး။ ဒါပေမဲ့ တာဝန်ရှိသူတွေကတော့ MLM ကြောင့် နစ်နာနေရတဲ့ ပြည်သူတွေနဲ့ MLM ကုမ္ပဏီတွေကို အရေးယူဖို့တော့ ပျက်ကွက်နေဆဲပါ။

မြန်မာနိုင်ငံမှာ MLM ဈေးကွက် ဖြစ်တည်လာခဲ့တာ ဆယ်စုနှစ် နှစ်စုနီးပါးရှိနေပါပြီ။ လူ့လောဘကို အခြေခံ ဆွဲဆောင်တဲ့ ဒီ MLM စနစ်ကြောင့် ချမ်းသာသွားသူတွေက MLM လုပ်ငန်းရှင်တွေပဲဖြစ်ပြီး ပြည်သူတွေကတော့ နစ်နာမှုတွေနဲ့ပဲ MLM လောကကို စွန့်ခွာကြရပါတယ်။

MLM လောကမှာတောင်မှ မြန်မာလုပ်ငန်းရှင်ဆိုတာ လက်ချိုးရေလို့ရတဲ့ အနေအထားဖြစ်ပြီး MLM လုပ်ငန်းရှင်အများစုက ပြည်ပ လုပ်ငန်းရှင်တွေပါ။ ပြည်ပလုပ်ငန်းရှင်တွေလို့ ဆိုလိုက်တာနဲ့ MLM ကြောင့် အလိမ်ခံလိုက်ရပြီဆိုရင် ပြည်တွင်းက သာမန်ပြည်သူတွေရဲ့ ငွေကြေးတွေ၊ ဘ၀သာမက ပြည်တွင်းလည်ပတ်ငွေပါ ပြည်ပကို စီးဆင်းသွားပါတယ်။ ဒီလို MLM ရဲ့ လိမ်လည်မှုတွေကြောင့် တိုင်းပြည်ထဲက ငွေကြေးတွေ ဆယ်စုနှစ် နှစ်စုလောက်အတွင်းမှာ ဘယ်လောက်အထိ စီးထွက်ခဲ့ပြီလဲဆိုတာ မေးခွန်းထုတ်စရာပါ။

ဝမ်းနည်းစရာကောင်းတာက ဒီလို တရားမ၀င် လုပ်ကိုင်နေတဲ့ MLM ဈေးကွက်တွေကို မြန်မာနိုင်ငံမှာ အရေးယူနိုင်တဲ့ ဥပဒေ ရှိမနေဘူးဆိုပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကပါ လက်ပိုက်ကြည့်နေတဲ့ အနေအထားပါ။ MLM ဈေးကွက်စနစ်ကို တည်ဆဲ  Related Law(ဆက်နွှယ်ဥပဒေ)တွေနဲ့ပါ တကယ်အရေးယူလို့ မရတာလား။ ဥပဒေအထက်မှာ အခိုင်အမာ ရပ်တည်နေလို့ အရေးမယူရဲတာလား၊ တာဝန်မဲ့ နေနေတာလားဆိုတဲ့ မေးခွန်းကိုတော့ ပြည်သူကို ကာကွယ်ပေးဖို့ တာဝန်ရှိတဲ့ အစိုးရနဲ့ လွှတ်တော်ကို မေးခွန်းထုတ်ရပါလိမ့်မယ်။

ရန်ကုန်မြို့အပါအ၀င် မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ကြက်ထားတယ်ဆိုတဲ့ Aim Star Network လုပ်ငန်းစုက ကိုဂျိုးဇက်ကတော့ သူ့ရဲ့  Aim Star ပွဲတစ်ခုမှာ ဖြေခဲ့တာက “သူတို့ကို စီးပွားရေးတိုးတက်စေချင်လို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဌာနက ခွင့်ပြုချက်ပေးထားတယ်”လို့ ဖြေဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ဝန်ကြီးဌာန သမိုင်းတစ်လျှောက်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ရှိခဲ့ပါသလား။ ဒီလို မသိနားမလည်တဲ့ ပြည်သူတွေကို  အစိုးရက တရားဝင် ခွင့်ပြုပေးထားသယောင် ဖြေဆိုမှုကို အရေးယူဖို့ ပျက်ကွက်နေခြင်းဟာ  MLM ကုမ္ပဏီတွေကို အစိုးရက အထောက်အပံ့ ပေးတာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

လူပိရမစ်ပုံစံ လူတစ်ဦးကနေ တစ်ဦးဆီကို ဆင့်ကဲသွားနေတဲ့ MLM လောကဟာ လူတစ်ထောင် လူတစ်သောင်းလောက်မှာ လူတစ်ယောက်လောက်ကပဲ ကြီးပွားချမ်းသာ သွားနိုင်ပြီး ကျန်သူတွေကတော့ အဲဒီလူ တစ်ဦး ချမ်းသာဖို့အတွက် ဓားစာခံစနစ် ဖြစ်တာကြောင့်မို့ နိုင်ငံအများစုက ပိတ်ပင်ပြီး ခွင့်ပြုတဲ့ နိုင်ငံအနည်းစုကလည်း အကန့်အသတ်တွေ စည်းမျဉ်းတွေနဲ့ပါ။ ဒီလို အကန့်အသတ်တွေ စည်းမျဉ်းတွေနဲ့ MLM စနစ်ကို ထိန်းချုပ်တာတောင်မှ အမေရိကန်လို နိုင်ငံမျိုးမှာတောင် ဥပဒေဘောင်ထဲက ကလိမ်ကကျစ်ကျနေလို့ အစိုးရကထိုင်ပြီး စောင့်ကြည့် တရားစွဲနေရတဲ့ လုပ်ငန်းလည်း ဖြစ်နေပါတယ်။

ဒီလို မြန်မာနိုင်ငံမှာ အနှစ် ၂၀ နီးပါး မင်းမူလာနေပြီး ပြည်သူတွေ ငွေကြေး လိမ်လည်ခံနေရတဲ့အပြင် ပြည်တွင်း လှည့်လည် သုံးစွဲမှုငွေကြေးတွေပါ ပြည်ပကို စီးထွက်နေရတဲ့ ဒီ MLM စနစ်ကို မြန်မာအစိုးရနဲ့ လွှတ်တော်ဟာ လက်ပိုက်ကြည့်နေဖို့ မသင့်တော့တဲ့အခြေအနေ ဖြစ်လာနေပါတယ်။

“အမြင်ကတော့ MLM ဆိုတာထက် စနစ်ပေါ့ဗျာ။ Ethical Business ဖြစ်အောင် ထိန်းပေးနိုင်တဲ့ Regulatry Body လိုနေတယ်လို့ မြင်ပါတယ်။ MLM က လူတွေစီးပွားရှာနေတဲ့ ပုံစံက Ethical မဖြစ်ဘူးလို့ မြင်ပါတယ်။ အမှန်ကတော့ ဥပဒေလေး တစ်ခုထွက်လိုက်။ MLM တွေက ဟောပြောချင်တယ်ဆိုရင် အကြောင်းအရာကို စိစစ်ပေးမယ့် အဖွဲ့တစ်ဖွဲ့ကိုတင်ရမယ်။ ဥပမာ ဆေးဝါးဓာတ်စာဆိုရင် ကျန်းမာရေးက ဟောပြောမယ့် Content ကို စစ်ရမယ်ဆိုတာမျိုး Regulated body ထားလိုက်။ နောက် MLM ထဲကို Income အနည်းဆုံး ဘယ်လောက်ရှိမှ ပေးဝင်မယ်ဆိုတာမျိုး။ ၀င်ချင်ရင် Risk တွေကို သေချာရှင်းပြပေးမယ့်အဖွဲ့ ထားပေးပါဆိုတာမျိုး။ အခွန်တွေကို ကြပ်ကြပ်မတ်မတ် ကောက်မယ်ဆိုတာမျိုး။ ကုန်ပစ္စည်းဈေးကို ဘယ်လောက်ထက် ပိုမရောင်းရဘူး ဆိုတာမျိုး။ အဲဒီလိုလုပ်ရမှာပဲ။ ဒီစနစ်ကို ဖျက်ချင်တယ်၊ ပျောက်သွားချင်တယ်ဆိုရင် ရင်ဆိုင်ရမယ့် မေးခွန်းက What Next ဆိုတာ ပျောက်သွားရင် ဘာဆက်လုပ်ကြမှာလဲဆိုတဲ့ မေးခွန်း။ ပိုက်ဆံထည့်ထားတဲ့ လူတွေရှိတယ်။ မနေ့တစ်နေ့ကမှ ၀ယ်ထားတဲ့ လူတွေလည်းရှိမယ်။ Company ပျက်သွားတဲ့အခါ သူတို့က ဘာမှမလုပ်ရဘဲဆုံးရှုံးမှာ။ သူတို့အတွက် ပြန်လျော်ပေးလို့ ပြောလို့ရမှာလည်း မဟုတ်။ စီးပွားရေးသဘောအရ တန်တယ်ထင်လို့ ပေးဝယ်ထားတာ ပြန်လျော်ပေးဖို့လမ်း ရှိမှာမဟုတ်ဘူး။ နောက်ဆုံးတစ်ခုက (အကြီးဆုံးပြဿနာလည်း ဖြစ်တယ်) ခုလို တိုင်းပြည်စီးပွားရေး မကောင်းတဲ့အချိန်မှာ မင်းဘယ်လောက်လုပ်ရင် ဘယ်လောက်ရမယ်လို့ သေချာပြောနိုင်တာ ဘယ် Business ရှိလို့တုန်း။ ပြောတဲ့အတိုင်း ရှေ့မှာ တကယ်ရနေတာ မြင်တဲ့အခါ Cash Motivator များတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဒီစနစ်ကို အမြစ်ပြတ်တိုက်ဖို့ဆိုတာ သိပ်မလွယ်ဘူးလို့မြင်တယ်။ နောက် Macro ကကြည့်ရင် ဒီလုပ်ငန်းက မည်သို့ပင်ဆိုစေကာမူ အလုပ်အကိုင်တွေ အများကြီး ဖန်တီးပေးထားတယ်။ အခွန်တကယ်သာ ဆောင်တယ်ဆိုရင် အခွန်ပမာဏ များများရတဲ့ လုပ်ငန်းဖြစ်တယ်။ ပို့ကုန်မရှိလို့ လောလောဆယ် ပိုက်ဆံလိုက်ပတ်ချေးနေရတဲ့ နိုင်ငံငယ်လေးအပေါ်မှာ အခွန်တကယ်ဆောင်တဲ့ ဘယ်လုပ်ငန်းမဆိုက အနည်းနဲ့အများ Bargaining Power ရှိမှာပဲ။ ဒီတော့ Law ထုတ်ပြီးအပြီးတိုင် ရပ်စဲဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့မြင်တယ်။ သူတို့လာတယ်။ လာတဲ့အပေါ်မှာ ကိုယ်တွေအနေနဲ့ ဘယ်လို အကျိုးအမြတ်ရအောင် လုပ်မလဲ ဒါပဲတွေးသင့်တယ် မြင်တာပဲ” လို့  Dika Consulting Firm ရဲ့ Financial Consultant ဖြစ်တဲ့ ဦးမျိုးမြဆွေထွန်းက သုံးသပ်ပါတယ်။

■ MLM သမိုင်း

ဆင့်ပွားဈေးကွက်လို့ မြန်မာလိုခေါ်တဲ့ MLM (Multi Level Marketing) ဈေးကွက်ဟာ ကမ္ဘာမှာ ၁၈၈၀ ၀န်းကျင်လောက်က ဖြစ်တည်လာခဲ့ပါတယ်။ MLM ဆန်ဆန် လူအချင်းချင်း လှည့်ပတ်လိမ်ညာတဲ့ စနစ်ကတော့ ၁၉၇၀ ၀န်းကျင်လောက်မှာပဲ စတင်ဖြစ်ခဲ့တာပါ။ ၁၉၃၀ အချိန်လောက်ကနေ MLM ဆန်ဆန် ဖြစ်လာရာမှာ ကုန်ပစ္စည်း အရောင်းအပေါ်မှာ ကော်မရှင်ပေးရာကနေ လူများများခန့်လေလေ ကိုယ်ကအကျိုးရလေလေ ဖြစ်လာပြီး ၁၉၇၀ နှောင်းပိုင်းမှာတော့ ကမ္ဘာကို စပြီးပျံ့နှံ့လာရာကနေ ဆိုးကျိုးဖြစ်တဲ့ MLM စီးပွားရေး မဟာဗျူ ဟာစနစ်တစ်ခုအဖြစ် ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာ ရှိုင်းဟုတ်က MLM စီးပွားရေးစနစ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အလိမ်ခံရခြင်း များပြားမှုတွေနဲ့ မဖြေရှင်းတော့ဘဲ ထွက်ပြေးမှုတွေ များပြားလာပြီး MLM စီးပွားရေးစနစ်ဟာ ကျေးလက်က မသိနားမလည်တဲ့သူတွေကို ရွာလုံးကျွတ်စည်းရုံးပြီး အကျိုးအမြတ်ရှာဖွေတဲ့ လုပ်ငန်းစဉ်ကို တိတ်တဆိတ် လုပ်နေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ MLM ကုမ္ပဏီပေါင်း ၁၀၀ ခန့်ရှိနေပြီး တချို့ကုမ္ပဏီတွေကတော့ ဖျက်သိမ်းတာနဲ့၊ အစ ရှာမရအောင် ပျောက်သွားတဲ့ ကုမ္ပဏီတွေပါ။ လူတွေနှစ်သက်မှုနည်းလာတဲ့ MLM စီးပွားရေးစနစ်ဟာ ၂၀၁၅ ခုနှစ်လောက်ကစပြီး လူထုအကြားကို အွန်လိုင်းကနေ၊ လူမှု ကွန်ရက်တွေကနေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ပါတယ်။ MLM လုပ်ငန်းကိုပဲ လုပ်ကိုင်တာဖြစ်ပေမယ့် အများစု ပစ်မှတ်ထားလာခဲ့တာက ၀န်ထမ်းတွေနဲ့ ကျောင်းသားတွေကိုပါ။ အသွင်ပြောင်း MLM ရဲ့ ၀န်ထမ်းတွေနဲ့ ကျောင်းသားတွေကို စည်းရုံးရာမှာ “အလုပ်ထွက်စရာမလိုဘူး။ တစ်နေ့ကို တစ်နာရီလောက်ပဲ အချိန်ပေးပါ။ မင်းတို့ မိသားစုအတွက် လိုအပ်တဲ့ တိုက်ခန်း၊ လူတောတိုးရုံ စီးစရာ ကားတစ်စီး၊ မိသားစု စားဝတ်နေရေးကို တစ်လလောက်အတွင်း သိန်း ၃၀၀ ရမယ်။ တစ်နှစ်ကို သိန်း ၃၀၀၀ လောက် ရလာမယ်။ အဲဒီအတွက် ငါတို့ရှင်းပြတာ တစ်နာရီလောက် လာနားထောင်ပါ။ MLM လုံးဝ မဟုတ်ပါဘူး” ဆိုတဲ့ ကြေညာချက်တွေနဲ့ လူငယ်တွေ ၀န်ထမ်းတွေကို သွေးဆောင်လာပါတယ်။

