Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

မန္တလေးနဲ့ MLM ယဉ်ကျေးမှု


မန္တလေးနဲ့ MLM ယဉ်ကျေးမှု
===============
ရေးသူ-ဟိန်းဇော်
#b2barticles
#heinzaw
““ကုန်ပစ္စည်းက ကောင်းတာကိုး။ မြန်မာနိုင်ငံမှာဆိုရင် နံပါတ် ၁ လောက်ဖြစ်နေတာလေ။ ဒါကြောင့် ဒီပစ္စည်းတွေကိုပဲ သုံးစွဲဖြစ်သွား ပြီ။ ဒီပစ္စည်းတွေကောင်းတဲ့အတွက်ကြောင့်မို့လို့ တခြားသူတွေကို ကျွန်မတို့ကဖြန့်ပေးတာပေါ့လေ။ ဖြန့်ပေးရင်းနဲ့မှ ကိုယ်လိုချင်တဲ့ နေရာတစ်ခုကိုရရှိခဲ့တာပေါ့””။ မန္တလေးက MLM ကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာရာထူးဖြင့်လှုပ်ရှားဆောင်ရွက်နေသူတစ်ဦး၏ ပြောကြား ချက်ဖြစ်သည်။ ကျန်းမာရေးမကောင်းရာမှ လက်ရှိအချိန်တွင် ကျန်းမာရေးလည်းကောင်း၊ ၀င်ငွေလည်းတိုးလာခဲ့သည်ဟုဆိုသည့် အဆိုပါအမျိုးသမီးအနေဖြင့် သူသုံးနေသည့်ကုန်ပစ္စည်းများနှင့် သူ၏ အလုပ်အပေါ် အပြည့်အ၀ယုံကြည်နေပုံရသည်။
လူနေမှုဘ၀ရိုးစင်းသည့် မန္တလေးမြို့ကြီးတွင် ယခုအခါ ကွန်ရက်မားကက်တင်း (Network Marketing) ခေါ် MLM စနစ်သည် ကျယ်ကျယ်ပြန့်ပြန့်စိမ့်ဝင်နေပြီဖြစ်သည်။ ဆိုရလျှင် အရွယ်ရောက်ပြီးသူ မန္တလေးမြို့သူမြို့သားအများစုသည် MLM စနစ်နှင့်အကျွမ်းတ၀င်ရှိကြသည်။
MLM ဆိုသည်
MLM (Multi Level Marketing) ဆိုသည်မှာ အရောင်းကိုယ်စားလှယ်များကို အဆင့်ဆင့်ဆပွားပုံစံထားရှိပြီး ရမှတ် အလိုက် ကော်မရှင်ခံစားခွင့်ပေးသောအရောင်းစနစ်တစ်ခုဖြစ်သည်။ အရောင်းကိုယ်စားလှယ်အနေဖြင့် အသင်းဝင် (Member) များများ စည်းရုံးနိုင်လေလေ၊ ရမှတ်များလေလေ ဆုကြေး (Bonus) ပိုရ လေလေဖြစ်သည်။ MLM ကုမ္ပဏီတစ်ခုတွင် အသင်းဝင်လိုသူသည် အသင်းဝင်ကြေးပေးရပြီး သတ်မှတ်အ၀ယ်ပမာဏပြည့်မီပါက အထူး လျှော့ဈေး (Discount) ခံစားခွင့်ရရှိသည်။ ယင်းစနစ်တွင် အသင်း ၀င်များသည် သတ်မှတ်စံချိန်၊ သတ်မှတ်ရမှတ်များပြည့်မီပါက ရာထူး အဆင့်ဆင့်တိုးပေးခြင်းခံရသည်။Director ၊ Ruby Director ၊ Pearl Director ၊ Emerald Director ၊ Diamond Director ၊ Silver Diamond Director ၊ Gold Diamond Director ဟူ၍ အဆင့်ဆင့်ရှိပြီး အမြင့်ဆုံးအဆင့်မှာ Crown Diamond Director ဖြစ်သည်။ MLM ကို Network Marketingါ ၊ Direct Sellng ၊ Pyramid Selling ၊ Referral Marketing ဟုလည်း ခေါ်သည်။
