Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

MLM နွံ ထဲက တကယ် ရုန်းထွက်ချင်ပြီလား ?


MLM နွံ ထဲက တကယ် ရုန်းထွက်ချင်ပြီလား ?
=========================
by ကိုဇင်ဇေ
တိုးတက်ချင်လွန်းတဲ့ စိတ် ကြောင့် MLM industry ထဲကို မထင်မှတ်ပဲ ရောက်သွားပြီး
တကယ်တမ်းမှာ ရိုးရိုးသားသား နဲ့ပဲ ကြိုးစားချင်တဲ့ လူငယ် တွေ အတွက်
MLM / Network Marketing အစား
တခြား လုပ်ငန်း ပြောင်းလုပ်ချင်ရင် ရနိုင်တဲ့ နီးစပ်တဲ့
အသက်မွေး ဝမ်းကြောင်း လုပ်ငန်း ( ၁၀ ) မျိုး ကို မျှဝေပေးလိုက်ပါတယ် ။
1. Direct Seller
တိုက်ရိုက် ရောင်းချ / ဖြန့်ချီသူ
( အလွှာ အဆင့်ဆင့် မရှိ လို့ ဈေး အလွန်မကြီးသွားတာက MLM နဲ့ အဓိက ကွာခြားချက်ပဲ ။
ဒီတော့ စားသုံးသူ အတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်တော့ဘူး ။
MLM မှာလို ကိုယ့် Structure အောက်ဆုံးနားက လူတွေ
အရင်း နဲ့ လုပ်ငန်း စရိတ်တောင် မကျေတာမျိုးလည်း မဖြစ်တော့တော့ လိပ်ပြာသန့်တာပေါ့ ။
နောင် ဘဝအတွက်လည်း အကုသိုလ် မပါတော့ဘူးပေါ့ဗျာ ။ )
2. Sales Rep / Agent
နယ်အလိုက် အရောင်းကိုယ်စားလှယ်
( နယ်ကန့်ပေးထားတဲ့ အတွက် ကိုယ့် ပြိုင်ဘက် ကိုယ်ပြန်မွေးမိသလို ဖြစ်ပြီး
MLM မှာလို ဈေးကွက် အကျပ် မြန်လာတာမျိုး မဖြစ်နိုင်ဘူးပေါ့ ။ )
3. Online Marketer
အွန်လိုင်း ဈေးကွက် ရှာဖွေ ၊ ထိုးဖောက်သူ
( အွန်လိုင်း ပေါ်မှာ ထုတ်ကုန်တွေ ၊ ဝန်ဆောင်မှုတွေကို လူသိများလာအောင် လုပ်ပေးရတဲ့လူပေါ့ ။
နောက်ပိုင်း ဒီထက်ပိုပြီး ခေတ်စားလာဦးမှာ ။ အနည်းဆုံး ဆယ်စုနှစ်တစ်ခုစာ Trend ကျန်သေးတယ် ။
ဒါပေမယ့် ဒီပညာ တတ်တဲ့လူ ထောင်ဂဏာန်း တောင် မရှိသေးဘူး ။
ဈေးကွက်က လိုအပ်နေပြီး သာမန် ပညာရေးက မဖြည့်ဆည်းပေးနိုင်တဲ့ အတွက်
အလုပ်/ဝင်ငွေ ရရှိမယ့် အလား အလာ က အရမ်း ကောင်းနေတယ် ။ )
4. Online Salesperson
အွန်လိုင်း ပေါ်မှာ ဈေးရောင်းသူ
( ဒါကတော့ ရှင်းတယ် ။ ဈေးကွက်ရှာပေးရုံတင် မဟုတ်ပဲ တကယ်ကို ရောင်းတဲ့လူ ။
ဖုန်းကဒ် ၊ အကျီင်္ ၊ အိတ် ၊ နာရီ ၊ ဖန်စီ ပစ္စည်း ၊ နည်းပညာ ဆက်စပ်ပစ္စည်း အစရှိသဖြင့်
ကိုယ် ကျွမ်းကျင်ရာ ၊ ကိုယ့် အွန်လိုင်း မိတ်ဆွေတွေ အာရုံကျရာကို ဦးစားပေးပြီး ရောင်းချနိုင်တယ် ။
