Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

MLM လုပ်တော့မယ်ဆိုရင်



MLM (Multi-level Marketing) က ဘာကို ရောင်းတာလဲလို့ မေးရင်၊ လူသိများတဲ့၊ ဒါမှမဟုတ် ခုမှ ဈေးကွက်ရှာနေတဲ့ ပစ္စည်းအမျိုးမျိုးရဲ့ အမည်တွေကို ရွတ်ပြကြမယ် ထင်ပါတယ်။ ဒါပေမယ့် သူတို့ တကယ် ရောင်းနေ တာက မျှော်လင့်ချက် နှင့် ဂုဏ်သိက္ခာ (Hope and Pride) ကိုပါ။ လူတိုင်းအောင်မြင် ချင်ကြပါတယ်။ အပိုဝင်ငွေများများ ၀င်နိုင်ဖို့ မျှော်လင့်မိကြပါတယ်။ သက်သက်သာသာနဲ့ အပိုဝင်ငွေ များများ ရနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်ကို MLM ကုမ္ပဏီတွေက စပြီး ရောင်းကြပါတယ်။

Silver, Pearl, Gold, Platinum, Diamond Member စတဲ့ အဆင့် အမျိုးမျိုးတွေ ရောက်ရင်၊ ဆင့်ပွား အကျိုးအမြတ်က သပိတ်ဝင် အိတ်ဝင် ဘယ်လိုရမယ် ဆိုတာကို လက်ကမ်းစာစောင်တွေ၊ Presentation တွေ၊ ကိုယ်တွေ့ကြုံသူတွေနဲ့ ရွှန်းရွှန်းဝေအောင် ခမ်းခမ်းနားနား ပရိုမိုးရှင်း လုပ်ကြပါတယ်။ ဘယ်သူဖြင့် ဘယ်အဆင့်ရောက်လို့ လစဉ် ဘယ်လောက်ဝင်နေပြီ။ ဘယ်သူကတော့ Member of the month ရလို့ ဘယ်လို ဂုဏ်ပြုခံရတယ် စသဖြင့် အားကျစရာ သွားရည်ယိုစရာပေါ့။ ဒါပေမယ့် သူတို့ သေချာ မပြောတဲ့၊ မတင်ပြတဲ့ အကြောင်းတခုတော့ ရှိပါတယ်။

အဲဒါက သူတို့ တကယ်ရောင်းမယ့် ပစ္စည်းရဲ့ အကြောင်းပါ။ ဘာပစ္စည်းလေးပါ၊ ဘယ်လိုလေး အသုံးဝင်ပါတယ် ဆိုတဲ့ သာမန်ကာရှန်ကာလောက်ပဲ ပြောပါတယ်။ နားထောင်နေတဲ့ အဖွဲ့ဝင် လောင်းတွေက MLM ကုမ္ပဏီရဲ့ မျှော်လင့်ချက် ရောင်းကုန် (Hope Product) ကို ၀ယ်လိုက်ပြီ ဆိုတော့ တကယ်ရောင်းရမယ့် ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် ပစ္စည်း စတဲ့ Real Product တွေကို စိတ်မ၀င်စား တော့ပါဘူး။ရှားရှား ပါးပါး စိတ်ဝင်စားလို့ မေးတဲ့သူရှိရင်လည်း 'အဆင့်မြင့်နည်းပညာ၊ နောက်ဆုံးပေါ်၊ နန်းတွင်းလက်သုံး၊ ရှေးဟောင်းရိုးရာ၊ ကျန်းမာရေးရဲ့ လျှို့ဝှက်ချက် စတဲ့ စကားလုံးကြီးကြီးတွေနဲ့ တရစပ် ဖိပစ်လိုက်ပြီး လမ်းကြောင်း ပြောင်းပေး လိုက်ပါတယ်။ အဆင့်မြင့်မြင့် ပြင်ဆင်ထားတဲ့ MLM ကုမ္ပဏီတွေကတော့ အထောက်အထား အချို့ကို ပြနိုင်ပါတယ်။ ရွှေရောင် ဖိတ်ဖိတ်တောက်၊ ကာလာစုံ ကြွေစက္ကူပေါ်က ထောက်ခံချက်တွေ၊ Certificate တွေက တခဏအတွင်း မှင်သက်မိလောက်စရာပါ။ တခါတလေဆို သက်ဆိုင်ရာနယ်ပယ်အလိုက် ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ပညာရှင်တွေကိုပါ ခေါ်သုံးပြကြပါတယ်။ ယုံပေဦးတော့။