မြန်မာနိုင်ငံတွင် MLM စနစ်ဖြင့်လုပ်ကိုင်နေသောကုမ္ပဏီ ပေါင်း ၂၀ ကျော်ခန့်ရှိပြီး ၁၉၉၆ ခုနှစ်ကစတင်ဝင်ရောက်လာသော Shine Hope ကုမ္ပဏီက အစောဆုံးဖြစ်သည်ဟုခန့်မှန်းရသည်။ Shine Hope ၊ Lucky Time ၊ Gano Excel ၊ Mistine ၊ Nu Life ၊ Zhullian စသည်ဖြင့် အမေရိကန်၊ တရုတ်၊ ထိုင်းကုမ္ပဏီများ အများစု ပါဝင်သည်။ ဆေးဝါးဓာတ်စာ၊ အလှကုန်၊ ကော်ဖီ၊ သွားတိုက်ဆေး စသည့် နေ့စဉ်သုံးကုန်ပစ္စည်းများကိုရောင်းချကြပြီး ဈေးနှုန်းများမှာ ဈေးကွက်အတွင်းရှိ အခြားထုတ်ကုန်များထက် ပိုမိုမြင့်မားသည်။ လက်ရှိအချိန်တွင်လည်း ကုမ္ပဏီအသစ်များထပ်မံဝင်ရောက်နေ သလို နာမည်ပျက်အသွင်းခံရသောကုမ္ပဏီအချို့လည်းရှိသည်။ အသင်းဝင်အရေအတွက်အနေဖြင့် သက်တမ်းရကုမ္ပဏီတစ်ခုတစ်ခု တွင် သိန်းဂဏန်းဝန်းကျင်ရှိသည်ဟု ခန့်မှန်းရသည်။
ကြက်ပျံမကျစည်ကားသည့်ပွဲ
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလဆန်းတုန်းက မန္တလေးမြို့ ရှိ Hotel Mandalay တွင် MLM အတွေ့အကြုံဖလှယ်ပွဲတစ်ခုနှင့် ကြုံခဲ့ဖူးသည်။ လူပေါင်းထောင်ချီပါဝင်ဆင်နွှဲသော အဆိုပါပွဲတွင် ပရိသတ်က ခန်းမတွင်း၊ ခန်းမပြင် တိုးမပေါက်အောင်စည်ကားလှပြီး ဟိုတယ်ဝင်းထဲတွင်လည်း သူတို့စီးနင်းလာသောဆိုင်ကယ်များက နေရာအနှံ့ပြည့်နေသည်။ အထူးသဖြင့် သူတို့ထဲတွင် ၂၀ ၀န်းကျင် အရွယ်လူငယ်များက အတက်ကြဆုံးဖြစ်ကြောင်း သတိထားမိခဲ့ သည်။
အဆိုပါပွဲတွင် အသင်းဝင်များအဓိကပါဝင်သလို စိတ်ဝင် စား၍ လေ့လာသူများလည်း အများအပြားပါဝင်ခဲ့သည်။ စတိတ်စင် ပေါ်က ကိုယ်ပိုင်အတွေ့အကြုံ၊ ကိုယ်ပိုင်အောင်မြင်မှုများကို အားပါး တရဖောက်သည်ချသူများ (ကျွန်တော့်အထင် ရာထူးမြင့်ဒါရိုက်တာ များ) နှင့်အတူ စင်အောက်ကပရိသတ်အားလုံးလိုလို လိုက်ပါစီးမျော ကြသည်။ စင်ပေါ်ကသူများ စကားဆုံးပြီဆိုလျှင် လက်ခုပ်သံများ ပဲ့တင်ထပ်မျှမြည်ဟီးသွားသည်။
အင်အားကောင်းလာသော အရောင်းစနစ်
