Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

စွန့်ဦးတီထွင်တွေ ဝေးဝေးရှောင်တဲ့ MLM


စွန့်ဦးတီထွင်တွေ ဝေးဝေးရှောင်တဲ့ MLM
*********************************************
လူတော်တော်များများ Multi-Level Marketing (#MLM) လို့ခေါ်တဲ့ ဆင့်ပွားမားကက်တင်းနဲ့ စည်းရုံးခံရဖူးကြပါတယ်။ ပြောရရင် အခုစာဖတ်နေသူကိုယ်တိုင် စည်းရုံးခံရဖူးတာ၊ ဒါမှမဟုတ် ကိုယ်တိုင် ဒီစနစ်နဲ့မားကက်တင်းလုပ်နေသူတောင် ဖြစ်ချင်ဖြစ်နေမှာပါ။ သိပ်မကြာသေးခင်က မြန်မာအွန်လိုင်းအသုံးပြုသူတွေကြားမှာ MLM နဲ့ပတ်သက်လို့ စကားစစ်ထိုးပွဲတွေဖြစ်ခဲ့ကြတယ်။ ကျွန်တော် MLM အကြောင်း လူမှုကွန်ရက်မှာ အစပျိုးပေးခါရှိသေးတယ်၊ ဒီစနစ်နဲ့ပတ်သက်ပြီး အမြင်မကြည်ဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးက ဆက်သွယ်ပြီးသူ့အတွေ့အကြုံတွေကို ဖောက်သည်ချခဲ့ပါသေးတယ်။ ဒါတွေက ဒီနိုင်ငံမှာ ဒီစနစ်ဘယ်လောက်ကျယ်ပြန့်နေပြီး ဒါနဲ့ပတ်သက်လို့ လူဘယ်လောက်များများ ဒုက္ခရောက်ခဲ့ကြပြီလဲဆိုတာကို မှန်းဆလို့ရစေပါတယ်။
.
Network Marketing(ကွန်ရက်မားကက်တင်း) လို့လည်းခေါ်တဲ့ ဒီစနစ်နဲ့ဖြန့်ချိရေးလုပ်ကိုင်နေသူတွေဟာ သူတို့မဖြစ်မနေ၀ယ်ယူသုံးစွဲဖို့ ကတိခံထားရတဲ့ ကုန်ပစ္စည်းတွေ ရောင်းထွက်ဖို့၊ အသင်းဝင်(Member) အသစ်တွေရရှိဖို့ ဈေးကွက်ရှာဖွေရ၊ စည်းရုံးကြရပါတယ်။ သူတို့တွေ ဈေးကွက်ရှာ(မားကက်တင်းဆင်း) ကြတာက သာမန်ပုံစံနဲ့ ကွဲပြားမှုတွေရှိပါတယ်။ ကုန်ပစ္စည်းကို အလွန်အကျွံညွှန်းတာနဲ့ အစည်းရုံးခံရသူထွက်ပြေးချင်လောက်အောင် လုပ်တတ်ကြတာကတော့ သူတို့တွေအတွက် ပြောစမှတ်ပြုစရာအဓိကအချက်ပါပဲ။ ကျွန်တော့်ကို ဆက်သွယ်လာတဲ့ အမျိုးသမီးက ပစ္စည်းတစ်မျိုးတည်းက လေးငါးခြောက်မျိုးသုံးလို့ရတယ်ဆိုတဲ့ပုံစံမျိုး တရားလွန်ပုံစံ လူအမြင်ကပ်စရာဖြစ်လောက်အောင် စည်းရုံးတတ်ကြတယ်လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။ ဒီအလုပ်လုပ်နေတဲ့ သူ့ဆွေမျိုးတွေဆို သူ့ကို အုပ်စုလိုက် စည်းရုံးကြလို့ နောက်ဆုံးမှာ ဆွေမျိုးခန်းတောင်ပြတ်တော့မလိုဖြစ်သွားတယ်လို့တောင် ပြောပါတယ်။
.