ဒီလိုနဲ့ MLM ကုမ္ပဏီက ရောင်းတဲ့ မျှော်လင့်ချက် (Hope) ကို ယုံကြည်ကိုးစားပြီး အဖွဲ့ဝင် လိုက်ကြပါတယ်။ ပြီးတော့ လစဉ် သတ်မှတ်ချက်ပြည့်အောင်၊ ဒါမှမဟုတ် အဖွဲ့ဝင် အမှတ်ပြည့်အောင် လုပ်ရပါတော့တယ်။ အဲဒီမှာ ဂုဏ်သိက္ခာ (Pride) ရောင်းပွဲ စ တော့တာပါပဲ။ မိမိနဲ့ နီးစပ်ရာ ဆွေမျိုးသားချင်း၊ လုပ်ဖော် ကိုင်ဖက်၊ လက်အောက်ငယ်သား၊ တပည့်တပန်းတွေကို MLM အကြောင်း ရွှန်းရွှန်းဝေအောင် ပြန်ပြောရင်း အဖွဲ့ဝင် ဖြစ်အောင် ဆွယ်တရား ဟောရ ပါတော့တယ်။ အဲဒီလိုလုပ်ကြရတဲ့ အဖွဲ့ဝင် တွေဟာ လူသူလေးစားလောက်တဲ့ အလုပ်အကိုင်တခုခု ရှိတဲ့သူ ဒါမှမဟုတ် တည်ကြည် ရိုးသားတဲ့ ပင်စင်စားကြီးတွေ ဖြစ်တတ်ပါတယ်။ လူဝင်ဆန့်တဲ့ သူတွေ၊ အကျိုးဆောင်လုပ်နေသူတွေ၊ အပြင်အလုပ်မလုပ်ဖြစ်တဲ့ အိမ်ရှင်မတွေ လည်း ပါတတ်ပါတယ်။

သူတို့အပေါ်ထားတဲ့ ခင်မင်လေးစားမှု၊ ယုံကြည်မှု၊ ချစ်ခင်မှုတွေ၊ သူတို့ရဲ့ ဂုဏ်သိက္ခာတွေ ကြောင့်ပဲ နောက်ထပ် အဖွဲ့ဝင်သစ်လေးတွေ ဖြစ်လာရပြီး၊ MLM ၀ဲဂယက်မှာ အစုံအဆန် ကူးခတ်ကြရပါတော့တယ်။ တနေ့ကြရင် အမှတ်မြင့်တဲ့၊ ဆင့်ပွားဝင်ငွေကောင်းတဲ့ အဖွဲ့ဝင် ဖြစ်လာမှာကို မျှော်လင့် အိပ်မက်ရင်းပေါ့။

ရုံးအုပ်ကြီးကတော် တောင်လုပ်နေတာ အတော်အဆင်ပြေသတဲ့၊ တို့ရပ်ကွက်ကျောင်းက ဆရာမလေးကလည်း ဒါလေးလုပ်ရတာ မဆိုးဘူးဆိုပဲ။ အိမ်ဘေးနားက ပင်စင်စား ကြီးကြီးကတော့ လကုန်တိုင်း အမြတ်ခွဲဖို့ကို ထီးကြီးကိုင်ပြီး အားကြိုးမာန်တက် သွားနေတာပဲ။ ကျွန်မတို့ စက်ရုံက အလုပ်ရုံခွဲမှုးကြီးလဲ အဲလို ဆေးတွေ ယူရောင်းနေတာပဲ။ ကျွန်တော့်သူငယ်ချင်းက စင်္ကာပူသွားမယ်လုပ်နေတာ MLM နဲ့ အဆင်ပြေလို့ အခုမသွား တော့ဘူးတဲ့။ ဘကြီးကို သွားကန်တော့ တော့၊ ငါ့တူကြီး တဖက်တလမ်းက ၀င်ငွေရအောင် ဒါလေးလုပ်၊ အရှုံးမရှိဘူး၊ လစဉ်လည်း ပြန်ဝင်နိုင်သေးတယ်တဲ့ ....