မန္တလေးမြို့သို့ MLM ကုမ္ပဏီများ ၂၀၀၀ ပြည့်နှစ်မတိုင်မီ လောက်က စတင်အခြေချခဲ့ပြီး လက်ရှိအချိန်တွင် ယင်းကုမ္ပဏီပေါင်း ဆယ်ခုကျော်ခန့်ရှိသည်ဟုဆိုသည်။ MLM ကုမ္ပဏီတစ်ခုဖြစ် သော Gano Excel မှ မန္တလေးမြို့ခံ Diamond Director ကိုထွန်းလင်း ဦးက ““ကျွန်တော်တို့ကုမ္ပဏီထက် အရင်ပေါ်တဲ့ကုမ္ပဏီရှိတယ်။ အဲဒီ ကုမ္ပဏီကတော့ ဒီမှာဆယ်နှစ်ကျော်လောက်တော့ရှိပြီ။ ကျွန်တော်တို့ ကုမ္ပဏီကလည်း ဆယ်နှစ်နီးပါးရှိနေပါပြီ။ ဒီ Multi Level လုပ်နေ တဲ့ကုမ္ပဏီတော်တော်များများ အခုဝင်လာတယ်။ ကျွန်တော်တို့ လုပ်ခါစကဆို ကုမ္ပဏီလေးငါးခုလောက်ပဲရှိတယ်”” ဟု မန္တလေးမြို့ရှိ MLM ကုမ္ပဏီအရေအတွက်ကိုပြောသည်။ ၎င်းင်းကပဲဆက်လက်ပြီး ““ပြီးခဲ့တဲ့ငါးနှစ်ကဆိုရင် ကျွန်တော်တို့ Member တွေက ဆပွား စနစ်နဲ့ဆိုတော့ ကျွန်တော်မိတ်ဆက်လိုက်တဲ့ လူကတစ်ဆင့် နောက် ထပ်၊ နောက်ထပ်မိတ်ဆက်သွားတဲ့အခါမှာ အဆတွေများလာတဲ့ အတွက်ကြောင့် Member တွေလည်း အများကြီးများလာတာပေါ့”” ဟု မန္တလေးမှ Member အသင်းဝင်အရေအတွက်နှင့်ပတ်သက်ပြီး ပြောသည်။ မန္တလေးတွင် ကိုယ်တိုင် အသင်းဝင်မဖြစ်ကြသည့်တိုင် တော်တော်များများက ယင်းအလုပ်ကို စိတ်ဝင်စားကြသည်။ မန္တလေး မြို့ခံများ၏အဆိုအရ လက်ရှိအချိန်တွင် မန္တလေးမြို့၌ ယင်းအသင်း ၀င်အရေအတွက်သည် မန္တလေးမြို့လူဦးရေ၏ ၄ ရာခိုင်နှုန်းခန့် (လေးငါးသောင်းခန့်) ရှိမည်ဟုခန့်မှန်းရသည်။ အသက်အရွယ်အား ဖြင့် လူလတ်ပိုင်းက ၅၀ ရာခိုင်နှုန်းနှင့် လူကြီးပိုင်းနှင့် လူငယ်ပိုင်းက ၅၀ ရာခိုင်နှုန်းခန့်ရှိမည်ဟုဆိုသည်။ သို့သော် ကွန်ရက်မားကက်တင်း အကြောင်းကို လူငယ်အများစုသိရှိနားလည်ထားကြသည်။ မန္တလေး မြို့ခံတစ်ဦးက ““လူငယ်ငါးယောက်ထဲမှာမေးရင် တစ်ယောက်လောက် ကတော့သိတာပဲ”” ဟု ဆိုသည်။ ယင်းလုပ်ငန်းအကြောင်းကို ဂဃနဏမသိသေးသူပင်ဖြစ်သော်ငြား တီးမိခေါက်မိလောက်တော့ ရှိသည်။ ဥပမာ- Multi Level Marketing အကြောင်းမေးလိုက် လျှင် အနည်းဆုံး ““ဓာတ်စာရောင်းတဲ့ကုမ္ပဏီတွေလား”” ဟုတော့ ပြန်ပြောနိုင်ကြသည်။
