Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

စေတန်၏ ကျိန်စာ (သို့မဟုတ်) MLM


စေတန်၏ ကျိန်စာ (သို့မဟုတ်) MLM
အောင်မော်တစ်ယောက် ငူငူကြီးရပ်ကြည့်နေသည်။ နယ်ကနေ တက်လာသော ဆွေမျိုးများမှာ အဒေါ်ဝမ်းကွဲ ၂ယောက်၊ ကျောင်းဆရာမတစ်ယောက်၊ နယ်တွင် မျက်မှန်းတန်းမိနေသော အဒေါ်ကြီးကတစ်ယောက်၊ ဦးဇင်းတစ်ပါး၊ အားလုံးပေါင်း ၅ယောက်။ လက်ရှိ သူ့အလုပ်ကို စိတ်ဝင်စားသဖြင့် လာရောက်စူးစမ်းခြင်းဖြစ်သည်။ သူ့အထက် Up Line အမကြီးနှင့် မိတ်ဆက်ပေးပြီးသဖြင့် သူ့ကိစ္စပြီးပြီ။ ခပ်လှန်းလှန်းကနေ အသာရပ်ကြည့်ရုံ ရှိသည်။
ဒီနေ့ဘာဖြစ်မှန်းမသိ။ သူ့စိတ်တွေလေးနေသည်။ အရင်တပတ်က နယ်ပြန်သည်။ မွေးရပ်မြေကို ကြိမ်ဖန်များစွာ ပြန်ဖူးပေမယ့် ဒီတခေါက်က မတူ၊ အကြံနှင့်။ ပြန်ရောက်တော့ သူ့အလုပ်အကြောင်းကို လက်လှမ်းမှီသလောက် လိုက်ရှင်းပြသည်။ အလုပ်က ဆေးရောင်းရမည်။ မန်ဘာရှာရမည်။ ဒါဆို ပိုက်ဆံရမည်။ လူများများ ရှာရင် ပိုက်ဆံများများရမည်။ နယ်ဆိုတော့ ဒီလောက်ပဲ လိုရင်းပြောရသည်။ အဲ အောင်မော်က ဆရာဝန်ဆိုတော့ နည်းနည်းတော့ စကားအောင်သည် ဆိုရမည်။ ခေတ်ပညာတတ်ဆိုတော့လည်း အလုပ်လုပ်ရာတွင် အကွက်မြင်သည်။ '' အိမ်ထောင်ရှင်မ၊ ဆရာ ဆရာမ၊ သံဃာတော်'' ဒီလူးတန်းစား ၃ရပ်ကိုသာ အဓိကထား တိုက်တွန်းသည်။ အောင်မြင်သည် ဆိုရမည်။ စိတ်ဝင်တစား လိုက်လာကြသည်။ Up Line အမကြီး မနန်း ကတော့ အားကြိုးမာန်တက် နှင့် အလုပ်အကြောင်း ရှင်းပြနေသည်။
''ကျွန်မတို့ အိပ်မက်တွေက ဘာတွေလည်း'' မနန်း အသံလွင်လွင်ကိုကြားလိုက်ရသည်။ ထိတ်ခနဲ ဖြစ်သွားသည်။ သူ့အိပ်မက်တွေကရော ဘာတွေလည်း။ လွန်ခဲ့တဲ့ ၂နှစ်ကပဲ မနန်းကိုယ်တိုင် မေးခဲ့ဖူးသော မေးခွန်း။ ဆရာဝန်လား မဖြစ်ချင်။ အမှတ်များလို့သာ ဆေးကျောင်းတက်ခဲ့ရတာ စိတ်မဝင်စား။ ချမ်းသာချင်သည် ဟု ဖြေမိသည်။ ဟုတ်သည်။ ဘယ်လိုလူမျိုးကရော မချမ်းသာချင်မှာလည်း။ လူ သတ္တဝါတို့ အဖြစ်ချင်ဆုံး အိပ်မက်။ အဲဒီတုန်းက မှတ်မိသေးသည်။ မနန်း စာရွက်တရွက်ပေါ်မှာ လေးကွက်ကျားလေး ဆွဲပြသည်။ တကွက်စီမှာ အင်္ဂလိပ် အက္ခရာတလုံးစီ E, S, B, I ။ ငွေကြေးရှာဖွေမှုမှ လွတ်မြောက်ရာ ငွေကြေးပဋိစ္စသမုပါဒ် စက်ဝိုင်း။