စတဲ့၊ စတဲ့ စကားသံတွေကို ကြားယောင်ရင်း၊ MLM ကုမ္ပဏီရဲ့ Hope Product ၊ လာရောင်းတဲ့ (သို့မဟုတ်) လမ်းညွှန်ပေးတဲ့သူရဲ့ Pride Product တွေကို ၀ယ်ယူမိလိုက် ကြတာပါ။ တကယ် ရောင်းရမယ့် ဆေးတွေ၊ အလှကုန်စတဲ့ Real Product ကတော့ မှန်ဘီရိုထဲ သိမ်းလိုသိမ်း၊ ဘုရားစင်ပေါ်တင်လိုတင်၊ ခေါင်းရင်းနားထားလိုထားနဲ့ပေါ့။ အဲဒါတွေက လူတိုင်းအတွက် အသုံးတည့်တာမှ မဟုတ်တာလား။

MLM မှာ ဘယ်အဆင့် အဖွဲ့ဝင် တွေ အကျိုးရှိလဲ။
အမြင့်ဆုံးလို့ သတ်မှတ်ကြတဲ့ Diamond, Platinum စသည့် Initial Member Level တွေပဲ အကျိုးရှိပါတယ်။ ကျန် အဖွဲ့ဝင် များက အဆင့်နိမ့်လေ၊ ရုန်းကန်ရလေပါပဲ။ အမြတ်ရဖို့ မရေရာပါဘူး။ ဆန်းစစ်မှုတခုမှာ အဖွဲ့ဝင် တွေရဲ့ ၉၉.၇ ရာခိုင်နှုန်းက အရှုံးနဲ့ အဆုံးသတ်သွား တယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတာကို MLM Model တခုဖြစ်တဲ့ အောက်က ပိရမစ်ပုံ အဖွဲ့ဝင် အဆင့်ပြ ပုံကို ကြည့်လို့ ရပါတယ်။ အဖွဲ့ဝင် ၁ ယောက်က ၆ ယောက် ရှာပေးရမယ် ဆိုတဲ့ ပုံစံနဲ့ ၆ နဲ့ ဆပွား သွားပါတယ်။ အပြင်မှာ သုံးတတ်တဲ့ ၁၀ ယောက် ဆပွားပုံစံဆို ဒီထက်များပါတယ်။




ထိပ်ဆုံး ၆ ယောက်က အမြင့်ဆုံး Initial Member Level တွေဖြစ်ပါတယ့်။ ၆ ယောက်စီ ဆပွားခေါ်လာလိုက်ကြတာ၊ ၈ ဆင့်မြောက် အဖွဲ့ဝင် တွေ အလှည့်လည်း ရောက်ရော ရန်ကုန်မြို့နဲ့ ပတ်ဝန်းကျင် က လူတွေ အားလုံးနီးပါး အဖွဲ့ဝင် ဖြစ်ကုန်ပါပြီ။ ( ၁.၈ သန်းနီးပါးပေါ့။) သူတို့က အဖွဲ့ဝင်သစ် ထပ်ရှာကြရင်တော့ ၁၀ ဆင့်မြောက်မှာ မြန်မာ တနိုင်ငံလုံးက ကလေး၊ လူကြီး အကုန် သန်း ၆၀ လောက် အဖွဲ့ဝင် ဖြစ်မှ ရပါမယ်။ ၁၃ ဆင့်မြောက်ကြရင်တော့၊ တကမ္ဘာလုံး လူကုန် ၀င်ရင်တောင်၊ အကျိုးအမြတ်ဖြစ်ဖို့ ခဲယဉ်းသွားပါပြီ။ နှစ်ကမ္ဘာစာ လူ ၁၃ ဘီလီယန်လောက်က အဖွဲ့ဝင်မှ ရပါတော့တယ်။

MLM ကုမ္ပဏီတွေက ဒီလို တွက်ကြမှာ စိုးတော့၊ အဖွဲ့ဝင် အသစ် ဘယ်နှစ်ယောက်ခေါ်လာရင်၊ ဘယ်အဆင့် တိုးမယ်၊ ဘယ်လောက် အကျိုးအမြတ်ရှိမယ် ဆိုတာမျိုးပဲ ပြောကြပါတယ်။ ဘယ်အဆင့် အဖွဲ့ဝင် တွေ ဘယ်လောက် ရှိပြီ ဆိုတာတော့ ကြေငြာလေ့ မရှိပါဘူး။ ကြေငြာရင်လဲ၊ အားကျစရာ ထိပ်ဆုံးပိုင်းတွေက အဖွဲ့ဝင် အရေအတွက်ကိုပဲ အသိပေးရင်း ပရိုမိုးရှင်းလုပ်ပါတယ်။ ပါးပါးနပ်နပ်ရှိတဲ့သူတွေကတော့ အဲဒီ အရေအတွက်ကနေ၊ ဆပွားအခြေအနေကို ခြင့်တွက်ကြလေရဲ့။