အသင်းဝင်များတွင် အသက်သုံးလေးဆယ်အရွယ်များက အများဆုံးဖြစ်ပြီး ဆုကြေးကိုလည်း သူတို့တစ်တွေကသာ အများဆုံး ရှာနိုင်ကြသည်။ အသက် ၃၀ ကျော်ခန့်ရှိသည့် Silver Diamond Director မဖြူဖြူဝင်းက ““စွမ်းနိုင်ရင် စွမ်းနိုင်သလောက် ရတာလေ။ နြာဘနမ အနေနဲ့ကတော့ လူငယ်တွေအများကြီး။ ဒါပေမဲ့ တကယ် တမ်းအောင်မြင်နေတာကတော့ ၃၀၊ ၃၅၊ ၄၀ အကြီးပိုင်းတွေပေါ့။ ဒီလုပ်ငန်းက စွဲစွဲမြဲမြဲလုပ်မှလည်းအောင်မြင်မှာပဲလေ”” ဟု အောင် မြင်နေသည့် ကွန်ရက်မားကက်တင်းအသင်းဝင်များ၏ အသက် အပိုင်းအခြားကို သုံးသပ်ပြောကြားသည်။
လူငယ်များအနေဖြင့် စိတ်ဝင်စားမှုရှိပင်ရှိကြသော်ငြား အလှကုန်ပစ္စည်းများကလွဲ၍ အခြားပစ္စည်းများ (ဥပမာ- ဓာတ်စာ) မှာ သူတို့နှင့်အပ်စပ်မှုမရှိသည်ကတစ်ကြောင်း၊ ကုန်ပစ္စည်းများ ဈေး နှုန်းကြီးမြင့်သည်ကတစ်ကြောင်းတို့ကြောင့် အသင်းဝင်အဖြစ်ပါဝင် ကြသည့်တိုင် လပိုင်းအတွင်း၌ပင် ဆက်မသုံးနိုင်သည့်အတွက် ပြန် ထွက်သွားကြသည်။
ကွန်ရက်မားကက်တင်းစနစ်ဖြင့်သွားသည့် ကုန်ပစ္စည်း များတွင် ဓာတ်စာရောင်းအားက ရှေ့ဆုံးမှပြေးသည်ဟုဆိုနိုင်သလို မန္တလေး၏ ယင်းဈေးကွက်တွင်လည်း အခြားထုတ်ကုန်များထက် ဆေးဝါးဓာတ်စာကို အဓိကသုံးစွဲကြသည်။ အသင်းဝင်ဖြစ်လာကြ သည့်အကြောင်းအရင်းကိုကြည့်လျှင်လည်း ကျန်းမာရေးနှင့်ပတ် သက်ပြီး အဓိက၀င်ကြကြောင်းတွေ့ရသည်။
Silver Diamond Director တစ်ယောက်က ““အရင်သုံး နှစ်လောက်က နေမကောင်းလို့ပေါ့နော်။ လေးဘက်နာသဘောမျိုး ဖြစ်တယ်။ လူက ခန္ဓာကိုယ်အရမ်းပိန်တယ်လေ။ အသားတက်ချင် တာရယ်၊ ပြီးတော့ ကျွန်မက သွေးပေါင်ကျတဲ့ရောဂါရှိတယ်လေ။ အဲဒါကြောင့် ဒါကို သူငယ်ချင်းတစ်ယောက်ပြောရင်းနဲ့ ဒီမှာဝင်ထား လိုက်တာပေါ့နော်။ နောက်တော့ ဒီ Plan တွေကောင်းမှန်းသိတော့ ဒီ Plan တွေကိုလေ့လာရင်းနဲ့မှ ကောင်းမှန်းသိတော့မှ ဒီမှာဝင် လုပ်ဖြစ်သွားတာ”” ဟု သူ အသင်းဝင်စဖြစ်ခဲ့သည့်အကြောင်းရင်းကို ပြောသည်။ အသင်းဝင်အများစုကို သူတို့သုံးနေသည့်ဓာတ်စာများ အပေါ် ယုံကြည်မှုနှင့်ပတ်သက်ပြီးမေးလျှင်လည်း သူတို့ ကုမ္ပဏီက ဓာတ်စာများသည် ရောဂါပေါင်းများစွာကို ပျောက်ကင်းစေနိုင်သည်၊ အထူးသဖြင့် ခေတ်မီဆေးဝါးများမတိုးသောရောဂါအချို့ကိုပင်လျှင် ပျောက်ကင်းစေကြောင်း ယုံကြည်ချက်အပြည့်အ၀ဖြင့် ပြောပြလေ့ ရှိကြ သည်။ အသင်းဝင်တစ်ယောက်ကဆိုလျှင် ““ကျွန်တော် ဒီပစ္စည်း တွေကို ဘယ်လောက်ယုံကြည်သလဲဆိုတော့ ဒီနေ့ဒီအချိန်မှာ ကျွန်တော် အင်္ဂလိပ်ဆေးကိုသိပ်မသုံးတော့ဘူး”” ဟုပင်ဆိုသည်။ ပိုပြီး စိတ်ဝင်စားစရာကောင်းသည်က သူတို့ထဲကအများစုသည် အခြား ကုန်ပစ္စည်းများထက် ဆေးဝါးဓာတ်စာများကို ဦးစားပေးညွှန်းလေ့ရှိ ကြသည်။ အပတ်စဉ်တွေ့ဆုံပွဲများ၊ စုံညီပွဲများတွင်လည်း ကျန်းမာရေး ဆိုင်ရာများ၊ ဓာတ်စာနှင့်ပတ်သက်သည်များကို အဓိကပြောကြား ကြပြီး နေ့စဉ်သုံးပစ္စည်းများတွင်ပင် ဓာတ်စာက အဆိုပါသုံးစွဲသူတို့ အတွက် မရှိမဖြစ်ပစ္စည်းတစ်ခုလိုဖြစ်လာပုံရသည်။ သူတို့ အဆိုပါ အလုပ်လုပ်ရသည့်အကြောင်းကိုပင် ““ငွေလိုချင်လို့သက်သက် မဟုတ်ဘူး။ ကျန်းမာရေးမကောင်းလို့၊ ဒီကုမ္ပဏီကို ကျေးဇူးလည်း တင်တဲ့အနေနဲ့ လိုက်လုပ်နေကြတာပါ”” ဟုပင် အချို့ကမှတ်ချက်ပြု ကြသေးသည်။
ဥုံဖွဓာတ်စာနှင့် မိုးပေါ်ကဈေးနှုန်း
MLM အနေဖြင့် မန္တလေးတွင် လူအများကိုဆွဲဆောင် နိုင်ပါသည်။ သို့သော် ယုံကြည်မှုတည်ဆောက်ရန်နှင့် အသင်းဝင် အရေအတွက် တိုးပွားရန်အတွက်မူ ကုန်ပစ္စည်းအရည်အသွေးနှင့် ဈေးနှုန်းကို လူအများစုလက်ခံနိုင်အောင်ကြိုးစားဖို့လိုနေသေးသည်။ အချို့က MLM ကုန်ပစ္စည်းများကို ဖြန့်ချိရေးကိုယ်စားလှယ်များ ပြောသလောက် ကုန်ပစ္စည်းအရည်အသွေးက မကောင်းဟုသံသယရှိ သည်။ သူတို့၏စိတ်ထဲတွင် ဖြန့်ချိရေးကိုယ်စားလှယ်များ၏စည်းရုံးမှု များသည် ပိုလွန်း (Over ဖြစ်လွန်း) သည်ဟုခံစားရကြောင်းဆိုသည်။ အသက် ၂၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးက ““သူတို့ပြောတာ တွေတော့ ကောင်းပါတယ်။ ဒါပေမဲ့ နည်းနည်း Over ဖြစ်သလို စိတ်ထဲမှာခံစားရတယ်။ ဥုံဖွဆိုပြီးပျောက်တဲ့ဆေးတော့မရှိဘူးထင် ပါတယ်”” ဟု ယင်းဓာတ်စာများ၏အရည်အသွေးကိုဝေဖန်သည်။ သဘာဝဆေးပင်များဖြင့် ဦးစားပေးထုတ်လုပ်ထားသည်ဆိုသော အဆိုပါဓာတ်စာများအနေဖြင့် အရည်အသွေးကောင်းတန် သလောက်တော့ ကောင်းနိုင်ပါသည်။ သို့သော် အသင်းဝင်အသစ် များကို သတင်းပေးသည်က အရည်အသွေးအမှန်ထက် (လုံးလုံးကြီး အာမမခံသည့်တိုင်) “ဥုံဖွ ပျောက်စေ” ပုံစံမျိုးဖြစ်နေတတ်ကြသည်။