သူကိုယ်တိုင် ဒီ E, S, B,I နွေအိပ်မက်ကြီးထဲမှာ တပျော်ကြီး မဆုံးနိုင်အောင် လက်ပစ်ကူးခဲ့ ဖူးသည်မှာ ခုထိ။ FUCK!!!! ''သွားစမ်းပါ !!!ဘာ လွတ်မြောက်တာလည်း''
ဒီစက်ဝိုင်းကိုကြည့်ပြီး ရူးခဲ့တာ ၂နှစ်ရှိပြီ။ တနေ့ တနေ့ မနားရ။ Meeting ဆိုတာတွေလည်း တက်ရ။ အပြင်ကလူကိုလည်း Meetingလာအောင် ဆွယ်ရသေးသည်။ မန်ဘာလည်း ဝင်ကြေးကောက် အပြင်လူ အတွက်လည်း ဟိုက အင်တင်တင်လုပ်နေရင် စိုက်ပေးရသေးသည်။ ပြီးရင် ရှိသမျှ သိက္ခာအကုန်ချပြီး ရှိခိုးမတတ် မန်ဘာဝင်အောင် ပြောရသေးသည်။ တခါတလေ ကိုယ်က ဆရာဝန်၊ ပြောနေရတာ ၁၀၉၊ ၁၁၀ သမားတွေက အစ လူမျိုးစုံ။ ဒီလို အချိန်တွေဆို ကိုယ်တက်ရောက်ခဲ့သည့် ကျောင်းက အစ ထုတ်မပြောချင်ပေမယ့် စိတ်နာနာနှင့် ထုတ်ပြောရသည်။ ခွင့်လွှတ်ပါ အမိ ဆေးတက္ကသိုလ် !!! သူအရူးထစွာ ချနင်းပစ်ခဲ့သော ကြီးမြတ်သော ဂုဏ်အသေရေ၊ စိန်ရောင်တပြောင်ပြောင် ထိန်ထိန်ငြီးနေသော ဥာဏ်ပညာတို့ ပေါက်ဖွားရာ ကျောင်းတော်ကြီး။
✵ဒါ စေတန်ရဲ့ ကျိန်စာကြီးဗျ။
✵လူ့ဘောင်ကို ဝင်ငွေ ပိုက်ဆံသက်သက်နဲ့ အတန်းအစား ခွဲပြီး ဆုံးဖြတ်ထားတဲ့ စေတန်ရဲ့ ဇယားကွက်။
✵ပညာဥာဏ်ရဲ့ တန်ဖိုးကို လူတွေ ယုံမှား သံသယဝင်အောင် ယုတ်မာစွာဖျောက်ဖျက်ထားတဲ့ စေတန်ရဲ့ စောက်ရူး လေးကွက်ကျားကြီးဗျ။ ထအော်ချင်စိတ်ကို မနည်း ထိန်းထားရသည်။
ပြောလိုက်ရတဲ့ စကားဆိုတာလည်း တနေ့တနေ့ အာပေါက်မတတ်။ Down Line တွေ အရောင်းကျရင် သူပါ pv မတက်တော့။ ဒီတော့ သူတို့ကိုပါ အာသွက်အောင်သင်ပေးနေရသည်။ နေရာမျိုးစုံ လျှောက်သွားနေရသည်။ ကိုယ့် ဆေးခန်းတောင် အချိန်မှန် မနည်းသွားရသည်။ Meeting မတက်မှာလည်း ပူရ။ လူထပ်ခေါ်လာဖို့လည်း တိုက်တွန်းရ။ အဲ Meeting ဆိုလို့ ဒီတပတ် Meeting တက်သည်ကို သတိရမိသည်။