မတွက်မိ၊ သတိမမူမိသေးတဲ့ အဆင့်နိမ့် အဖွဲ့ဝင် တွေ ကတော့ တနေ့နေ့ပေါ့လေ ဆိုပြီး မျှော်လင့်ချက် မလျှော့ပဲ ကြိုးစားကြပါတယ်။ လူကြီးသူမ၊ ဆရာသမား ထဲက အဲလို အဆင့်နိမ့် အဖွဲ့ဝင် မျိုးရှိနေပြီဆိုရင် သူ စိတ်ချမ်းသာပါစေတော့ ဆိုပြီး ဆွေမျိုး သားချင်းတွေ၊ တပည့်တပန်းတွေက ၀ယ်ပေဦးရော့။ ဒါပေမယ့်လည်း အဖွဲ့ဝင်သစ် မတိုးမှာ စိုးရိမ်တဲ့ တချို့ MLM ကုမ္ပဏီတွေက ၇၀ - ၃၀ ဆိုပြီး ကန့်သတ် ထားတတ်ပါတယ်။ သတ်မှတ်ပမာဏရဲ့ ၃၀% ပဲ ကိုယ်တိုင်သုံးခွင့် ရှိတယ်၊ ၇၀% ကိုတော့ တခြားသူ သို့မဟုတ် အဖွဲ့ဝင်သစ်ကို ရောင်းရမယ် ဆိုတာမျိုးပေါ့။

ဒီလိုနဲ့ မိမိနီးစပ်ရာ ပတ်ဝန်းကျင်မှာ သူလည်း အဆင့်နိမ့် အဖွဲ့ဝင် ၊ ကိုယ်လည်း အဆင့်နိမ့် အဖွဲ့ဝင် ဖြစ်နေကြလို့ ဈေးကွက်သစ်၊ အဖွဲ့ဝင်သစ်ရှာလို့ မဖြစ်နိုင်တော့ပဲ လုပ်ငန်းရပ်တန့်လိုက်ရတဲ့ သို့မဟုတ် လစဉ် အကျိုးအမြတ် ဟုတ်တိပတ်တိ မရရှာကြတဲ့ အရှုံးသမား အဖွဲ့ဝင်တွေက ၉၉.၉ % လောက် ဖြစ်နေဆဲပါ။

MLM ကုမ္ပဏီက ဘယ်လိုမြတ်လဲ။

များသောအားဖြင့် သူတို့ရောင်းတာတွေက ထူးခြားတဲ့ ပစ္စည်းတွေပါ။ အမျိုးတူ တခြားတံဆိပ်တွေလိုက်ရှာပြီး ဈေးနှုန်းကို နှိုင်းဆလို့ မရပါဘူး။ သူတို့ပြောတာဟာ ရောင်းဈေးပါပဲ။ ကုမ္ပဏီအတွက် အမြတ်ရယ်၊ ရောင်းပေးတဲ့ အဖွဲ့ဝင် တွေရယ်ကို ဆင့်ပွားပေးရမယ့် အမြတ်ရယ်ကို ထည့်တွက်ပြီးမှ ဈေးသတ်မှတ်ထားတာပါ။ ပြီးတော့ ပုံမှန်ဈေးကွက်နဲ့ ဖြန့်လေ့ လုံးဝမရှိပါဘူး။
ဒီတော့ ပစ္စည်း ၁ ယူနစ်ရောင်းရတိုင်း သို့မဟုတ် အဖွဲ့ဝင်သစ် တစ်ယောက်ဝင်တိုင်း၊ စိတ်ကြိုက်မျှော်မှန်းထားတဲ့ အမြတ်ရပါတယ်။ ပုံမှန် ပစ္စည်းတွေလို ကြော်ငြာစရိတ် သိပ်မများပါဘူး။ ဆိုင်တင်စရိတ်လည်း မရှိသလောက်ပါပဲ။ အဖွဲ့ဝင် တွေကိုတော့ ကော်မရှင်ခ/အထူးလျှော့ဈေး ပေးတတ်ပါတယ်။ အဓိက ကုန်ကျစရိတ်ဆိုလို့ လစဉ် အစည်းအဝေးတွေ၊ Member Presentation တွေ၊ ပျော်ပွဲရွှင်ပွဲ၊ လှူဒါန်းပွဲတွေ လုပ်တဲ့ စရိတ်တွေဘဲရှိပါတယ်။

မူုရင်း ကုမ္ပဏီကို ကုမ္ပဏီ အလွယ်တကူ ဖွင့်လို့ရတဲ့ နိုင်ငံမှာ ထောင်ထားတတ်ကြပါတယ်။ လစဉ် ၀ယ်လိုအားနဲ့ အမြတ်ကို သက်ဆိုင်ရာ ကုမ္ပဏီပိုင်ရှင်/မန်နေဂျာ သာ သိနိုင်လို့ မူရင်း ကုမ္ပဏီရှိရာ နိုင်ငံမှာရော၊ MLM နဲ့ ဖြန်တဲ့နိုင်ငံတွေ မှာ အခွန်အကောက်ကို ရှောင်တိမ်းဖို့ လွယ်ပါတယ်။