ဆေးဝါး ၊ ဓာတ်စာ ၊ အလှကုန် ရောင်းတာကတော့
ဘေးကင်းကြောင်း ထောက်ခံချက် သေချာ မရှိတာတွေဆိုရင် မလုပ်စေချင်ဘူး ။
လုပ်ရင်လည်း သတိ ထားပေါ့ ။ )
5. Social Media Influencer / Blogger
လူမှုကွန်ရက်မှာ လွှမ်းမိုးနိုင်စွမ်း ရှိသူ ၊ ဘလော့ ရေးသားသူ
( စာရေးကောင်းရင် ၊ ကိုယ်သိထားခံစားရထားတွေကို သူများကို
ကူးစက်သွားအောင် ပြောပြရေးသားနိုင်ရင် ၊
ပုံလေးတွေ ၊ ဗီဒီယိုလေးတွေ တင်ရင်း နဲ့
အမာခံ ပရိသတ် ရထားရင် ကြော်ငြာ လက်ခံနိုင်တယ် ။
တစ်ချို့တွေ မသိမသာ ကြော်ငြာ စာသားလေး ညှပ်ထည့်ပေးရင်
Post တစ်ခုကို ၃ သောင်းကနေ ၅ သောင်း အထိ ပေါက်ဈေးရှိတယ် ။
ပြင်ပ ဆောင်းပါး ပို့တာ နဲ့ စာအုပ်ထုတ်တာမျိုး လုပ်နိုင်လာရင် ပိုကောင်းတာပေါ့ ။
ညီ ... အောင်ခမ်း တို့ ၊ မိုးရှင်း တို့ လုပ်သွားသလိုပေါ့ ။ )
6. Social Media Manager / Marketer / Consultant
လူမှုကွန်ရက်မှာ Company တွေ လုပ်ငန်းတွေရဲ့ လှုပ်ရှားမှုတွေကို စီမံခန့်ခွဲပေးသူ ၊
သူတို့ အစား Market ဖောက်ပေးသူ ၊
သူတို့ Social Media Activities တွေကို အကြံပေး ၊ စောင့်ကြည့်ပေးသူ
( ခုနက ပြောခဲ့တဲ့ ညီအောင်ခမ်း တို့ ၊ မိုးရှင်းတို့ ၊
မပန်ဆယ်လို နဲ့ Debate လုပ်ခဲ့တဲ့ ညီ ရန်နိုင်ဦး တို့
လုပ်ခဲ့တဲ့ လမ်းကြောင်းမျိုးပေါ့ ။
English လို စာဖတ်ဖို့ ကြောက်စိတ်မရှိရင် ၊ နည်းပညာကို စိတ်ဝင်စားရင် ၊
စိတ်ကို တကယ်နှစ်ပြီးလုပ်ရင် တိုးတက်နိုင်တဲ့
Professional လမ်းကြောင်း တစ်ခုပါ ။
ဈေးကွက်လည်း ရှိနေပါသေးတယ် ။
ကိုယ်က နာမည်တည်ဆောက်ယူတတ်ဖို့ ၊ ဈေးကွက်ရှာတတ်ဖို့တော့ လိုတာပေါ့ ။ )
7. Sales Trainer / Consultant
အရောင်း သင်တန်းပေးသူ ၊ အကြံပေးသူ
( ဒါကတော့ MLM မှာ တကယ် Professional ကျကျ ပြောရောင်းနိုင်ခဲ့တဲ့
လူတွေ နဲ့ ကိုက်တဲ့အလုပ်မျိုးပေါ့ ။
အမျိုးတွေ ၊ သူငယ်ချင်းတွေကို ပတ်ရောင်းလာတာ ၊
အလွန်အကျူးတွေ စွတ်ပြောပြီး ရောင်းလာတာဆိုရင်တော့
ဒီဘက်ကို ပြောင်းဖို့ အဆင့်မှီမှာ မဟုတ်ဘူး ။
Sales & Marketing သင်တန်းတွေ ပြန်တက်ပြီး ကိုယ့်ကိုယ်ကို မွန်းမံသင့်တယ် ။
အဆက်အသွယ်တွေလည်း ရနိုင်ပြီး ဉာဏ်လည်း ပိုပွင့်သွားတာပေါ့ ။ )
8. Personal Development Trainer / Motivator / Success Coach
ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေး သင်တန်းပေးသူ ၊
စိတ်ဓာက်မြှင့်တင်ရေး ဟောပြောပေးသူ ၊
အောင်မြင်ရေး သင်တန်းပေးသူ
( ဒါတွေ လုပ်ဖို့ကတော့ စာရေးပြီး ဖြစ်ဖြစ် ၊ ဟောပြောပွဲတွေ လိုက်လုပ်ပြီးဖြစ်ဖြစ်
Personal Brand ကို ကောင်းကောင်း တည်ဆောက်ရဦးမယ် ။
Professional Image ထွက်လာအောင် အချိန်တစ်ခုပေးရမှာပေါ့ ။
အခု Future Wave က ကိုဖူးကျော်ဇင် ပြောင်းသွားတဲ့ လမ်းကြောင်းမျိုးပေါ့ ။
သူဟာ MLM သမားဟောင်း တစ်ယောက် ဖြစ်ပေမယ့်
MLM ကို ဆက်မလုပ်ပဲ အဲ့ဒီဘက်ကို ဖောက်ထွက်သွားခဲ့တယ် ။
MLM Companies တွေကို Training/Motivation သွားပေးတာတွေတော့ ရံဖန်ရံခါရှိမှာပေါ့ ။
အဲ့ဒီ MLM industry ဘက်က ဒါမျိုးတွေ < Motivation/Success Tips > အတွက် ဈေးကွက် ကြီးတာကိုး ။
Strategy First က ဆရာ ကိုအောင်ချစ်ခင် တို့လို
MLM Companies များကို ဝန်ဆောင်မှုမပေးပါဆိုပြီး
ပြတ်ပြတ်သားသား လုပ်နိုင်ဖို့က မလွယ်ဘူးလေ ။ )
9. Author / Writer / Copywriter / Content Creator
MLM သမားကောင်း တစ်ယောက်ဖြစ်ဖို့ အပြောကောင်းအောင် လေ့ကျင့်ခဲ့ရတာဆိုတော့
စကားပြောကောင်းသူဘက်ကနေ စာရေးကောင်းသူဘက်ကို ပြောင်းဖို့
အရမ်းကြီးတော့ မခက်လှပါဘူး ။ တကယ် စိတ်ရှိရင် ဖြစ်နိုင်ပါတယ် ။
တစ်ခုတော့ သတိထားရမယ် ။
အပြောကောင်းတာနဲ့ အကောင်းပြောတာတော့ မတူဘူးဗျ ။
ကိုယ့်ပြောစကား ၊ ရေးတဲ့စာက တစ်ဖက်သားကို တကယ် အကျိုးရှိတာ တစ်ခုခု ပေးလိုက်နိုင်ရင် ပိုကောင်းတာပေါ့ ။
အဲ့ဒါမျိုး ရေးနိုင်ဖို့ စာများများ ဖတ်ရမယ် ။ ဟောပြောပွဲတွေ နားထောင်ရမယ် ။ လေ့လာ ဆည်းပူးရမယ် ။
နောက်တစ်ခု Copywriter ဆိုတာက အလွယ်ပြောရရင် ကြော်ငြာစာသားရေးပေးတဲ့လူကိုပြောတာ ။
သာမန် ကြော်ငြာမျိုးမဟုတ်ပဲ ဖတ်လိုက်တဲ့လူက စိတ်ဝင်စားသွားနိုင်လောက်တဲ့
ကြော်ငြာစာသားမျိုးတွေရေးနိုင်ရင် ဒါနဲ့လည်း ဝင်ငွေ ရှာလို့ရတယ် ။
Content Creator ဆိုတာက လုပ်ငန်းတွေ ရဲ့ လိုအပ်ချက်အသီးသီးကို ဖြည့်ဆည်းပေးနိုင်မယ့်
စာ ၊ ပုံ ၊ ဗီဒီယိုတွေ ဖန်တီးပေးတာပေါ့ ။
Photoshop တို့ Video Editing တို့တော့ တီးမိခေါက်မိတော့ ရှိရမယ် ။
အရှေ့မှာ ပြောခဲ့တဲ့ Online/Social Media Marketing တို့နဲ့ သွားပြီး ပြန်ချိတ်ဆက်နေတယ် ။
