Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

Mlm ဆွယ်လုံးတစ်ခု





အပြင်ဆိုင်မှာ ပစ္စည်းဝယ်ရင် ဘာငွေမှ ပြန်မရဘူး ။
MLM မှာက ဒီလို ဝယ်သုံးရုံနဲ့ ဝင်ငွေ ပြန်ရတယ် <<< ဆိုသူများ စဉ်းစားနိုင်ဖို့ပါ ။
ဆိုပါစို့ ။
အပြင်မှာ ကျွန်တော် ရေတစ်ဘူး သွားဝယ်တယ် ။ ၃၀၀ ပေးရတယ် ဆိုပါစို့ ။
ကျွန်တော့် ရည်မှန်းချက်က သန့်ရှင်းတဲ့ ရေ သောက်ရဖို့ပဲ ။
ဒီတော့ ကျွန်တော် ဒီ ၃၀၀ ပေးလိုက်ရလို့ ဒီ ရည်မှန်းချက်ပြည့်ရင်ကျေနပ်ပြီ ။
ဘာမှ ထပ်မလိုချင်တော့ဘူး ။ ( ဒါတောင် တခါတလေ ကံစမ်းမဲတွေ ဘာတွေ ပေါက်ရင်လည်း ပေါက်မှာပေါ့ ။ )
MLM မှာလည်း တကယ်လို့သာ ၃၀၀ တန် ရေဘူးကို ၃၀၀ နဲ့ပဲ ရောင်းနေရင် ဘာပြဿနာမှ မရှိဘူး ။
အဲ့လို ၃၀၀ နဲ့ ဝယ်လို့ ကိုယ်က ဝင်ငွေရမယ်ဆိုလို့ကတော့ ပိုတောင် ပျော်သေးတယ် ။
MLM သမားတွေ ပြောသလို ပြောရရင် ရွှေရောင် အခွင့်အရေးကြီးပေါ့ ။
( ၁ )
ခက်တာက MLM မှာက ၃၀၀ တန် ရေကို ၁၀၀၀ နဲ့ ရောင်းနေတာ ။
ပိုတဲ့ ၇၀၀ ကိုမှ Company က ၂၀၀ လောက်ယူပြီး
MLM ကိုယ်စားလှယ်တွေကို ၅၀၀ လောက်ပြန်ပေးနေတာ ။
ဒီတော့ ခင်ဗျားတို့ ရလိုက်ပါတယ်ဆိုတဲ့ ဝင်ငွေတွေဟာ ခင်ဗျားတို့နဲ့ ခင်ဗျားတို့အောက်လူတွေက
မတန်တကြေး နဲ့ ဝယ်လိုက်ရတဲ့ ပစ္စည်းတွေကနေ
ရလာတဲ့ အပိုငွေတွေနဲ့ ခင်ဗျားတို့ကို ပြန်ပေးနေတာပဲ ။
( အဲ့လို ဟုတ်မဟုတ် ဆိုတာ
MLM Companies အများစုမှာ ရှိတဲ့ ထုတ်ကုန်တွေကို
အလားတူ အရည်အသွေးရှိတဲ့ တခြား နာမည်ကြီး Brand တွေရဲ့ ဈေးနှုန်းနဲ့ ယှဉ်ကြည့်လိုက်ရင် သိပါလိမ့်မယ် ။ )
တကယ်လို့ အဲ့လို ဈေးမတင်ထားပဲ
တကယ် ရောင်းနိုင်တာဆိုရင်တော့ ဆက်လုပ်ပေါ့ ။
ဒါပေမယ့် သေချာတော့ ဆန်းစစ်ကြည့်ပါဦးလေ ။
ပစ္စည်းတစ်ခုချင်း အလိုက် အွန်လိုင်းမှာ
Research / Price Comparison လုပ်လို့ ရနေတဲ့ ခေတ်ရောက်နေပြီ မလား ?