လတ်တလောမှာဆိုရင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ၂၀၁၃ ခုနှစ်မှာ တရားဝင်ခွင့်ပြုချက် ပေးထားတဲ့ Aimstar Network Business က Double Diamond အဆင့် ကိုဂျိုးဇက်ကို စက်တင်ဘာ ၂၁ ရက်က မန္တလေးမှာ လုပ်သွားတဲ့ Aimstar ရဲ့ပွဲမှာ Aimstar Member ၀င်တစ်ဦးက “နင်တို့ စီးပွားရေးက DVB မှာတောင်မှ လိမ်တယ်ဆိုပြီး တက်လာတယ်။ အဲဒါကို ဘယ်လို ဖြေရှင်းသင့်လဲ”ဆိုတဲ့စကားကို မေးမြန်းခဲ့ပါတယ်။
ဒီစကားကို ကိုဂျိုးဇက်က တုံ့ပြန်ရာမှာ “နံပါတ် ၁ သူက အဲဒီ DVB ကို သူကယုံတာလား။ သူက သတင်းဌာနကို ယုံတာလား ကျွန်တော်မေးပါရစေ။ သတင်းထောက်ကို ယုံတာလား။ သတင်းစာ ရေးတဲ့လူကို ယုံတာလား။ တကယ်တမ်းက ကမ္ဘာမှာ ယုံကြည်စရာသတင်းစာတွေနဲ့ သတင်းထောက်တွေ အများကြီးရှိတယ်ပေါ့။ အဲဒီထဲမှာ မြန်မာပြည်တော့ မပါဘူးလို့ ကျွန်တော်ယုံတယ်။ ဘာလို့ဆိုလဲဆိုတော့ နိုင်ငံခြားမှာ သတင်းရေးတဲ့လူက သိလား။ တတ်လို့ရေးတာ။ မြန်မာပြည်မှာ များသောအားဖြင့် ရေးတဲ့လူက ငတ်လို့ ရေးတာ”ဆိုပြီး ဖြေဆိုခဲ့တာကို Aimstar ရဲ့ Facebook စာမျက်နှာမှာ ဗွီဒီယိုဖိုင်အပြင် စာနဲ့ပါ တင်ပေးခဲ့ပါတယ်။

ဒါ့အပြင် “ကဲ ငါလိမ်တယ်ဆိုပါစို့။ Aimstar က ပြောမယ်။ ကဲ လိမ်တယ်ဆိုပါစို့ ဘာကိုလိမ်တာလဲ။ ကဲပြော ထောက်ပြ တစ်ခု ထောက်ပြ ဘာကိုလိမ်တာလဲ။ Aimstar က ဘာကိုလိမ်တာလဲ ကျွန်တော့်ကိုပြော Aimstar က ဘာကိုလိမ်တာလဲ။ Aimstar က သွားတိုက်ဆေးလို့ ပြောပြီးတော့မှ ခင်ဗျားကို ကွမ်းယာ ရောင်းပေးတာလား။ Aimstar က Form ကြေး ၉၀၀၀ ပြောပြီးတော့မှ ခင်ဗျားကို Form ကြေး ၁၀ သိန်း တောင်းတာလား။ Aimstar က မြန်မာနိုင်ငံတော်ကြီး တည်ထောင်ထားတဲ့သူ့ရဲ့အက်ဥပဒေအရ ကျွန်တော်တို့ Aimstar ကို သူ့ရဲ့နိုင်ငံတော်ဘောင်နဲ့ တရားဥပဒေအရ ခွင့်ပြုထားတဲ့ စီးပွားရေး သူ့ရဲ့နံပါတ်ကို သွားကြည့်လိုက်ဦး။ သူ့ကို ခွင့်ပြုထားတဲ့ ဌာနက တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဌာနကနေ ပေးထားပြီးသား။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မယ့် ဌာနတွေ သူ့ကိုပြောလိုက်။ မှတ်ပုံတင်နံပါတ်က ၄၃၂ သဘောပေါက်တယ်နော်။ ၄၃၂ ဆိုတဲ့ နံပါတ်နဲ့ Aimstar ကို စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးဌာနကနေ ပေးထားတာ။ ဆိုချင်တာက လူကြီးက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ချင်လို့ ပေးထားတဲ့ လိုင်စင်ကို သတင်းစာက လျှောက်ရေးတာ။ ဆိုချင်တာက ဟိုက လူကြီးက သူ့လောက် အလို့လား။ အခု ခင်ဗျား စာရေးဆရာက ၀န်ကြီးတက်လုပ်ဖို့ သွားတောင်းလေ။ တော်ရင် ခင်ဗျားဘာဖြစ်လို့ ၀န်ကြီး မလုပ်တာလဲ၊ တော်ရင်ခင်ဗျားဘာဖြစ်လို့ သမ္မတ မလုပ်တာလဲ”လို့ ထပ်ဆင့် တုံ့ပြန်ပါတယ်။