10. Passion !!!
ဒါကတော့ အရေးအကြီးဆုံး နဲ့ အခက်ဆုံးပေါ့ ။
ကိုယ် တကယ် ချစ်တဲ့ အလုပ် ၊ မလုပ်ရရင် မနေနိုင်တဲ့ အလုပ် ၊
ငွေ မရရင်တောင် လုပ်နေမိတဲ့ ၊ လုပ်ရတာ ပျော်တဲ့ အလုပ် ၊
စိတ်ဝင်စားတဲ့ အလုပ် ၊ ဝါသနာပါတဲ့ အလုပ်ကို ရှာပါ ။
အဲ့ဒါကို လုပ်နိုင်ရင်လုပ် ၊
မလုပ်နိုင်ရင်တောင် အဲ့ဒါနဲ့ အနီးစပ်ဆုံး အလုပ်တွေကို ရှာလုပ်ပါ ။
အဲ့ဒါနဲ့ နီးစပ်တဲ့ပညာရပ်တွေကို ရှာလေ့လာပါ ။
( ကျွန်တော် ကိုယ်တိုင် MLM industry က နေ ထွက်လာခဲ့တဲ့ လမ်းကြောင်း ဖြစ်တဲ့ အတွက်
ကျွန်တော့် အကြောင်းနဲ့ပဲ ဥပမာ ပေးပါ့မယ် ။
ကျွန်တော့်ကို အမြင်ကပ်လို့ စိတ်ထဲ သိပ်မကြည်ရင် ကျော်သာ ဖတ်သွားလိုက်ပါ ။
နောက် သွေးအေးသွားမှ ပြန်လာဖတ်ရင် ဖတ်ကြည့်ပေါ့ ။ )
ကျွန်တော်ဆို အရင်က MLM ပိုး ဝင်ခဲ့တော့
အဲ့ဒီမှာ ဟောပြောတာတွေ နားထောင်ရင်း ၊ ကိုယ်လည်း ပြန်ဟောပြောရင်း
အောင်မြင်ရေး ဟောပြောသူ / စိတ်ဓာတ် မြှင့်တင်ရေး ဟောပြောသူ တစ်ယောက် ဖြစ်ချင်ခဲ့ဖူးတယ် ။
MLM လုပ်နေရင်း " အောင်မြင်ရေး သင်တန်းကျောင်း " ဆိုတာမျိုးတောင် ဖွင့်ခဲ့ကြဖူးတယ် ။
ဒါပေမယ့် ပြန် စဉ်းစားမိတာက လူတွေကို အောင်မြင်ရေး သင်ပေးတယ် ပြောရအောင်
" ငါ ဘယ်လောက် အောင်မြင်နေပြီမို့လဲ " လို့ပေါ့ ။
MLM လောကမှာ ကျွန်တော်တို့ ရခဲ့ဖူးတဲ့ လက်ခုပ်သံတွေက အစစ်မဟုတ်ဘူးလေ ။
အများစုက တိုင်မင် ကိုက်ထားတာ ။
ဒီတော့ အောင်မြင်ရေး သင်တန်းကျောင်းမှာ သင်ပေးတဲ့ အခါမှာလည်း
ကိုယ့်လောက် စာဖတ်အားမရှိသူတွေကို
ကိုယ်က စာဖတ်အား ၊ ပြောအားနဲ့ လွှမ်းမိုးနိုင်ပေမယ့်
စိတ်ထဲမှာ ကိုယ့်ကိုယ်ကို အားမရဘူး ။ လိပ်ပြာ မသန့်ဘူး ။
ကျွန်တော် အဲ့ဒီ တုန်းက အဓိက ကိုင်ခဲ့တဲ့ Topics တွေက
1. Change
2. ESBI
3. Effective Thinking တွေပေါ့ ။
ESBI က MLM Version မဟုတ်ဘူး ။ ကျွန်တော် အများကြီး ထပ်ဖြည့်ထားတာ ။
Effective Thinking လည်း အဲ့လိုပဲ ။
ဆရာဦးကျော်သူဆီက ရတာကို ကျွန်တော် ဆရာကိုတာတို့ ၊
ဆရာကြီး Edward DeBono တို့ ဟာတွေနဲ့ ရောသမမွှေပစ်တာ ။