( ၂ )
နောက်တစ်ချက် ထပ်ဆန်းစစ်ချင်ရင် ဒီ ပစ္စည်းတွေကို
MLM ဝင်လုပ်နေသူ မဟုတ်တဲ့ ပြင်ပက စားသုံးသူတွေကို ရောင်းချကြည့်ပါ ။
( MLM လုပ်နေသူက မက်လုံးတွေ ၊ စိတ်ကို လွှမ်းမိုးခံရမှုတွေ ကြောင့် ဝယ်တာမျိုး ဖြစ်နေနိုင်လို့ပါ ။ )
အဲ့ဒီ စားသုံးသူတွေကို မှန်မှန်ကန်ကန်ပြောရောင်းလို့
သူတို့က ကျေကျပ်နပ်နပ် အားပေးဝယ်ယူတယ်ဆိုရင်
ဘာ ပြဿနာမှ မရှိပါဘူး ။ ကြိုက်ရောင်း ကြိုက်ဝယ် သဘောပေါ့ ။
( ၃ )
ဒါပေမယ့် ဒီနေရာမှာ မှန်မှန်ကန်ကန် ပြောရောင်းပါ ဆိုတာက အဓိကပါ ။
ဟိုရောဂါ ပျောက်တယ် ။ ဒီရောဂါ ကာကွယ်တယ် ဆိုတာတွေဟာ
မှန်မှန်ကန်ကန် ပြောရောင်းတာ မဟုတ်ပါဘူး ။
MLM မှာ ဖြန့်ချီနေတဲ့ ထုတ်ကုန်အများစုမှာ အဲ့ဒီလို
" ဟိုရောဂါ ပျောက်တယ် ။ ဒီရောဂါ ကာကွယ်တယ် " ဆိုတဲ့ အဆင့်လောက်ထိ အစွမ်းမရှိပါဘူး ။
အဲ့လောက် အစွမ်းရှိရင်လည်း ခင်ဗျားတို့ အနေနဲ့ တစ်ဦးချင်း အာပေါက်ခံပြီး လိုက်ရောင်းစရာမလိုပါဘူး ။
နာမည်ကြီး ဆရာဝန်ကြီးတွေ ၊ ဆေးခန်းတွေနဲ့ ချိတ်ဆက်ရောင်းချလိုက်ရင်
ပိုပြီး ရောင်းအားကောင်းပြီး အလုပ်တွင်မှာပါ ။
MLM ထုတ်ကုန်တွေကြောင့် ရောဂါပျောက်ပါတယ်ဆိုတဲ့ လူအများစုဟာ
( ၁ ) Placebo Effect ( ယုံကြည်စိတ်ကြောင့် ဝေဒနာသက်သာခြင်း )
( ၂ ) သမားရိုးကျ ကုသနည်း ( Western or Evident-based Medicine ) စနစ်နဲ့ တွဲသုံးတာကြောင့်
တကယ်တမ်းမှာ သမားရိုးကျ ကုသနည်းကြောင့်သာ
ရောဂါ ပျောက်ကင်းသွားခြင်း တွေ ဖြစ်ကြတာများပါတယ် ။
MLM မှာ ဖြန့်ချီနေတဲ့ ထုတ်ကုန်အများစုဟာ ကိုယ်ခံအားတက်စေတာ ။
အထောက်အပံ့လေးတစ်ခု ဖြစ်စေတာလောက်ပဲ ပြောပြီး ရောင်းချခွင့်ရှိပါတယ် ။
FDA မှာကိုက ဆေးအနေနဲ့ တင်ထားတာမဟုတ်ပဲ ။
အစားအသောက်အနေနဲ့ တင်ထားကြတာများပါတယ် ။
( FDA တောင် မရှိတဲ့ ပစ္စည်းတွေကိုတော့ စာရင်းထဲကို ထည့်မနေတော့ပါဘူး ။ )
ဒီတော့ ပြောတာလည်း ပြောပါ ။
သေချာ စဉ်းစားပြီးမှ မှန်မှန်ကန်ကန် ပြောကြပါလို့ အကြံပေးလိုက်ချင်ပါရဲ့ဗျာ ။
လေးစားလျက်
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
စာကြွင်း ။ ။
ဆန် ၊ ဆီ ၊ ဆား လို အလွယ်တကူ ဈေးနှုန်းနှိုင်းယှဉ်လို့ရတဲ့ ပစ္စည်းမျိုးတွေကို
( ဝင်ကြေးနဲ့ ဆုကြေးပြန်ပေးတာမဟုတ်ပဲ )
MLM စနစ်နဲ့ ရေရှည် ဖြန့်နိုင်ပြီ ဆိုရင်
MLM စနစ်ဟာ စားသုံးသူတွေအတွက် အဆင်ပြေ စစ်မှန်ကြောင်း သက်သေပြပြီးသား ဖြစ်သွားမှာပါ ။
ကြိုးစားကြည့်ပေါ့ဗျာ ။