မြန်မာနိုင်ငံကို ဒီစနစ်ကျင့်သုံးတဲ့လုပ်ငန်းတွေရောက်ရှိလာတာ နှစ်ပေါင်း ၂၀ ကျော်လောက်ရှိပြီလို့ သိရတယ်။ လက်ရှိမှာတော့ Aim Star၊ Double Crane၊ Shine Hope စတဲ့ လုပ်ငန်းပေါင်း ၅၀ ကျော်ရှိနေပါတယ်။ အခုအင်တာနက်စနစ်ကျယ်ပြန့်လာမှုနဲ့အတူ ဒီစနစ်နဲ့ လုပ်ငန်းလုပ်သူတွေ ဘယ်လောက်တိုးပွားနေသလဲဆိုတာလည်း စဉ်းစားစရာရှိပါတယ်။ ဒီလုပ်ငန်းတွေနဲ့ချိတ်ဆက်လုပ်ကိုင် သူတွေထဲမှာ တချို့လည်း တခြားအလုပ်အကိုင်မရှိသူတွေ၊ တချို့ကတော့ ဒုတိယအလုပ်အနေနဲ့ လုပ်ကြတာလို့ ဒီလောကသားတချို့က ဆိုပါတယ်။ ဖြန့်ချိသူတွေအနေနဲ့ အသင်းဝင်အသစ်ရှာတဲ့အခါမှာတော့ အဓိကအားဖြင့် နောက်ကာလဘယ်လောက်ကြာရင် ၀င်ငွေဘယ်လောက်ရမှာဆိုတဲ့ မက်လုံးတွေပေးပြီး ဆွဲဆောင်ကြလေ့ပါတယ်။
.
ဒီဆောင်းပါးမှာ ကျွန်တော့်အနေနဲ့ Startup Professionals, Inc ရဲ့ တည်ထောင်သူနဲ့ CEO Mr Martin Zwilling ရဲ့ “စွန့်ဦးတီထွင် အစစ်အမှန်တွေက Multi-Level Marketing ကို ရှောင်တယ်” ဆောင်းပါးထဲက အချက်တော်တော်များများနဲ့ ပြည်တွင်းက အခြေအနေတချို့ကို အဓိကရောနှောပြီး ပြောသွားပါ့မယ်။ ဆောင်းပါးရှင် Martin Zwilling က “ကိုယ့်ကိုယ်ကိုယ်စွန့်ဦးတီထွင်လို့ သတ်မှတ်ထားသူတော်တော်များများက သူတို့ရဲ့ Multi-Level Marketing (MLM)၊ ဒါမှမဟုတ် Network Marketing ကုမ္ပဏီတွေနဲ့ချိတ်ဆက်ဖို့ ကျွန်တော့်ကို ဖိတ်စာတွေ၊ ချီးမွမ်းထောမနာပြုမှုတွေ ပေးပို့ကြတယ်။ ဒီအသံအားလုံးဟာ ကျွန်တော့်ကို မြန်မြန်ချမ်းသာဖို့ အစီအစဉ်ဆွဲပေးနေကြတာနဲ့တူပါတယ်” လို့ ခပ်ထေ့ထေ့လေး ရေးထားပါတယ်။ သူက “ကျွန်တော့်အဖို့တော့ စွန့်ဦးတီထွင်(Entrepreneur) တစ်ယောက်ရဲ့ အနှစ်သာရက အသစ်တစ်စုံတစ်ရာကို တီထွင်ဖန်တီးနေခြင်းနဲ့ ဆန်းသစ်နေခြင်းပါပဲ။ တကယ်တော့ MLM ဆိုတာ ရှိနေတဲ့ကုန်ပစ္စည်းတစ်ခုအပေါ်မှာ ပိရမစ်ပုံစံမြင့်မားတဲ့အာမခံငွေထားရှိထားတဲ့ အစဉ်အလာဖော်မြူလာတစ်ခုပါပဲ” လို့ ဆက်ပြောထားပါသေးတယ်။
.