Change ကတော့ T Harv Eker ရဲ့ Millionaire Mindset ကို အခြေခံပြီး ဆန့်ထုတ်ပစ်တာ ။
MLM မှာ ( 90/10 rule ) အောင်မြင်သူ အတွေး နဲ့ ရှုံးနိမ့်သူ အတွေး ဆိုပြီး ယှဉ်ပြပြီး သင်တာမျိုးတွေပေါ့ ။
ကျွန်တော်က MLM မှာ သင်တာကို မယူပဲ မူရင်း စာအုပ်ကို ဖတ်ပြီး
ပြန်သင်တာဆိုတော့ ချဲ့ထုတ်လို့ ပိုကောင်းသွားတာပေါ့ ။
ဒါပေမယ့် အဲ့လိုတွေ သင်ပေးနေရင်း
( ကျွန်တော်တို့က တကယ်တော့ သင်တယ်လို့တောင် မသုံးဘူး ။ မျှဝေတယ်လို့ပဲ သုံးတယ် ။ )
ငါ ပြောပြတဲ့ နည်းလမ်းတွေနဲ့
ငါကိုယ်တိုင် အရင် အောင်မြင်အောင် လုပ်ပြနိုင်သင့်တယ်ဆိုတဲ့ အတွေးက ဖိစီးလာတယ် ။
ဟုတ်တယ်လေ ။ တကယ်လို့ ဒီ နည်းစနစ်တွေ အယူအဆတွေကို လက်တွေ့ အကောင်အထည်ဖော်တဲ့အခါမှာ
အရင်က မထင်ထားတဲ့ ...စာအုပ်တွေ ဟောပြောပွဲတွေမှာ
ကျွန်တော်တို့ မကြားဖူးတဲ့ ပြဿနာတွေ ကြုံမလာနိုင်ဘူးလား ။
MLM လုပ်တုန်းက တခါမှားခဲ့ပြီးပြီ မို့ ထင်ကြေးနဲ့ မျှော်လင့်ချက်တွေ ၊
တက်ကျမ်း တွေက စာသားတွေ သက်သက်ကို ကျွန်တော် မယုံရဲတော့ဘူး ။
နောက်တော့ ကျွန်တော်တို့ စုထောင်ခဲ့တဲ့ အောင်မြင်ရေးသင်တန်းကနေ ကျွန်တော် ထွက်လိုက်တယ် ။
ကျွန်တော့် ကို ကျွန်တော် သက်သေပြနိုင်ဖို့ အတွက်
တခြား လုပ်ငန်း တစ်ခုခုကို ပြောင်းလုပ်မယ် ။
အဲ့ဒါကို အရင် အောင်မြင်အောင် လုပ်နိုင်သင့်တယ် လို့ ဆုံးဖြတ်လိုက်တာပေါ့ ။
အဲ့အချိန်မှာ ကျွန်တော် ပြန်စဉ်းစားတယ် ။
သင်္ဘော တော့ ပြန်မလိုက်ချင်ဘူး ။
ဒီတော့ ဘာ ဆက်လုပ်ရမလဲပေါ့ ။
ကျွန်တော့် ကို ကျွန်တော် သတိထားမိတာက ကျွန်တော်က ကိုယ်သိထားတတ်ထားတာလေးကို
သူများကို ပြန်ပြောပြရတာ ဝါသနာပါတယ် ။
ဒီတော့ ကျွန်တော် လုပ်လို့ရနိုင်တာက စာရေးတာ ၊ အကြံပေးတာ ၊
ဟောပြောတာ ၊ သင်တန်းပေးတာ မျိုးတွေပေါ့ ။
ချုံ့ပြောရရင် ကျွန်တော် အဓိက အသက်မွေး ဝမ်းကြောင်း ၂ ခု ရွေးခဲ့တယ် ။
၁။ Social Media Manager
၂။ English Language Trainer
ကြားထဲမှာ ကွန်ပြူတာ နဲ့ ပတ်သက်တာလည်း အိမ်လိုက်သင်ပေးခဲ့ဖူးတယ် ။