ဆင့်ပွားအမြတ်ပေးတာကလည်း ရောင်းရမှ ပေးတာပါ။ မရောင်းရရင် မပေးဘူး။ တန်ဖိုးကြီးကြီးပေးရတာမျိုးဆိုရင်တော့ အဖွဲ့ဝင် တစ်ယောက် ဆွယ်နိုင်တာနဲ့၊ အကျိုးအမြတ် စပေးပါတယ်။ တန်ဖိုးနည်းလေးတွေ
ရောင်းတာဆိုရင်တော့ လစဉ် ဘယ်လောက်ရောင်းရမှ သို့မဟုတ် အမှတ်ဘယ်လောက်ရမှ ပေးမယ်ဆိုပြီး ချုပ်ထားပါတယ်။ မရောင်းရရင်၊ ပေးစရာမလိုတော့ ကုမ္ပဏီက အရှုံးလုံးဝမရှိပါ။

ဘယ်လို ကုမ္ပဏီမျိုးဖြစ်တတ်လဲ။

မူရင်းကုမ္ပဏီဆိုတာ လူ ၃၊ ၄ ယောက်နဲ့ အဖြစ်လုပ်ထားတာမျိုး ဖြစ်တတ်ပါတယ်။ နိုင်ငံခြားကုမ္ပဏီ ဆိုတာနဲ့ ပစ်ခတ် အထင်ကြီးတတ်တဲ့ သူတွေကို သိမ်းသွင်းနိုင်ဖို့ ဆိုပါတော့။ တခါတလေဆို တရားဝင် ကုမ္ပဏီ တောင် မထောင်ပါဘူး။ သက်ဆိုင်ရာ ပစ္စည်းထုတ်တဲ့ စက်ရုံငယ်လေး တစ်ခု၊ နှစ်ခုလောက် ရှိတတ်ပါတယ်။ များသောအားဖြင့် စက်ရုံတောင် မဆောက်တော့ပဲ လူသိမများတဲ့ စက်ရုံလေးတွေမှာ လိုချင်တဲ့ ဒီဇိုင်းနဲ့ ပုံစံပေးပြီး မှာပါတယ်။ပြသနာ တခုခု ဖြစ်တော့ ကုမ္ပဏီက သက်သက်၊ စက်ရုံက သက်သက်ပါ။ ရှင်းရလွယ်အောင်ပေါ့။ ဥပမာပေးရရင်၊ စင်္ကပူမှာ ကုမ္ပဏီထောင်၊ တရုတ်က ပစ္စည်းမှာပြီး၊ တခြားနိုင်ငံမှာ ဖြန့်ပေါ့။ တနိုင်ငံထဲမှာပဲ ကုမ္ပဏီရော၊ စက်ရုံရော၊ ဖြန့်ဖြူးမှုလုပ်တာလည်း ရှိတတ်ပါတယ်။ ရှားတော့ရှားတယ်။

MLM နဲ့ ဖြန့်မယ့် နိုင်ငံမှာတော့ ကုမ္ပဏီကို ခမ်းခမ်းနားနားဖြစ်အောင် လုပ်ထားတတ်ကြပါတယ်။ ဒေသခံတွေကို အုပ်ချုပ်သူအဖြစ်ရော၊ ၀န်ထမ်းတွေ အဖြစ်ပါ ခန့်ထားတတ်ပါတယ်။ ငွေကြေး၊ ပစ္စည်းနဲ့ အဓိက ဆုံးဖြတ်ချက် တွေကိုတော့ တပြည်သား ကုမ္ပဏီပိုင်ရှင်/မန်နေဂျာ များကပဲ ချုပ်ကိုင်ထားပါတယ်။ ဒေသခံတွေက ယုံကြည်လောက်တယ်လို့ ထင်ရတဲ့ ပုဂ္ဂိုလ်တွေက ကုမ္ပဏီမှာ လူလုံးပြဖို့ တာဝန်ပေးထား တတ်ကြပါတယ်။ ပြသနာတကယ်ဖြစ်တော့မှ အဲဒီပုဂ္ဂိုလ်တွေဟာ အခမ်းအနားလေးတက်၊ လက်မှတ်လေးထိုး တာလောက်ပဲ လုပ်ရပြီး၊ ကုမ္ပဏီကိစ္စတွေကို အတွင်းကျကျ ဘာမှမသိတဲ့ သူတွေ ဖြစ်နေတတ်ပါတယ်။ ဒေသခံ ကုမ္ပဏီတွေလည်း ရှိတတ်ပါတယ်။