Aimstar ဆိုတာကို ယခင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက Aimstar Network International (Myanmar) Co,Ltd အဖြစ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှာ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်ထုတ်ပေးခဲ့ပြီး သက်တမ်းကုန်ဆုံးမယ့်အချိန်က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း အမျိုးအစားက Services ဖြစ်ပါတယ်။ ဒါရိုက်တာတွေ အမည်မှာတော့ Labha Wat-charasriroj နဲ့ Panint Jhonelerkieat ဆိုပြီး ဖော်ပြထားပါတယ်။

Aimstar ကို စီးပွားရေးလုပ်ငန်း အမျိုးအစား Services နဲ့ ခွင့်ပြုပေမယ့် လက်ရှိမှာတော့ လူအများအပြား ရှာနိုင်မှ ကိုယ့်အတွက် အကျိုးအမြတ်ရမယ့် MLM စနစ်နဲ့ ရပ်တည်နေပါတယ်။ Aimstar မှာ အသင်းဝင်မယ်ဆိုရင် ကနဦးမှတ်ပုံတင်ကြေး ကျပ် ၉၀၀၀ နဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက် အမှတ် ၁၀၀၀ လိုအပ်ပါတယ်။ အမှတ် ၁၀၀၀ ဆိုတာကတော့ Aimstar ကထုတ်တဲ့ ကုန်ပစ္စည်းတွေကို သတ်မှတ်တန်ဖိုးအလိုက် လူသုံးကုန်၊ အလှကုန်တွေ ၀ယ်ရတာပါ။ အမှတ် ၁၀၀၀ ရဖို့ မြန်မာကျပ်ငွေ ၉၆၀၀၀ လောက် သုံးရမှာဖြစ်ပြီး ကျပ် ၁၀၅၀၀၀ သုံးပြီး စာချုပ်ချုပ်ရမှာပါ။ စာချုပ်ချုပ်ပြီးရင် ကိုယ့်အောက်မှာရှိမယ့် လူနှစ်ယောက်ရှာဖို့ လိုပါတယ်။ အဲဒီလို လုပ်ပြီးတဲ့အပြင် လစဉ်လည်း အမှတ် ၃၀၀ ရဖို့ ကျပ် ၃၀၀၀၀ ဖိုး Aimstar ထုတ်ကုန်တွေ ၀ယ်ယူသုံးစွဲဖို့ လိုအပ်ပါတယ်။ ကိုယ့်အောက်မှာ နှစ်ယောက်ကနေ လေးယောက် ဖြစ်လာချိန်၊ လေးယောက်ကနေ ရှစ်ယောက်၊ ၁၆ ယောက်ကနေများဖို့ လိုပါမယ်။ Aimstar က တွက်ပြတာကတော့ ကိုယ်က တစ်လမှာ နှစ်ယောက်ရမယ်။ နှစ်လမှာ လေးယောက်၊ သုံးလမြောက်မှာ ရှစ်ယောက်၊ လေးလမြောက်မှာ ၁၆ ယောက်ကနေ တစ်နှစ်အတွင်းမှာ ၄၀၉၆ ယောက်ဖြစ်သွားပြီး ကိုယ့်လက်အောက်က နှစ်ယောက်ကလည်း ကိုယ့်လိုရှာနိုင်မယ်ဆို  တစ်နှစ်အတွင်း ကိုယ့်လက်အောက်မှာ လူရှစ်ထောင်ကျော် ဖြစ်နိုင်မယ် တွက်ပြထားပါတယ်။ အဲဒီလို တစ်ယောက်ကနေ နှစ်ယောက်ပွားရင် မြန်မာငွေကျပ် ၂၀၀၀၀ ၀န်းကျင်၊ လေးယောက်ဆို ၃၀၀၀၀ ၀န်းကျင်၊ ရှစ်ယောက်ဆို ၆၀၀၀၀ နီးပါး၊ ၁၆ ယောက်ဆို ၁၂၀၀၀၀ နီးပါး။ အဲဒီလို လူအချင်းချင်း ဆင့်ပွားတက်ပြီး ကိုယ်ရှာတဲ့ လူ ၄၀၉၆ ဦးကနေ တစ်နှစ်အတွင်းမှာ ကိုယ့်အတွက် ကျပ်သိန်း ၃၂၀ ၀င်မယ်လို့ Aimstar ရဲ့ MLM ဗျူဟာက တွက်ပြပါတယ်။ ဒါ့အပြင် ကိုယ့်လက်အောက်က လူနှစ်ယောက်က ကိုယ့်လိုပဲ လူထပ်ရှာမယ်ဆိုရင် တစ်နှစ်အတွင်းမှာ ကိုယ့်ရဲ့ဝင်ငွေက သောင်းဂဏန်းကနေ သိန်းရာချီအထိ တက်သွားနိုင်တယ်လို့ Aimstar က မက်လုံးပေးပါတယ်။

မီဒီယာသမားတွေကို သိမ်းကျုံးစော်ကားမှုအတွက် စက်တင်ဘာ ၂၄ ရက်မှာ မီဒီယာသမားတွေက စုဝေးဆုံးဖြတ် တိုင်ပင်ခဲ့ပါတယ်။ ဒါ့အပြင် Aimstar ကို တရားစွဲဖို့နဲ့ မီဒီယာသမားတွေရဲ့ လက်မှတ်ကိုကောက်ခံပြီး တိုင်ကြားဖို့ လုပ်ဆောင်နေတယ်လို့ Myanmar Journalist Network က ဦးဇေယျာလှိုင်က ပြောပါတယ်။

“Aimstar ကိစ္စနဲ့ ပတ်သက်လို့ တရားစွဲဆိုနိုင်ဖို့အထိပါ MJN နေနဲ့ ကောင်စီကို တင်ပြ ဆွေးနွေးသွားပါမယ်။ လောလောဆယ်တော့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဆွေးနွေးထားပါတယ်။ လက်မှတ်တွေ ကောက်ခံရရှိပြီးရင် လက်မှတ်တွေနဲ့အတူ  MJN ကနေ Cover Letter  ရေးပြီး ကောင်စီကို ပို့ပါမယ်”လို့ Press Council မှာလည်း အဖွဲ့ဝင်ဖြစ်တဲ့ ဦးဇေယျာလှိုင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လာရောက် မြှုပ်နှံတဲ့ ပြည်ပ MLM အများစုဟာ များပြားတဲ့ ငွေကြေးတွေ ပိုက်ပြီးတော့ ပြည်ပကို ထွက်ပြေးတာတွေ မကြာခဏဖြစ်နေတာမို့လို့ လက်ရှိအခြေအနေမှာ Aimstar ဟာလည်း ဒီလိုမီဒီယာနဲ့ ပြဿနာဖြစ်လို့ ပြည်တွင်းက ထွက်သွားရတယ်ဆိုရင် ပြည်တွင်းက Aimstar မှာ ငွေကြေးမြှုပ်နှံထားသူတွေက မီဒီယာတွေကြောင့် သူတို့နစ်နာရတယ်ဆိုပြီး ချအနင်းခံရတာ မဖြစ်ဖို့ Aimstar ကို တိုင်ကြားပြီး တရားစွဲဆိုနိုင်ရေး ဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေးထားပါတယ်။

