Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 20, 2017

MLM လုပ်ငန်းများကို အရေးယူနိုင်မည့် ဥပဒေရေးဆွဲ


MLM လုပ်ငန်းများကို အရေးယူနိုင်မည့် ဥပဒေရေးဆွဲ
05-Jan-2017 tagged as mlm

ရန်ကုန်၊ ဇန်န၀ါရီ ၅

ဆင့်ပွားရောင်းဝယ်ရေးလုပ်ငန်း (MLM) များကို ဥပဒေဖြင့် အရေးယူနိုင်ရန် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအသစ်အတွင်း ထည့်သွင်း ရေးဆွဲထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ဥပဒေအတွင်း ပြစ်မှု၊ ပြစ်ဒဏ်များကို ယခင်ဥပဒေဟောင်းထက် ပိုမို တင်းကျပ်ထားပြီး MLM လုပ်ငန်းများနှင့် အခြားစီးပွားရေး လုပ်ငန်းက စားသုံးသူ နစ်နာစေရန် ပြုလုပ်မည်ဆိုပါက ငွေဒဏ် ကျပ်သိန်း ၂၀၀၀၊ ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်၊ ထောင်ဒဏ် နှစ်မျိုးလုံးလည်း ကျခံရမည်ဖြစ်ကြောင်း ဥပဒေသစ်တွင် ထည့်သွင်း ရေးထားသည်။

“MLM ကုမ္ပဏီအချို့က အများပြည်သူကို ထိခိုက် နစ်နာအောင် လုပ်ဆောင်နေတာကို တွေ့ရတဲ့အတွက် စားသုံးသူဘက်က ပြန်ကာကွယ်ပြီး တရားစွဲနိုင်အောင်လို့ ဥပဒေအဖြစ် ထည့်ရေးလိုက်တာပါ”ဟု စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က ပြောဆိုသည်။

လတ်တလော အဆိုပါ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီး ထိုမှ ပြန်လည်ရရှိလာပါက လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနထံမှ သိရသည်။

“လူမှုရေးကို အခွင့်ကောင်း ယူပြီး ကုန်ပစ္စည်းတွေကို ပြင်ပဈေးထက် ပိုရောင်းတဲ့ လုပ်ငန်းတွေကို အရေးယူဖို့ ဥပဒေ ထွက်လာမှာ ကောင်းပါတယ်”ဟု MLM ကြောင့် ကိုယ်တွေ့ နစ်နာခဲ့သူ စမ်းချောင်း မြို့နယ်အတွင်း နေထိုင်သူ မမျိုးမျိုးထက်က ပြောဆိုသည်။

၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံတွင် MLM စနစ်ဖြင့် လေဆေးနှင့် ဖြည့်စွက်စာများ ဖြန့်ဖြူးရောင်းချခဲ့သည့် ပြည်တွင်း ကုမ္ပဏီ နှစ်ခုနှင့် ပြည်ပကုမ္ပဏီ တစ်ခုတို့ကို အရေးပေါ် စီမံချက် အက်ဥပဒေဖြင့် ထောင်ဒဏ်ချမှတ် အပြစ်ပေးခဲ့သကဲ့သို့ နာမည်ပျက် စာရင်းသွင်းကာ ကုမ္ပဏီပိုင်ငွေနှင့် ပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

http://thevoicemyanmar.com/news/5080-mlm