ဘယ်လို MLM ကုမ္ပဏီ မျိုးက အန္တရယ်များလဲ။
အပြင်မှာလည်း ၀ယ်မရတဲ့ ထူးခြားပစ္စည်းကို ဈေးတနင့်တပိုးတင်ထားရင် အန္တရယ်ရှိပါပြီ။ ပေးရ၊ ၀ယ်ရမယ့် ငွေပမာဏများရင် လူတွေ မယုံကြည်မှာ စိုးလို့၊ အဖွဲ့ဝင်သစ်ရလို့ ပေးတဲ့ ဆင့်ပွားအမြတ်အပြင်၊ ကုမ္ပဏီက လစဉ် ဆုကြေး၊ အသင်းဝင်ကြေး စတာတွေ ပေးမယ်ဆိုပြီး ဆွယ်တတ်ပါတယ်။ အဲဒီ လစဉ်ကြေးက ၆ လ၊ ၁ နှစ်၊ ၁ နှစ်ခွဲလောက်ကြာရင်၊ အရင်းနီးပါး ပြန်ဖြစ်သွားပါတယ်။ အဲဒီလို သတ်မှတ်ကာလအတွင်းမှာ ကုမ္ပဏီက MLM လုပ်ကြည့်ပါတယ်၊ အောင်မြင်ရင်တော့၊ ဆက်လက်တည်တံ့ပေါ့၊ အခြေအနေ မဟန်ရင်တော့၊ ဆက်မပေးတော့ဘူး။ လစ်လို့ရရင်လည်း ရသမျှမပြီး အစဖျောက်သွား တတ်ပါတယ်။

တန်ဖိုးနည်းပစ္စည်းကို ရောင်းတဲ့ MLM ကုမ္ပဏီတွေကတော့ အဖွဲ့ဝင် တွေအတွက် အန္တရာယ်ကင်းနိုင်တယ်လို့ ယူဆချင်ယူဆနိုင်ပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီက ယူရောင်းတဲ့ပစ္စည်း (Real Product) ဟာ အန္တရယ်ကင်းမကင်း၊ တကယ် အသုံးတည့်မတည့် သိအောင်လုပ်ဖို့ ဆင့်ပွားရောင်းနေတဲ့ အဖွဲ့ဝင် တွေမှာ တာဝန်ရှိပါတယ်။

MLM နှင့် လူကျင့်ဝတ်
ဈေးကွက်စီးပွားရေးမှာ ဖြန့်ဝေရောင်းချတဲ့ ပုံစံအမျိုးမျိုးသုံးကြပါတယ်။ ကြော်ငြာပြီးပဲ ရောင်းရောင်း၊ MLM လုပ်ပြီးပဲ ရောင်းရောင်းပေါ့။ လူ့ကျင့်ဝတ် ပိုင်းကတော့ ကြည့်ရပါလိမ့်မယ်။ ဈေးမှာ ကုန်ပစ္စည်းတခုရောင်းရင် ပစ္စည်းမှန်၊ ဈေးမှန်၊ အရည်အသွေးမှန်တာကို ဈေးသည်က တာဝန်ယူရပါတယ်။ MLM မှာလည်း အဖွဲ့ဝင် တွေက တာဝန်ယူရမှာပါ။ ဈေးသည်တပိုင်း ဖြစ်နေတာကို။ တကယ့် လက်တွေ့မှာ ဈေးမှန်ဖို့ကတော့ ခက်ပါတယ်။ တချို့ ပစ္စည်းတွေက ထူးထူးဆန်းဆန်းတွေပါ၊ ဈေးချင်းယှဉ်ကြည့်လို့ မရပါဘူး။ အမျိုးတူတွေရှိလို့ ယှဉ်ကြည့်ရင်တော့ ဈေးပိုများပါတယ်။ MLM ပဲလေ များပေမပေါ့။

ဒါပေမယ့် ပစ္စည်းမှန်၊ အရည်အသွေးမှန် ဟုတ်မဟုတ်ကတော့ စစ်ဆေးကြည့်ပေးဖို့၊ ကုမ္ပဏီကို အာမခံချက် တောင်းဆိုဖို့ လိုပါလိမ့်မယ်။ အန္တရာယ်ကင်း မကင်းနဲ့ ၊ အကျိုးသက်ရောက်မှု ရှိမရှိ စစ်ဆေးထားဖို့လည်း လိုအပ်ပါတယ်။