ရပ်တည်လို့ရလောက်တဲ့ ဝင်ငွေလေးရှိနေအောင်ပေါ့ ။
အခု ၃နှစ်ကျော်လောက် ကြာသွားတဲ့အခါ
ကျွန်တော် စိတ်ဝင်တစားလေ့လာခဲ့တာတွေကို ပေါင်းပြီး အသုံးချလိုက်တော့
ကျွန်တော့် English စာနဲ့ ပတ်သက်တဲ့ Fan Pages စုစုပေါင်း ပရိသတ် ၇ သိန်းကျော် ရထားတယ် ။
ကျွန်တော် သင်တန်း ဟာ အခြေခိုင်သွားပြီ ။
ကျန်းမာရေး ကောင်းနေသ၍ ငွေရေးကြေးရေး ပူစရာမလိုလောက်တဲ့ အနေအထားလေး ကိုတော့ ရောက်သွားပြီပေါ့ ။
စာ သင်တယ်ဆိုတာ ကျွန်တော် သိထားတတ်ထားတာလေးကို
ကျွန်တော့်လောက် မသိသေး မတတ်သေးတဲ့လူကို ပြောပြရတာလို့ပဲ ကျွန်တော် သဘောထားတယ် ။
( သိပ် တက်နေလို့ မဟုတ်ဘူး ။
ကျွန်တော့်လောက် မသိ မတတ်သေးတဲ့လူတွေအတွက် ကျွန်တော်တတ်နိုင်သလောက်လေး
စေတနာထားပြီး သင်ပေးနိုင်အောင်ကြိုးစားဖို့ပဲ လိုတယ်လို့ ကျွန်တော် ခံယူတယ် ။ )
English စာ သင်ရင်းရဲ့ ကျွန်တော် အရင်က စိတ်ဝင်စားတဲ့ " ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး " နဲ့
ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ညှပ်ပြီး ထည့်ပြောပေးတယ် ။
တစ်ချို့ တကယ် စိတ်ဝင်စားတဲ့ သင်တန်းသားတွေကို ဆိုရင် တစ်ဦးချင်း တိုင်ပင်ဆွေးနွေးပေးတယ် ။
အချိန် မပေးနိုင်တော့လို့ Social Media Marketing/Management ကို မလုပ်တော့ပဲ
သိပ် ရင်းနှီးတဲ့လူတွေကို Consulting ( အကြံပေး/ စစ်ဆေး ) လုပ်ပေးတာလောက်ပဲ လုပ်တော့တယ် ။
ငွေရှာရုံ သက်သက်ကြီး ဘဝမှာ ရပ်တည်နေတယ်ဆိုတာမျိုးကြီး မခံစားချင်လို့
ကျွန်တော့် စိတ် အဆာပြေအောင်
" မြန်မာ့ အိပ်မက် " ဆိုတဲ့ လူငယ်တိုးတက်ရေး
အွန်လိုင်း မဂ္ဂဇင်းလေး စီစဉ်ပြီး အခမဲ့ ဖြန့်ချီတယ် ။
ကျွန်တော် ဒီနေရာလေး ရောက်လာတာ ၊ ဒီလောက် လုပ်နိုင်တာ
ကျွန်တော့် Passion နဲ့ နီးစပ်တာကို ရွေးလုပ်ခဲ့လို့ပဲ ။
Passion ဖြစ်တဲ့ အလုပ် ကို ရွေးထားတာမို့လို့ ကျွန်တော် သူများထက် ပို အပင်ပန်းခံနိုင်တယ် ။
အလုပ်ချိန် ၁၂ နာရီလောက် အသာလေး လုပ်နိုင်တယ် ။