လက်ရှိမှာ Aimstar Network International(Myanmar) Co,Ltd ကိုယ်စား မန္တလေးမှာ ဟောပြောခဲ့ပြီး မီဒီယာသမားတွေကို တတ်လို့ လုပ်တာ မဟုတ်ဘူး။ ငတ်လို့လုပ်တာပါပြောတဲ့ ကိုဂျိုးဇက်ကို Aimstar Network International(Myanmar) Co,Ltd အကြောင်းနဲ့ တခြား အကြောင်းအရာတွေသိရှိဖို့ Aimstar Network International (Myanmar) Co,Ltd အနေနဲ့ ဆက်သွယ်ခဲ့ရာမှာတော့ တာဝန်ရှိသူတွေက ကိုဂျိုးဇက်လို Member ၀င်တွေရဲ့ ဖုန်း  ပေးခွင့်၊ မရှိဘူးလို့ ဆိုပါတယ်။ Member ၀င်ဆိုရင် ဘာ့ကြောင့် ကုမ္ပဏီကို ကိုယ်စားပြုပြီး တက်ပြီး ဟောပြောပါသလဲဆိုပြီး ဆက်လက် မေးခွန်းထုတ်ရာမှာလည်း ကုမ္ပဏီဘက်က ပြောပိုင်ခွင့် မရှိဘူးလို့ပဲ ဆက်လက် ငြင်းဆိုခဲ့ပါတယ်။

■ လက်လှမ်းမီသမျှ MLM ၊ အစိုးရနဲ့ လွှတ်တော်ရဲ့လုပ်ဆောင်မှု ဘာတွေ ဖြစ်လာမလဲ

MLM လို့ နာမည်မခံပေမယ့် လူရှာနိုင်မှုအပေါ်မှာ မူတည်ပြီးတော့ အကျိုးအမြတ် သိန်းရာနဲ့ချီရ နိုင်တယ်ဆိုပြီး ဆွဲဆောင်ထားတဲ့ ကုမ္ပဏီဟာ အနည်းဆုံး ၁၀၀ နီးပါး ရှိနေပါတယ်။ တချို့ကလည်း အွန်လိုင်းကနေပဲ လုပ်ပြီးတော့ အကျိုးအမြတ် ရလာချိန်မှာ ဖျက်သိမ်းသွားလို့ ဘယ်လိုက်ရမယ်မသိတဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိနေပါတယ်။

နောက်တစ်ခုက MLM တွေဟာ အွန်လိုင်းမှာ ပြည်ပနိုင်ငံက ကုန်ပစ္စည်းတွေ ကြေညာတင်သွင်းပြီး ရောင်းချနေတာတွေကို FDA ခွင့်ပြုချက်မယူဘဲ တရားမ၀င် တင်သွင်းနေတဲ့အပြင် တင်သွင်းတဲ့ပစ္စည်းတွေ အတွက်လည်း အခွန်ရှောင်နေတဲ့ အခြေအနေ ဖြစ်နေပါတယ်။ အဆိုးဆုံးကတော့ ပြည်ပကကုမ္ပဏီတွေက လာပြီးတော့ ပြည်တွင်းမှာ MLM လုပ်ပြီး ပြည်တွင်းကျပ်ငွေကို ဒေါ်လာနဲ့ပြန်လဲပြီး ပြည်ပကို တရားမ၀င် သယ်ထုတ်သွားတဲ့ အခြေအနေကြောင့်မို့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုအပေါ်မှာ သက်ရောက်မှုအပြင် ငွေဖောင်းပွမှုလည်း ဖြစ်စေတယ်လို့ မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပါတယ်။

“နှစ်ပိုင်းရှိတယ်ပေါ့။ တစ်ပိုင်းကတော့ ခွင့်ပြုချက်မရဘဲ သွင်းလာတယ်။ အခွန်ရှောင်တယ်ဆိုတာ ဒီဘက်က အားနည်းချက်တွေရှိလို့။ တည့်တည့်ပြောရရင် လုပ်လို့ရလို့ လုပ်နေတာပေါ့။ ဒီအတွက် သေချာကြပ်မတ်သင့်တယ်လို့ မြင်တယ်။ အခုလို အခွန် ထိထိရောက်ရောက် ကောက်ရမယ့် အချိန်မျိုးမှာ သူတို့ကို သေသေချာချာ အခွန်စည်းကျပ် သင့်တယ်လို့မြင်တယ်။ နောက်တစ်ပိုင်းကတော့ MLM ဟာ ဒီလို နစ်နာစေတာ သေချာအောင်စုံစမ်းပြီးရင် Black List သွင်းပြီး  Media  တွေမှာ သေသေချာချာ ဖော်ပြသင့်တယ်လို့ မြင်ပါတယ်။ အခုက တိုင်းပြည်က ဆင်းရဲနေပါတယ်ဆိုမှ MLM က ပြည်သူကိုပါ ဆင်းရဲတွင်းထဲက မထွက်အောင် လုပ်သလို ဖြစ်နေတယ်”လို့ Enchanting Services Co.,Ltdက ဒါရိုက်တာတစ်ဦးက သုံးသပ်ပါတယ်။

Aimstar သာမက Q Net ဆိုတဲ့ အဖွဲ့အစည်းတစ်ခုမှာလည်း တစ်ခုကို ၂၅ ဒေါ်လာပဲ တန်ကြေးရှိတဲ့ Chi Pendant အပြားလေးတွေကို အသင်းဝင်ကြေးအဖြစ် ကျပ်ရှစ်သိန်းခွဲနဲ့ရောင်းချပြီး ဆင့်ပွားလူ မရှာရနိုင်တော့လို့ ထွက်ခဲ့ရသူတစ်ဦးက ဆိုပါတယ်။

“ကျွန်မအိမ်ကလူတွေ ခံလိုက်ရတာ။ သူတို့က Chip နှစ်ခုကို ကျပ် ၁၇ သိန်းသုံးပြီး ၀ယ်လာတယ်။ အဲဒီနှစ်ခုက အွန်လိုင်းမှာကျတော့ တစ်ခုကို ၂၅ ဒေါ်လာပဲ ရှိတယ်။ မလေးရှား ရင်းဂစ်နဲ့ဆို ရင်းဂစ် ၅၀ လောက်ပဲရှိတယ်”လို့ ကိုယ်တွေ့ကြုံခဲ့ရသူ မချယ်က ဆိုပါတယ်။