အန္တရာယ်ကင်းမကင်း စစ်ဆေးတာက ကန့်ဓာတ်၊ ခဲဓာတ်၊ အက်ဆစ်၊ ဆိုးဆေး၊ မယ်လမင်း၊ ပြဒါး စတာတွေ ပါမပါ စစ်တာမျိုးကို ဆိုလိုတာပါ။ ပရိုတိန်း အားဆေးဆိုပြီး၊ ပဲအနီကိုပြုတ်၊ အမှုန့်လုပ်၊ အခြောက်ခံ၊ ဆေးပြားပုံရိုက်၊ သကြားအုပ် (Sugar Coated) လုပ်ထားတာကို အန္တရယ်ကင်း မကင်း စစ်ရင်တော့၊ အန္တရယ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆေးအာနိသင်ရဲ့ တ၀က်က စိတ်ပေါ်မှာမူတည်တယ်လို့ ပြောစေဦးတော့၊ အဲဒီအားဆေးရဲ့ အကျိုးက မစွမ်းဘူးလို့ ဆိုရပါမယ်။

အကျိုးအာနိသင် ရှိမရှိဆိုတာက ဆေးရုံ၊ ဓါတ်ခွဲခန်း တွေမှာ စနစ်တကျ စမ်းသပ်သုတေသနပြု လုပ်ထားကြရပါတယ်။ ပြီးတော့ ပါဝင်တဲ့ ပစ္စည်းတွေကိုလည်း အမျိုးအစားအလိုက် ဓာတ်ခွဲ စစ်ဆေးထားပြီးးသား ဖြစ်ရပါတယ်။ ဒါမှ သက်ဆိုင်ရာ ပစ္စည်းပါဝင်မှု အချိုးအစား အရ အကျိုးသက်ရောက်မှု ရှိနိုင်မရှိနိုင် ပတမအဆင့် ဆုံးဖြတ်ပြီး၊ စမ်းသပ်သုတေသနပြုမှုတွေ အရ အများပြည်သူ သုံးသင့် မသုံးသင့် အတည်ပြု ဆုံးဖြတ်ကြပါတယ်။ ဒါတွေပြီးမှ ဈေးကွက်ကို တင်သင့်တာပါ။

ဒါ့အပြင် အဖွဲ့ဝင် တယောက်အနေနဲ့ ကိုယ်တွေ့ အတွေ့အကြုံရော၊ ပတ်ဝန်းကျင်က လက်တွေ့ သုံးစွဲသူများရဲ့ မှတ်ချက်၊ အမြင်တွေကိုပါ ပြန်လည်ဆန်းစစ် ကြည့်ဖို့လည်းလိုပါတယ်။
မိမိကိုယ်တိုင် ကုမ္ပဏီရဲ့ အလိမ်ခံနေရပြီဆိုရင်တော့ နောက်ထပ် မိမိလို ကံဆိုးသူ သားကောင်တွေ ထပ်မရှာချင်ပါနဲ့တော့၊ ဥပဒေကြောင်းအရ အချိန်မှီ ဖြေရှင်းနိုင်ဖို့ သာ ကြိုးစားသင့်ပါတယ်။