သူတို့၏သတင်းစကားများသည် တစ်ခါတစ်ရံ သာမန်ဆေး အညွှန်းနှင့်မတူဘဲ ဥပမာ၊ ဥပမေယျတို့များလွန်းပြီး နားလည်ရခက် စရာဖြစ်နေသည်။ သတင်းစကားအပြောခံရဖူး (စည်းရုံးခံရဖူး) သူ အချို့ကမူ အရောင်းကိုယ်စားလှယ်များသည် အပြောကောင်းလွန်း သည်ဟု မှတ်ချက်ပြုကြသည်။ မန္တလေးမြို့ခံတစ်ဦးက ““တချို့စကား လေးတွေက ကြားလိုက်ရတဲ့အချိန်မှာ ရင်ခုန်စရာစကားလေးတွေပါ တယ်။ ဘာတွေလဲဆိုတော့ တီဗီဖုန်တက်နေရင် အ၀တ်စလေးနဲ့ ဖုန်သုတ်လိုက်ရင် ပြောင်သွားတယ်မဟုတ်လား။ အစ်ကိုဆေးလိပ် သောက်တဲ့လူတစ်ယောက်ဆိုရင် အစ်ကိုရဲ့အဆုတ်မှာဖုန်တက် နေရင် အစ်ကိုဘာနဲ့သုတ်မလဲ။ ကျွန်တော်တို့ဆေးက သုတ်လို့ရ တယ်”” ဟု ကိုယ်စားလှယ်တစ်ဦးကပြောဖူးကြောင်းဆိုသည်။ လူငယ် တစ်ဦးကတော့ ““အဓိကကတော့ အပြောကောင်းဖို့ပဲလိုတာပေါ့”” ဟု MLM အလုပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပြုသည်။ သတင်းပေး သူများ၏စည်းရုံးရေးတရားအဟောကောင်းမှုကြောင့်ပင် အချို့က အားတုံ့အားနာဖြင့် အသင်းဝင်ဖြစ်ခဲ့သည်များလည်းရှိသည်။ Diamond Director ဒေါ်စန္ဒာမိုးက ““ကျွန်မတို့မြန်မာလူမျိုးတွေရဲ့ ထုံးစံအရ အားနာတတ်တယ်လေ။ အဲဒါနဲ့ အားပေးလိုက်တာ။ အားနာမှုကနေစပြီးတော့ သွားခဲ့တဲ့အခွင့်အရေးလေးတစ်ခုပေါ့။ ဒီအခွင့်အရေးလေးကို ကျွန်မက လက်ဆုပ်လက်ကိုင်မိသွားတယ် ပေါ့”” ဟု သူအသင်းဝင်စဖြစ်ခဲ့ပုံအကြောင်းကိုပြောသည်။ လူတစ် ယောက်သည် အသက် ၁၈ နှစ်ပြည့်မှ အသင်းဝင်ဖြစ်ခွင့်ရှိသည် ဆိုသော အသက်ကန့်သတ်ချက်မှလွဲ၍ အခြားပညာအဆင့်အတန်း၊ စိတ်နေ စိတ်ထား၊ လူမှုဆက်သွယ်ရေးစသည့် ကန့်သတ်ချက်များ မရှိသည့်အတွက် အချို့အရောင်းကိုယ်စားလှယ်များ၏သတင်းပေး စကားသည် ဒေသခံများသုံးသပ်သလို ဖောင်းပွကောင်းဖောင်းပွ တန်ရာသည်။ ရောင်းအားကောင်းလျှင်ကောင်းသလောက် ဆုကြေး ရသည့်စနစ်ဖြစ်နေသောကြောင့်လည်း အရောင်းကိုယ်စားလှယ်များ အတွက် အသင်းဝင်အသစ်ရရှိဖို့အရေးသည် ရင်ခုန်စရာဖြစ်နေနိုင် သည်။ အသင်းဝင်ပြိုင်လုပြီး စကားများသူများပင်ရှိသည်ဟုဆိုသည်။
အချို့ Customer ကလည်း MLM ကုန်ပစ္စည်းများကို ဈေးနှုန်းကြောင့်ရှောင်သည်။ မန္တလေးမြို့သူတစ်ဦးကဆိုလျှင် သူ့ အနေဖြင့် အလှကုန်ပစ္စည်းအချို့ကို အသင်းဝင်အဖြစ်ဖြင့်သုံးစွဲခဲ့ ဖူးပြီး ဈေးနှုန်း ကြီးမြင့်မှုကြောင့် နှစ်လ၊ သုံးလအကြာတွင် အသင်း ၀င်အဖြစ်မှနုတ်ထွက်လိုက်သည်ဟုဆိုသည်။ မန္တလေးမြို့ခံတစ်ဦး