ဒါ့အပြင် ကျပ်ရှစ်သိန်းခွဲ ရင်းရုံနဲ့ တစ်နှစ်အတွင်း အိမ်ဝယ်နိုင်မယ်ဆိုလို့ ပင်စင်ယူခါနီး မိဘနဲ့ အိုးပိုင်အိမ်ပိုင် နေနိုင်ဖို့Q Net မှာ အဖွဲ့ဝင်ခဲ့ပြီး ကျပ်ရှစ်သိန်းခွဲ ရင်းနှီးမြှုပ်နှံပြီး လူနှစ်ဦးရှာပေးခဲ့ပေမယ့် လက်ရှိမှာ ကိုယ်အရင်းနှီးဆုံး မိတ်ဆွေနှစ်ဦးက သူတို့ကို အလိမ်ခံရအောင် လုပ်တယ်ဆိုပြီး အစွပ်စွဲခံနေရတဲ့အပြင် ဒီလုပ်ငန်းကိုလူတွေ ပါဝင်လာဖို့ လိမ်လည်ဖိတ်ရမယ်ဆိုတဲ့ ပြောဆိုမှုတွေ အချစ်ဆုံးလူတွေကို ဆွဲဆောင်ပါဆိုတဲ့ ပြောဆိုမှုတွေကြောင့် ခင်မင်ရသူနှစ်ဦးကို ထည့်ပေးမိလို့ လူလိမ်ပါ စွပ်စွဲခံနေရတာတွေကြောင့် Q Net နဲ့ ဆက်လက် မပတ်သက်တော့သူ ဒေါ်လင်း (အမည်လွှဲ) ကလည်း “အိမ်က မိဘတွေက ပင်စင်ယူတော့မယ်ဆိုတော့ အဓိက,က လုပ်ငန်းလုပ်ချင်တာပေါ့။ သူတို့နဲ့ တွေ့ပြီး လုပ်ဖြစ်တယ်။ အဖွဲ့ဝင်ဖြစ်ဖို့ ကျပ်ကိုးသိန်းနီးပါးကုန်ပြီး နောက်နေ့သွားတော့ သူက လူတွေကိုလိမ်ပြီး ဖိတ်ခိုင်းတယ်။ ကျွန်မက ဘာလဲပေါ့။ သံသယဖြစ်သွားတယ်။ ကျွန်မ အဲဒီလိုဖြစ်သွားတာ သိသွားတော့ သူက ကိုယ်သာ လပိုင်းအတွင်း သိန်း ၃၀၀ လောက် ရမယ်ဆို ကိုယ့်လို လူတွေကို ဘယ်သူ့ ရစေချင်လဲမေးတော့ ကျွန်မကလည်း အချစ်ဆုံးလူလို့ ဖြေလိုက်မိတယ်။ အဲဒီမှာ သူတို့က အချစ်ဆုံးလူကို ကိုယ့်ဟာ ခွဲမပေးချင်ဘူးလားဆိုတော့ ခွဲပေးချင်တယ်ဖြေမိပြီး သူငယ်ချင်းနှစ်ယောက် ထည့်လိုက်မိတယ်။ အဲဒီအတွက် ရှစ်သောင်း ပြန်ရပေမယ့် ဒီနေ့အထိရှစ်သောင်းနဲ့မတန်အောင် လူလိမ်လို့ အပြောခံနေရတုန်း။ နောက်ပြီး သူတို့က အချိန်မပေးရဘူးလို့သာ အစက ပြောခဲ့ပေမယ့် တကယ်တမ်းကျတော့ သူတို့မျက်နှာကြည့် အချိန်ပေးနေရတယ်။ နောက်တော့ Q Net မှာ တစ်လသိန်း ၅၀ လောက် ရနေပြီဆိုပြီး ပြောတဲ့ကောင်မလေးတွေနဲ့ ထမင်းစားကြတော့ သူတို့က သိန်း ၅၀ လောက်သာ ၀င်နေပြီပြောတာ။ စားတော့ ထမင်းဆီဆမ်းနဲ့။ ကျွန်မလည်း နောက်ဆို အဲဒီလို ဖြစ်သွားမလား တွေးမိတယ်။ နောက်တော့ MLM ဈေးကွက်အကြောင်း သိချိန်မှာ ကျွန်မသူတို့ဆီ မသွားတော့ဘဲ နေလိုက်တယ်”လို့ သူမ အတွေ့အကြုံကို ပြောပါတယ်။

Q Net  နဲ့ပတ်သက်ပြီး ဈေးကြီးမြင့်မှုတွေ လူတွေရဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး တရားဝင်ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ဖုန်းကို ဆက်သွယ်ရာမှာ Q Net  ရဲ့ ကုန်ပစ္စည်းတွေ တင်သွင်းတဲ့ကုမ္ပဏီသာဖြစ်ပြီး ရောင်းချမှုတွေကိုတော့ Q Net Titan  က လုပ်တာမို့လို့ Q Net Titan က ဆက်သွယ်ရမယ့် ဖုန်းပေးမယ်။ ဒီလို Q Net ဟာ နိုင်ငံခြားသားတွေ လုပ်တာမို့ ပြည်ပကကုန်ပစ္စည်း တင်သွင်းခွင့်မရလို့ ကိုယ်စားလှယ်အနေနဲ့ တင်သွင်းတာဖြစ်ပြီး အကောက်ခွန်ကိုလည်း လက်ရှိ ကျပ်ရှစ်သိန်းနဲ့ ရောင်းနေတဲ့ Chi Pendant ပြားကို ခြောက်ဒေါ်လာနဲ့ပဲ တရားဝင် အခွန်ဆောင် တင်သွင်းတာဖြစ်လို့  Q Net Titan က အဆမတန် ဈေးတင်ရောင်းနေလို့ တိုင်းပြည်နစ်နာနေရတဲ့ အတွက်ကြောင့် လက်ရှိ သက်တမ်းကုန်ရင် ဆက်မသွင်းပေးတော့ဘူးလို့ တုန့်ပြန်ပါတယ်။

ခြောက်ဒေါ်လာတန် Chi Pendant ပြား ကျပ်ရှစ်သိန်းနဲ့ ရောင်းနေတဲ့ Q Net Titan ဟာ တိုင်းပြည်အတွက် အခွန်အတိအကျ ဆောင်နေလားဆိုတာတော့ အကောက်ခွန်ဦးစီးဌာနကနေ တရားဝင်ခွင့်ပြုချက်နဲ့ တင်သွင်းလာတဲ့ Q Net ရဲ့ Chi Pendant ပြား အရေအတွက်သိရုံနဲ့ ပြည်တွင်းအခွန်များ ဦးစီးဌာနဟာ အခွန်အပြည့်အ၀ ဆောင်မဆောင် သိရမှာ ဖြစ်ပါတယ်။