သူများထက်ပိုပြီး အာရုံစိုက်နိုင်တယ် ။ ပိုပြီး လေ့လာဖြစ်တယ် ။
ညီတို့လည်း အဲ့လို ကို တကယ် ရှာတွေ့သွားရင်
ဘဝမှာ အဆင်ပြေပြေ သက်တောင့်သက်သာနေရာလေးကို ရောက်သွားမှာပါ ။
~~~~~~~~~~~~~~~~~~~~~`
ကျွန်တော် ဘာကြောင့် Anti-MLM လုပ်နေလဲ
=========================
MLM သမား အများ စု အထင်လွဲနေတာလေးကို ကြုံလို့ ရှင်းပြချင်တယ် ။
ကျွန်တော် Anti-MLM ထလုပ်တာ နာမည်ကြီးချင်လို့ လို့ ထင်နေကြတယ် ။
သူတို့ခေါင်းဆောင်တွေကလည်း အဲ့လို တွေးဖြစ်အောင် ခေါင်းထဲ ရိုက်သွင်းပေးနေကြတယ် ။
ကျွန်တော် ပြောမယ်ဗျ ။ ကျွန်တော် နာမည်ကြီးချင်စိတ်ရှိရင် အဲ့လောက်ထိ လူမုန်းခံစရာမလိုပဲ ၊
အန္တရာယ် မများပဲ နာမည်ကြီးအောင် လုပ်လို့ရတဲ့နည်းတွေ ကျွန်တော် အများကြီး သိတယ် ။
အဲ့ဒါတွေကိုပဲ သုံးမှာပေါ့ ။ ဘာလို့ အချိန်ကုန် ၊ ငွေကုန် ခံရတဲ့ အပြင် လူမုန်းများအောင် လုပ်မှာလဲ ။
ခင်ဗျားတို့ MLM သမားတွေ ပစ်ကြွေသွားလောက်တဲ့ စာအုပ်မျိုး ရေးပြီး ရောင်းစားမှာပေါ့ ။
အရင်က ကျွန်တော့်ကို Motivation/Training ပေးဖို့ ကမ်းလှမ်းလာတဲ့
MLM Companies တွေမှာ သွားပြီး ဟောပြောရေး လုပ်စားနေမှာပေါ့ဗျာ ။
ဒီ MLM စနစ် တစ်ခုလုံးဟာ ကောင်းကျိုးထက် ဆိုးကျိုးက သိသိသာသာ ပိုများလွန်းနေပြီး
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ကျော်ကျော် အချိန်အထိ အထိန်း အကွပ်မရှိ ဗရမ်းဗတာ ဖြစ်နေလို့ ၊
နစ်နာ ဆုံးရှုံးနေသူတွေ များလှပြီ မို့လို့ မနေနိုင်လွန်းလို့ ၊
ကျွန်တော်တို့လို MLM ကို ကိုယ်တိုင် လုပ်ခဲ့တဲ့လူတွေမှာ တာဝန် ပိုရှိတယ်လို့ ခံစားမိလို့ ၊
ကိုယ့် လိပ်ပြာ ကိုယ် ပြန်သန့်ချင်လို့ ကျွန်တော် Anti-MLM ထ လုပ်တာပါ ။
ကျွန်တော် အနှမြောဆုံးက ကြိုးစားချင်စိတ်ရှိနေတဲ့ လူငယ်ရင်းမြစ်တွေပဲ ။
ဒါလေးကိုတော့ အထင် မလွဲစေချင်ဘူးဗျ ။
နောက်တစ်ခု သတိထားမိစေချင်တာက
MLM စနစ်ရဲ့ ကောင်းကြောင်းပြောနေတဲ့လူတွေဟာ
အဲ့လို ပြောနေလို့ သူတို့အကျိုးစီးပွား ရလေ့ရှိပေမယ့် ...