သူ့ရဲ့အဆိုအရ ယေဘုယျအားဖြင့် ပုံရိပ်ကောင်းရှိတဲ့ Mary Kay နဲ့ Lia Sophia လို ကုမ္ပဏီအနည်းငယ်ရှိပေမဲ့ ရင်းနှီးမြှုပ်နှံမှုစနစ်တချို့ကို မကြာခဏတည်ဆောက်ရာကနေ ဒီနယ်ပယ်ကို အကျည်းတန်စေတဲ့ကုမ္ပဏီတွေက ပိုများပါတယ်။ အင်တာနက်ကို ခေါက်ကြည့်လိုက်ရင် “MLM ရဲ့ အမှားတွေကဘာတွေလဲ” ဆိုတာမျိုး အနုတ်လက္ခဏာဆောင်တဲ့ဆောင်းပါးတွေဒါဇင်နဲ့ချီပြီး ကျလာလိမ့်မယ်။ ဒါက နိုင်ငံတကာမှာရှိတဲ့ မာတီလယ်ဗယ်မားကက်တင်းကုမ္ပဏီတွေရဲ့ပုံရိပ်ကို မြင်သာစေပါတယ်။
.
တကယ်တော့ “Multi-Level Marketing” နဲ့ “Network Marketing” ဟာ ၁၉၇၀ အစောပိုင်းကာလ Amway(အမေရိကန် MLM ကုမ္ပဏီ) နဲ့ တခြားကုမ္ပဏီတွေကနေ ပိရမစ်ပုံစံပြန်သွားပြီးတဲ့နောက်ပိုင်း တီထွင်ထားတဲ့ ဝေါဟာရတွေဖြစ်တယ်လို့ ယုံကြည်ရကြောင်း ဆောင်းပါးရှင်က ဆိုပါတယ်။ နည်းပညာပိုင်းဆိုင်ရာပြောဆိုမှုတွေအရ ပိရမစ်ပုံစံဆိုတာ ကုန်စ္စည်းကိုရောင်းချတာထက် အသင်းဝင်(Member) တွေကိုပိုမိုရှာဖွေဖို့ သူတို့ရဲ့အသင်းဝင်တွေကို မြှူဆွယ်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့အသင်းဝင်တွေအတွက် ၀င်ငွေမူလအရင်းအမြစ်က ကုန်ပစ္စည်းတွေအစား ထပ်ရှာထားတဲ့ အသင်းဝင်အရေအတွက်ပါပဲ။ ဒီတော့ MLM အလုပ်ကိုလုပ်မယ်ဆိုရင် မိသားစုတွေနေ မိတ်ဆွေတွေ တော်တော်များများလိုအပ်လိမ့်မယ်။
.
Martin Zwilling ကတော့ MLM စနစ်နဲ့ ပတ်သက်ပြီး အဓိက အချက် ငါးချက်ပြောထားပါတယ်။
(၁)လုပ်ငန်းစတင်ဖို့အတွက် စရိတ်စက။ ။သူတို့ရဲ့ Business Model(လုပ်ငန်းပုံစံ) ဟာ အမှန်တကယ် ကုန်ပစ္စည်းရောင်းတာဖြစ်တယ်ဆိုရင် ကြိုသွင်းငွေဆိုတာ မလိုအပ်သလို ဒါဟာ လျော်ကန်မှုလည်းမှုရှိပါဘူး။ အများအားဖြင့် ဒါတွေဟာ မားကက်တင်းလက်ကမ်းစာစောင်အနည်းငယ်ပါဝင်တဲ့ ပညာရေးနဲ့ လေ့ကျင့်သင်ကြားရေးအတွက် ဘီလ်(ကျသင့်ငွေ) ဖြစ်ပါတယ်။
.