Q Net Titan ဟာ လက်ရှိမှာ စနစ်တကျ လုပ်ဆောင်နေပြီး ကုမ္ပဏီက တန်ဖိုးမြင့်နေမှုနဲ့ သူ့အနေနဲ့ စတင်ခဲ့ပြီး အောင်မြင်အောင် လုပ်ခဲ့တာဖြစ်ကြောင်းနဲ့ စနစ်တကျပဲ နိုင်ငံတကာမှာ လုပ်ဆောင်နေတယ်လို့ Q Net Titan ကုမ္ပဏီမှာ စတင်လုပ်ခဲ့ပြီး လက်ရှိမှာ အောင်မြင်နေတဲ့ ကိုရော်ဘင်က တုံ့ပြန်ပါတယ်။ သူဟာ အောင်မြင်သူသာဖြစ်ပြီး ကုမ္ပဏီတည်ထောင်သူ မဟုတ်တာကြောင့် ကုမ္ပဏီကို မေးပါလို့လည်း တုံ့ပြန်ပါတယ်။
ဒါ့အပြင် Aimstarနဲ့  တခြား MLM  မှာလုပ်ဖူးတဲ့ မမွန်ကလည်း ဒီလိုလုပ်ကိုင်ရာမှာ လစဉ်ပစ္စည်းတွေ ၀ယ်နေရပြီး လူအများကြီး ပါလာအောင် ထပ်ရှာနေရတာ၊ လူမရှာနိုင်ရင် လစဉ်ပိုက်ဆံရဖို့ ကုန်ပစ္စည်းတွေ အထပ်ထပ် ၀ယ်နေရပြီး ပြန်ရောင်းမရလို့ ကိုယ့်ဆီမှာ ပစ္စည်းတွေ စုပုံလာတာ၊ ဒီကုန်ပစ္စည်းတွေက ဈေးအရမ်းကြီးနေပေမယ့် သူတို့ ရောင်းချတဲ့ကုန်တွေထက် အရည်အသွေးမြင့်ပေမယ့် ဈေးချိုနေတဲ့ အခြားထုတ်ကုန်တွေကြောင့် အပြင်မှာ ပြန်ရောင်းရခက်တာတွေကြောင့်မို့ ဆက်မလုပ်တော့ဘဲ ငွေအဆုံးခံပြီး ထွက်လိုက်တယ်လို့ ပြောပါတယ်။

“ကျွန်မနဲ့ အတူတူလုပ်တဲ့ အစ်မကြီးတစ်ယောက်ဆို နယ်မှာ ဆန်စက်ပိုင်တယ်။ သူက အဲဒါကို စိတ်ဝင်စားပြီး လုပ်တယ်။ နယ်က တက်လာပြီးတော့ လူတွေခေါ်ခေါ်လာတယ်။ ကြာလာတော့ သူလည်း လူတွေမခေါ်နိုင်။ ဒီကုမ္ပဏီတွေမှာ မြှုပ်နှံနေတော့ ဆန်စက်ကလည်း မလည်နိုင်ဖြစ်နေပြီး အခုဆို ဘ၀ပျက်သွားတယ်”လို့ မမွန်က ဆိုပါတယ်။

လက်ရှိမှာ MLM နဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ လှုပ်ရှားနေသူက ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်က ဦးတင်ထွန်းနိုင်ဖြစ်ပါ တယ်။ တခြား လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း လွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့ စောင့်ကြည့်နေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ MLM နဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်ဆိုရင် ဥပဒေအပြင် စောင့်ကြည့်မယ့်အဖွဲ့အစည်း လိုအပ်တဲ့အပြင် တရုတ်နိုင်ငံလို MLM ကို လုံးဝပိတ်ပင်တာ၊ စင်ကာပူနိုင်ငံလို MLM ကို ခွင့်ပြု ထားပေမယ့် ချထားတဲ့ စည်းကမ်းတွေ အရမ်းတင်းကျပ်ထားပြီး ၀င်ရောက် လုပ်ကိုင်မယ့် အရောင်းကိုယ်စားလှယ်အတွက် ငွေကြေးအရ စွန့်စားမှုမရှိစေရဘူး။ (အရင်း သိပ်များတာမျိုး မဖြစ်ရဘူး) ရက် ၆၀ အတွင်း မလုပ်ချင်တော့လို့  ထုတ်ကုန်တွေကို ပြန်အပ်ရင် Company ဘက်က ငွေပြန်အမ်းပေးရမယ်။ ချမ်းသာဖို့လွယ်တဲ့ စီးပွားရေးဆိုတာမျိုးပြောပြီး မစည်းရုံးရဘူး။ လူတွေကို လိမ်ညာ မစည်းရုံးရဘူး။ထုတ်ကုန်ရဲ့ အရည်အသွေးကိုသာ ဦးစားပေးပြီး အရောင်းမြှင့်တင်မှု လုပ်ရမယ်။ တကယ်လို့ ငွေရနိုင်တဲ့ အလားအလာကို Company/MLM က ပြမယ်ဆိုရင်ဒီ MLM Company မှာလုပ်ခဲ့သမျှ အရောင်းကိုယ်စားလှယ်တွေရဲ့ အမြင့်ဆုံးဝင်ငွေ၊  အနိမ့်ဆုံးဝင်ငွေ၊ ပျမ်းမျှဝင်ငွေတွေကို အကုန်ပြပေးရမယ်။ ဆုကြေးဟာ လူသစ်စုတာကနေ မဟုတ်ဘဲ ထုတ်ကုန် တကယ်ရောင်းချခြင်းကနေပဲ လာရမယ်ဆိုတဲ့ အချက်တွေနဲ့ အမေရိကန်နိုင်ငံမှာလို ဆုကြေးရဖို့ လတိုင်းမှာ အနည်းဆုံး လက်လီ ၀ယ်ယူသူ (ကွန်ရက်အတွင်းက မဟုတ်သူ ) ၁၀ ယောက်ကို ထုတ်ကုန်ရောင်းချနိုင်ဖို့၊ မရောင်းနိုင်ရင် ဆုကြေးမရဘူး (ထုတ်ကုန်ရဲ့ အရည်အသွေးကို ပြင်ပစားသုံးသူတွေရဲ့လက်ခံမှုနဲ့ စမ်းသပ်စစ်ဆေးတဲ့ သဘော ) နောက်ထပ် ထုတ်ကုန် ထပ်မမှာခင် ကိုယ့်မှာရှိတဲ့ ထုတ်ကုန် ရာခိုင်နှုန်း ၇၀ ကို ရောင်းချ (စားသုံး) ပြီးဖြစ်ရမယ်။ (လောဘတက်ပြီး စွတ်ဝယ် မိတာမျိုးကို ကာကွယ်တဲ့သဘော) မသုံးရသေးတဲ့ ထုတ်ကုန်တွေကို ရက် ၉၀ အတွင်း ပြန်အပ်လာရင် ရာခိုင်နှုန်း ၉၀ ငွေ ပြန်အမ်းပေးရမယ်။ (လောဘကြောင့် ၀ယ်လိုက်မိလည်း အချိန်မရွေး နောက်ဆုတ်လို့ရအောင် ကာကွယ်ပေးတဲ့ သဘော) စတဲ့
ကန့်သတ်မှုမျိုးတွေနဲ့ လုပ်မလားဆိုတာကို Anti-MLM Campaign တွေ ဦးဆောင်လုပ်နေတဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေကို MLM  ဥပဒေတွေ၊ ဥပဒေ မရှိခင်မှာ MLM တွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ Active English သင်တန်း တည်ထောင်သူဖြစ်ပြီး ကိုယ်တိုင်လည်း MLM မှာ ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးတဲ့ ဦးဇင်ဇေလွင်က ပြောပါတယ်။