MLM စနစ်ရဲ့ ဆိုးကျိုးတွေကို သေချာထောက်ပြနေသူတွေဟာ
သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ပဲ
အများနစ်နာမှာစိုးလို့ အမုန်းခံပြီး ပြောနေကြတယ် ဆိုတာပါ ။
အဲ့ဒါလေးကို သတိထားမိစေချင်တယ် ။
~~~~~~~~~~~~~~~~
MLM နွံ ထဲက တကယ် ရုန်းထွက်ချင်ပြီလား ?
=========================
နောက်ဆုံး အနေနဲ့ MLM နွံထဲမှာ နစ်နေတဲ့ လူငယ်တွေကို အကြံပေးချင်တာက
အမှားတစ်ခုကို မှားမှန်းသိလို့ တကယ် ပြုပြင်ချင်သူတစ်ယောက် အတွက်
နောက်ကျတယ်ရယ်လို့ မရှိပါဘူး ။
ဒါကြောင့် MLM နွံကနေ အမြန်ထွက်ပြီး
ခိုင်မာသေချာတဲ့ ၊ သိက္ခာရှိတဲ့ အသက်မွေးလမ်းကြောင်းပေါ်ကို
တက်နိုင်အောင် ပြန်ကြိုးစားကြပါ ။
တကယ်လို့ အဲ့လို လုပ်ဖို့ တကယ်ပဲ စိတ်အား ထက်သန်ပေမယ့်
အခက်အခဲရှိနေတယ်ဆိုရင် ကျွန်တော်တို့ကို ပြောပါ ။ လာဆွေးနွေးပါ ။
အတတ်နိုင်ဆုံး အကူအညီ ပေး ၊ လမ်းပြ ပေးပါ့မယ် ။
ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး နဲ့ စီးပွားရေး ဆိုင်ရာ အသိပညာတွေကို
ကျွန်တော်တို့ သိသလောက် လုံးဝအခမဲ့ ( လုံးဝအခမဲ့ ) မျှဝေ ပေးပါ့မယ် ။
ညီတို့ဘက်က ကတိ တစ်ခုပဲ ပေးပါ ။
နောင် MLM ကို ဘယ်တော့မှ မလုပ်တော့ပဲ
MLM ရဲ့ ဆိုးကျိုးတွေကို ကိုယ်နဲ့ နီးစပ်ရာ က မသိသေးသူတွေကို
တဆင့် ပြောပြလက်ဆင့်ကမ်း အသိပညာပေးပေးပါ့မယ် ဆိုတာလေးပါပဲ ။
အဲ့ဒီ ကတိ ကို တကယ် ထိန်းသိမ်း မယ် ။
တကယ် ကြိုးစားချင်စိတ် လည်း ရှိမယ် ။
ကိုယ့်ကြောင့် သူတပါး နစ်နာစေတဲ့ အလုပ်မျိုး တစ်သက်လုံး ရှောင်ရှားမယ်လို့ ဆုံးဖြတ်ပြီးရင်
ကျွန်တော်တို့ တတ်နိုင်သလောက် အကူအညီပေးပါ့မယ် ။
စေတနာဖြင့်
ကိုဇင်ဇေ
" ပန်းတိုင် တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေဗျာ "
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