(၂)အလုပ်သေးသေးလေးနဲ့ ပိုက်ဆံများများကတိပြုမှု။ ။အဲဒီမှာ ကြိုးကြိုးစားစားမလုပ်ရဘဲနဲ့ ပိုက်ဆံရှာလို့ရမယ့် နည်းလမ်းတွေရှိတယ်။ ဒါပေမဲ့ ဒါဟာ အလုပ်မလုပ်ဘဲနဲ့ ပိုက်ဆံအများကြီးကိုရှာနိုင်ဖို့ လုပ်ငန်းတစ်ခုကိုလုပ်တဲ့ လူတိုင်းအတွက်ဖြစ်နိုင်တာတော့ လုံးဝမဟုတ်ပါဘူး။
.
(၃)ရင်းနှီးမြှုပ်နှံမှုအနေနဲ့ အားပေးတဲ့ဝယ်ယူမှုများ။ ။ မကြာခဏဆိုသလို MLM ကုမ္ပဏီတွေဟာ ကျေနပ်လောက်စရာ အရောင်းထက်ကို ကုမ္ပဏီအတွင်းမှာ ကုန်ပစ္စည်းတွေဝယ်တာက ခင်ဗျားရဲ့အဆင့်ကိုမြှင့်တင်ပေးမယ်၊ ဒါမှမဟုတ် ခင်ဗျားရဲ့လုပ်ငန်းကို ကြီးထွားစေတယ်ဆိုတာကို တွေးမိစေချင်ကြတာပါ။
(၄)၀င်ငွေမြင့်ခန့်မှန်းမှု။ ။ ကုမ္ပဏီတော်တော်များများက ခင်ဗျားဘယ်လောက်များများ လုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး အားစိုက်တာကို သဘောကျနှစ်သက်ကြတယ်။ ဒါပေမဲ့ ခင်ဗျား ဒါကို ဘယ်လိုလုပ်ပါဆိုတာကိုတော့ ဖော်ပြခဲပါတယ်။
.
(၅)လူသစ်(Member သစ်) ရှာတာကနေဖြစ်လာတဲ့ ငွေ။ ။သူတို့အနေနဲ့ ခင်ဗျားကို Customer အသစ်တစ်ယောက်ထက် တခြား Distributor(ဖြန့်ချိသူ) ကို ရှာနိုင်ပေးဖို့ပိုဖြစ်စေချင်တယ်ဆိုရင် သူတို့ရဲ့ကုန်ပစ္စည်းတွေဟာ ကုမ္ပဏီကို မောင်းနှင်ပေးနေတဲ့အရာတွေ မဟုတ်တော့ဘူးလေ။ ကုန်ပစ္စည်းတွေမဟုတ်ဘဲ လူတွေနဲ့ပဲပြည့်လာတဲ့ ကုမ္ပဏီတစ်ခုဟာ လူစုလူဝေးကြီးတစ်ခုပဲဖြစ်ပြီး ကြီးထွားလာတဲ့ကုမ္ပဏီတစ်ခုတော့ ဖြစ်မှာမဟုတ်ပါဘူး။
.
အခု အင်တာနက်ခေတ်ကို ရောက်လာတဲ့အခါမှာ ဒါစနစ်ကို လွယ်လွယ်ကူကူပိုလုပ်ခွင့်ရလာကြပါတယ်။ အရင်တုန်းကဆို ဖြန့်ချိသူတွေဟာ သူတို့ကုန်ပစ္စည်းနဲ့ သူတို့ကုမ္ပဏီအကြောင်း အမွှမ်းတင်ပြောဆိုဖို့ တခြားလူတွေဆီသွားလည်ပတ်ရတယ်၊ ဒါမှမဟုတ် အနည်းဆုံးသူတို့ကို ဖုန်းတော့ဆက်ရတယ်။ ဒီနေ့ခေတ်မှာ မျက်နှာချင်းဆိုင်မားကက်တင်းက လက်တွေ့ကျနေသေးတယ်ဆိုပေမဲ့ တခြားရွေးချယ်စရာတစ်ခုအနေနဲ့ အင်တာနက်ရှိနေပါပြီ။ ဒါကြောင့် သူတို့ဟာ လူတိုင်းလူတိုင်း သူတို့စိတ်တိုင်းကျလုံခြုံစိတ်ချရဲတဲ့ အွန်လိုင်းကို သွားကြပါတော့တယ်။ သူတို့ဟာ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ ဆိုက်တွေဖန်တီးပါတယ်။
.