“နောက်ဆုံးဗျာ MLM  ဥပဒေ ထွက်လာပြီ။ ဒါပေမဲ့ အမေရိကမှာတောင်မှ ဥပဒေကို မလိမ့်တပတ်လုပ်ပြီး လိမ်နေလို့ FTC က တရားထိုင်စွဲနေရတယ်။ တရားတစ်ခါစွဲရင် သုံးနှစ်လောက်ကြာတယ်။ တရားအစွဲခံနေရချိန်မှာ ဆက်လုပ်နေကြတော့ ထပ်ပြီး နစ်နာနေပြန်တယ်။ နောက်ဆုံး တရားစွဲခဲ့တာ Herbalife  ကို။ Herbalife ဆိုတာ MLM လောကမှာ နံပါတ် (၃) နေရာမှာရှိတယ်။ တကယ့်အကြီးကြီး။ စတော့မားကက်ကို ၀င်ထားတယ်။ သူ့ကို တရားစွဲတော့ FTC ကနိုင်သွားတယ်။ နိုင်သွားတော့ သန်း ၂၀၀ လျော်ရတယ်။ Busi-ness Model ပြင်ခိုင်းတယ်။ ရာခိုင်နှုန်း ၇၀ အပြင် ရောင်းနိုင်မှ မရောင်းနိုင်ရင် ကော်မရှင်မပေးနဲ့။ အဲဒါက ကုမ္ပဏီတစ်ခုပဲရှိတယ်။ အခု မြန်မာနိုင်ငံမှာ ဒါမျိုး ၅၀ လောက်ရှိတယ်။ ဘယ်သူက တရားစွဲမှာလဲ။ ဘယ်သူက စောင့်ကြည့်မှာလဲ။ ဥပဒေ ထွက်တာကလည်း ကောင်းတယ်။ ဒါပေမဲ့ တကယ် တိတိကျကျ လုပ်နိုင်ဖို့လိုတယ်။ တော်တော်လေး သတိထားပြီး လုပ်စေချင်တယ်။ အဲဒီတော့ အစိုးရအနေနဲ့တစ်ခုခုတော့ ပြတ်ပြတ်သားသား လုပ်မှရမယ်။ လုပ်မယ်ဆို ရေရှည်လုပ်။ ခဏနဲ့တော့ မရဘူး”လို့ ဆိုပါတယ်။

ဒီလို ဘက်စုံနစ်နာနေရတဲ့ MLM ကို အစိုးရအနေနဲ့ ထိန်းချုပ်နိုင်ရန် အခွန်ရငွေမြင့်တက်လာမှုအပြင် ပြည်တွင်းမှာ ဖြစ်နေတဲ့ ကျန်းမာရေးပြဿနာတွေလည်း ဖြေရှင်းလာနိုင်မယ်လို့ NLD ရဲ့ စီးပွားရေးမူဝါဒ စာတမ်းရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့ ပညာရှင်က သုံးသပ်ပါတယ်။ လက်ရှိမှာ NLD အစိုးရအနေနဲ့ အစည်းအဝေးတွေ လုပ်နေပေမယ့် အကျိုးရှိမှုနည်းနေတဲ့အပြင် ပွင့်လင်းမြင်သာမှု မရှိဘူးလို့လည်း ဝေဖန်ပါတယ်။ ဒါ့အပြင် MLM တွေကြောင့် တိုင်းပြည်ပြင်ပကို စီးထွက်သွားတဲ့ ငွေတွေကို ထိန်းချုပ်နိုင်မှု မရှိတာဟာ မြန်မာ့ငွေကြေး ဖောင်းပွမှုကို ဆိုးရွားစေပြီး လက်ရှိငွေကြေးဖောင်းပွမှုဟာ ဦးသိန်းစိန် အစိုးရလက်ထက်က အခြေအနေထက်ကို ဆိုးရွားတဲ့ အခြေအနေဖြစ်နေပြီလို့ ထောက်ပြပါတယ်။

MLM တွေနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က “MLM ကို တရားမ၀င် စီးပွားရေးအဖြစ် ကန့်သတ်တားမြစ်တဲ့ဥပဒေ (သို့မဟုတ်) ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် ရှိရင် တရားစွဲအဖွဲ့အစည်းက တရားစွဲခွင့်ရှိပါတယ် DICA ကတော့ ဥပဒေအရ ကန့်သတ်တားမြစ်ထားတာကို လုပ်တဲ့ကုမ္ပဏီကို  ၁၉၁၄ ကုမ္ပဏီအက်အရ တရားရုံးကိုဖျက်သိမ်းဖို့ လျှောက်ထားနိုင်ပါတယ်။ MLM ကို ကန့် သတ်တားမြစ်ထားတဲ့ တရားမ၀င် စီးပွားရေးအဖြစ် တည်ဆဲဥပဒေ တစ်ခုခုအရ အရေးယူနိုင်တဲ့ ပြဋ္ဌာန်းချက်ရှိဖို့က အဓိကကျတယ်”လို့ ဆို ပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက တည်ဆဲဥပဒေအရ တားမြစ်ထားတဲ့ လုပ်ငန်းတွေ လုပ်ငန်းတွေ လုပ်ဆောင်လာရင် ၁၉၁၄ ကုမ္ပဏီအက်အရ တရားရုံးကို ဖျက်သိမ်းဖို့ လျှောက်ထားနိုင်တယ်ဆိုတဲ့အချက်ကို ထောက်ခံပြီး အမြန်ဆုံး DICA အနေနဲ့ လုပ်ဆောင်သင့်တယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ စီးပွားရေးပညာရှင် ဦးသန်းစိုး(ဘောဂဗေဒ)က သုံးသပ်ပါတယ်။

“လောလောဆယ်မှာတော့ MLM ကို ထိန်းကျောင်းဖို့ သင့်နေပြီလို့ မြင်တယ်။ ဥပဒေမရှိသေးတော့ ဒါကို ဘယ်လိုချဉ်းကပ်သင့်လဲ ဆိုတာတော့ လိုတာပေါ့။ ဒါပေမဲ့ FDI Law တို့၊ ကုမ္ပဏီအက်ဥပဒေတို့နဲ့ လုပ်ရင် လုပ်လို့ရမှာပါ”လို့ ဦးသန်းစိုးက ဆိုပါတယ်။
Writer: 
ဖြိုးဝေ