ဖြစ်သည့် မချောစုဝင်းက ““သူ့ကွန်ရက် ဘယ်လိုသွားသလဲဆိုတော့ စီးပွားရေးပြေလည်တဲ့သူ၊ ပိုက်ဆံအရမ်းတတ်နိုင်တဲ့သူ အဲဒီလိုလူမျိုး မှာပဲသွားတယ်။ ဆင်းရဲသားတွေကြားထဲမှာ တိုးမပေါက်ဘူး။ တစ် ထောင်၊ နှစ်ထောင်တန်၊ အလွန်ဆုံးငါးထောင်တန်ပဲ။ အဲဒီထက်ပိုပြီး မသုံးနိုင်ဘူး”” ဟု ကုန်ပစ္စည်းဈေးနှုန်းနှင့်ပတ်သက်ပြီး သူ့အမြင်ကို ပြောသည်။ ကွန်ရက်မားကက်တင်းစနစ်ဖြင့်သွားနေသောကုန် ပစ္စည်းများတွင် သောင်းဂဏန်းတန်ပစ္စည်းကများပြီး အချို့ဆေးဝါး ဓာတ်စာများဆိုလျှင် သိန်းဂဏန်းတန်အထိရှိကြောင်းသိရသည်။
မန္တလေးနှင့် MLM ယဉ်ကျေးမှု
မန္တလေးမြို့သည် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း MLM ယဉ်ကျေးမှုနှင့် တရင်းတနှီးရှိလာခဲ့ပြီ။ ထို့ထက် မန္တလေးတွင် လွန်ခဲ့သည့်သုံးလေးနှစ်ခန့်ကစပြီး MLM စနစ် “ပေါက်” သွားသည် ဟုဆိုရမည်။ ယင်းစနစ်အစောဆုံးခြေချရာ ရန်ကုန်တွင်ပင် MLM အကြောင်းမေးလျှင် မသိဖူး၊ မကြားဖူးသူများစွာရှိနေသည့်တိုင် မန္တလေးတွင် MLM ကို အရွယ်ရောက်ပြီးသူအများစုက ကောင်း ကောင်းကြီးသိနေကြသည်။ အဆိုပါစနစ်အောင်မြင်သည်၊ မအောင် မြင်သည်နှင့်ပတ်သက်လျှင် “MLM စနစ်သည် နယ်ဘက်တွင် ပိုပေါက်သည်” ဆိုသော အသင်းဝင်အချို့၏အဆိုကိုပင် ကိုးကားရ မလိုရှိသည်။ ရန်ကုန်မြို့ကြီးတွင် အိမ်တစ်အိမ်ထဲဝင်ဖို့၊ လူတစ် ယောက်နှင့်စကားပြောဖို့က အခက်အခဲရှိနိုင်သော်လည်း မန္တလေးလို မြို့မျိုးကတော့ ယင်းကိစ္စများကို အလွယ်တကူဖန်တီးယူနိုင်သည်။
မန္တလေး၏လူနေမှုပုံစံက ရိုးစင်းသည်။ မိသားစုဆန်သည်။ ဟိတ်ဟန်သိပ်မရှိသလို လူတစ်ယောက်နှင့်တစ်ယောက် ဆက်သွယ် ဖို့လွယ်ကူသည်။ သို့ဖြစ်ရာ လူလူချင်းချိတ်ဆက်ပြီး ဈေးကွက်ချဲ့ ရသော MLM စနစ်သည် မန္တလေးလူမှုအဖွဲ့အစည်းတွင် ပိုမို လွယ်ကူဖွယ်ရာရှိသည်။ တစ်ဖန် လူကိုယ်တိုင် အဓိကစည်းရုံးလေ့ ရှိသော ယင်းစနစ်သည် ကိုယ်ပိုင်လုပ်ငန်းကလေးများ အများစုလုပ် ကိုင်သော မန္တလေးလူထုကြားတွင် ပိုအဆင်ပြေသည်ဟုဆိုရမည်။ မည်သို့ဆိုစေ မန္တလေးမြို့တွင် Network Marketing ခေါ် MLM ကွန်ရက် ဆက်လက်ကျယ်ပြန့်ပေလိမ့်ဦးမည်။

ဟိန်းဇော်
https://www.facebook.com/groups/mlmDiscussion/#