အများအားဖြင့် တခြားလူတွေကို အတင်းခယမြှူဆွယ်ရတဲ့၊ လူအများငြူစူတဲ့ ဒီ Business Model ကို တော်တော်များများကတော့ နှစ်သက်ကြမှာမဟုတ်ပါဘူး။ မကြာသေးခင်က မီဒီယာတော်တော်များများမှာ ရေးထားတဲ့ဆောင်းပါတွေမှာလည်း ဒီစနစ်၊ ဒီလုပ်ငန်းတွေရဲ့ အပြစ်တွေကို ပွင့်ပွင့်လင်းလင်းပြောထား ဝေဖန်ထားတယ်။ အထူးသဖြင့်တော့ ဒီစနစ်ဟာ အောက်အဆင့်က အသင်းဝင်တွေအတွက် မွဲဆေးလို့ ပြင်းပြင်းထန်ထန်ဝေဖန်ထားကြပါတယ်။ ဒီဝေဖန်မှုတွေက MLM ကို ယုံကြည်သူတွေ၊ MLM လုပ်ငန်းတွေရဲ့အသင်းဝင်တွေ လျော့ကျသွားပြီး MLM လုပ်ငန်းတွေကို ထိုးနှက်နိုင်မလား မေးခွန်းမေးစရာရှိလာပါတယ်။ ဒါပေမဲ့ အရင်ကလည်း ဒီလုပ်ငန်းတွေကို လူတွေသံသယရှိတာ၊ တချို့ဆို နာမည်ပျက်စာရင်းအသွင်းခံရတာတွေ ရှိခဲ့တာပါပဲ။ ဒါပေမဲ့လည်း ဆွဲဆောင်မှုတွေကို မက်ပြီးလုပ်နေကြသူတွေတစ်ပုံတစ်ပင်ကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူတွေ ဒီစနစ်ကို ယုံကြည်အားကိုးနေသေးသရွေ့ ဒီလုပ်ငန်းတွေ ဆက်လက်ရှင်သန်၊ ဆက်လက်တိုးပွားနေဦးမှာပါပဲ။ Martin Zwilling ကတော့ သူ့ဆောင်းပါးမှာ အခုလို မှတ်ချက်ပြုပြီး ဆုံးသတ်ထားပါတယ်။
.
“MLM တန်းထဲကို ဒေါ်နယ်ထရမ့်လို စီးပွားရေးအိုင်ကွန်ကြီးတချို့ဝင်ရောက်နေတာကို မြင်တွေ့ကတည်းက တစ်စုံတစ်ခုဟာ Business Model အဖြစ်ရှိနေဦးမယ်ဆိုတာ သိလိုက်ပါတယ်။ ပြီးတော့ စွန့်ဦးတီထွင်နဲ့ဆိုင်တဲ့တစ်ခုခုကိုလည်း ရှာဖွေနေတုန်းပါပဲ။ သူတို့ရဲ့ MLM ကို ကျွန်တော့်ရဲ့ အကောင်းဆုံး Startup Client တွေအဖြစ် ကျွန်တော်ထောက်ခံပေးရလောက်အောင် ကျွန်တော့်ကို အကောင်းမြင်စေမယ့်၊ စစ်မှန်မယ့် ယုံကြည်လက်ခံစရာဇာတ်လမ်းတစ်ပုဒ် ဘယ်သူ့ဆီမှာများ ရှိမလဲဗျာ”။
.
https://www.facebook.com/hein.zaw.731/posts/976998365779468
ဟိန်းဇော်
#B2BMagazin