MLM ကုမ္ပဏီနှင့် ပက်သက်၍
၁။ MLM လုပ်နေတဲ့ ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားခြင်း ရှိမရှိ၊ လက်ရှိလိပ်စာနှင့် ဟုတ်မဟုတ် မေးမြန်းပါ။ ကုမ္ပဏီဖွဲ့စည်းပုံကိုလည်း ထုတ်ပြန်ပေးဖို့ တောင်းဆိုပါ။
၂။ ကုမ္ပဏီ နှင့် စာချုပ် ချုပ်ဆိုရပါက သေချာ ဖတ်ရှု၍ ဆန်းစစ်ရန် အချိန်ယူပါ။ အချို့ကုမ္ပဏီများက ဥပဒေကြောင်းအရ တရားစွဲဆို၍ မရစေရန်၊ ၄င်းတို့ဖက်မှ အသာစီးဖြင့် ရေးထားတတ်ကြပါတယ်။ သေချာ မစဉ်းစား နိုင်စေရန် ယခု လက်မှတ်ထိုးပါက မည်သည့် ခံစားခွင့်ရှိသည်၊ သို့မဟုတ် အဖွဲ့ဝင် အဆင့်၊ အမှတ် အမြင့်ရမည် စသည့် အချက် များဖြင့် ဖိအားပေးတတ်ကြပါတယ်။
၂။ ဆေးဝါးနှင့် သက်ဆိုင်ရင် မြန်မာနိုင်ငံမှာ ဆေးဝါးနှင့် အစားသောက်ဆိုင်ရာ အန္တရယ်ကင်းရှင်းကြောင်း လက်မှတ် ရဖို့တောင်းဆိုပါ။ အခြားနိုင်ငံက စစ်ဆေးချက်များကို အတု အစစ် ခွဲခြားဖို့ခက်ပါတယ်။
၃။ FDA က စစ်ဆေးဖို့ အကြုံးမ၀င်အောင် ဓါတ်စာ၊ အားဖြည့် အာဟာရ စသဖြင့် ပြောဆိုလာလျှင် မြန်မာနိုင်ငံ ဆရာဝန်များအသင်းလို အသင်းအဖွဲ့က အသိအမှတ်ပြုချက် ရယူပေးရန် တောင်းဆိုပါ။ သက်ဆိုင်ရာ ပစ္စည်း အမျိုးအစားအလိုက် မြန်မာအင်ဂျင်နီယာအသင်း အပါအ၀င် ယုံကြည်အားထားရတဲ့ အသင်းအဖွဲ့များ၏ ထောက်ခံချက် များကိုလည်း ရယူပေးရန် တောင်းဆိုနိုင်ပါတယ်။ ပရိုမိုးရှင်းအတွက် ခန့်ထားတတ်တဲ့ ပညာရှင်တချို့ရဲ့ စကားထက် အသင်းအဖွဲ့ရဲ့ အသိအမှတ်ပြုမှုက ပိုပြီးတန်ဖိုးရှိပါတယ်။
၎။ ကုမ္ပဏီမှ ပေးတဲ့ အသိအမှတ်ပြုချက်တွေ၊ ထောက်ခံချက်တွေ၊ အင်တာနက် စာမျက်နှာတွေကိုလည်း ကြည့်ရှုစစ်ဆေးပါ။ ISO Standard, CE mark စသည့် အရည်အသွေးဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ စံများ၊ ထောက်ခံချက်များ ရှိမရှိ ဆန်းစစ်ပါ။
၅။ သံသယရှိဖွယ်ရာ ကြုံတွေ့ရပါက ဥပဒေပညာရှင်များ၊ ကျွမ်းကျင်သူများ၊ ဗဟုသုတရှိသူများနှင့် တိုင်ပင် အကြံဥာဏ်ယူပါ။ MLM နှင့် နှီးနွယ်သော ဈေးကွက်ဖြန့်ဖြူးမှုများကို သက်ဆိုင်ရာ နိုင်ငံဥပဒေအလိုက်၊ တားမြစ်ပိတ်ပင်မှုများ၊ အငြင်းပွားမှုများလည်းရှိကြောင်း သိရှိထားပါ။
၇။ ဆင့်ပွားအမြတ်ထက်၊ ကုမ္ပဏီထုတ် ပစ္စည်းအကြောင်း ကို အဓိက သတိပြုမိပါစေ။

ဒီလို ဆန်းစစ် အကဲဖြတ်မှုတွေလုပ်လို့ ကောင်းမွန်တယ်၊ အဆင်ပြေတယ်၊ ပစ္စည်းကလည်း သုံးစွဲဖို့သင့်တယ်၊ အကျိုးအာနိသင်ရှိတယ်။ ကုမ္ပဏီမှာ စပြီး ၀ယ်ရတဲ့ ပမာဏကလည်း ဆုံးရှုံးသွားလည်း မမှုလောက်ဘူး၊ ဆင့်ပွားအမြတ်ကလည်း လက်တွေ့ရတယ်ဆိုရင်တော့ ခေတ်မီသူတိုင်း ဒီ MLM ကုမ္ပဏီ မှာ အဖွဲ့ဝင်ကြသည်လို့ နီးစပ်ရာကို မောင်းခတ်နိုင်ပါတယ်။ အဲဒီလို Multi-level Marketing Company မျိုးကတော့ ကမ္ဘာပေါ်မှာ ရှိကောင်း ရှိနိုင်ပါတယ်၊ ဒါပေမယ့် အရမ်းရမ်း ရှားပါတယ်လို့ပဲ … ။
https://www.facebook.com/notes/10202686256502513/


“Multi-level marketing - Wikipedia, the free encyclopedia.” http://en.wikipedia.org/wiki/Multi-level_marketing.
“Pyramid scheme - Wikipedia, the free encyclopedia.” http://en.wikipedia.org/wiki/Pyramid_scheme.

မှတ်ချက်။ www.planet.com.mm ရှိ ဖိုရမ်မှ နွေဦးကို၏ ဆွေးနွေးချက်များကို ထပ်မံဖြည့်စွက် ရေးသားပါသည်။