ကောင်လေးတွေ၊ ကောင်မလေးတွေ လက်ခြင်းတွဲပြီး ၂တန်း ခွဲရပ်ထားကြသည်။ အလယ်မှာ လူသွားလမ်း။ ကိုယ်က နောက်ကျမှ ရောက်တာဆိုတော့ ဘာလုပ်နေမှန်း မသိ။ မေးကြည့်မှ နိုင်ငံခြားက ဒီအလုပ်နဲ့ တလကို သိန်းထောင်ပေါင်း များစွာ ဝင်ငွေရသူကို စောင့်နေတာဆိုပဲ။ ဒီနေ့ သူပါ တက်ဟောမယ်တဲ့။
ခနကြာတော့ ရုတ်ရုတ်သဲသဲဖြစ်လို့ လှမ်းကြည့်တော့ ထိုင်းလူမျိုးခပ်ငယ်ငယ် တစ်ယောက် ခုနက လျှောက်လမ်းထဲ ဝင်လာသည်။ ဘေးတဘက်စီက လူတန်းကြီးဟာ အဲဒီ အချိန်မှာ ဟေ့!!! ဟေ့!!! နဲ့ ပြိုင်တူထအော်ကြတယ်။ ဟိုလူကလည်း ဝန်ကြီးချုပ်စတိုင် လက်ပြပြီး စင်ပေါ်သို့သွားနေသည်။ သူသွားရာနောက် လူငယ်လေးတွေ လက်ခြင်းတွဲပြီး အော်ဟစ်ရင်း လိုက်ပို့ကြတယ်ပေါ့။ စင်ပေါ်ရောက်တော့ နှုတ်ဆက်ပြီး ဘေးက ကုမ္မဏီ ခေါင်းဆောင်တွေက အော်ပြောသည်။
'' ဒါ ဒေးဗစ်၊ ထိုင်းက တလ သိန်း-သောင်းချီ ဝင်တယ်၊ ဒေးဗစ်ကို အားမကျဘူးလား၊ သူ့လို မဖြစ်ချင်ဘူးလား''
''အားကျတယ် ၊ ဖြစ်ချင်တယ်''ဆိုတဲ့ မြန်မာလူငယ်တွေရဲ့ အော်သံဟာ ဘဝဂ်တိုင်အောင် ညံသွားသည်။ ဘာဖြစ်မှန်း မသိ။ အဲသည်တုန်းက အောင်မော့် မျက်နှာ ရဲခနဲ ဖြစ်သွားသည်။
''အဟော်!!! ဒီယိုးဒယားကောင်က တို့မြန်မာလူငယ်တွေရဲ့ စံပြလူသားကြီးပေါ့ '' ကောင်းကွာ !!!
ရာဇဝင်ထဲက စစ်ဘုရင်ကြီး အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းမင်းတရားကြီးနှင့်တကွ စစ်သူရဲကောင်းတွေ ပြေးမြင်သည်။ သူတို့သာ ဒီပွဲထဲ ရောက်နေရင် အကုန်လုံး ဓါးနဲ့ပိုင်းခံရမှာကိုပင် မဆီမဆိုင် တွေးနေခဲ့မိသေးသည်။ စင်ပေါ်မှာတော့ ရှေးမြန်မာတို့ရဲ့ သွေး ဂါလံပေါင်းများစွာဖြင့် ကျစ်ကျစ်ပါအောင် ထူထောင်ခဲ့တဲ့ ဇာတိ၊ ပုည၊ ဂုဏ်မာနတို့ တစစီ ပြန့်ကျဲနေသည်။ ခုနက သူအပါအဝင် မြန်မာလူငယ်လေးတွေ ကိုယ်တိုင်ပဲ တက်ညီလက်ညီ ရိုက်ချိုးပစ်ခဲ့တာ မဟုတ်လား။
''ဟက်ဟက် ဂုဏ်သိက္ခာမရှိသော မြန်မာနိုင်ငံတော်ကြီးပေါ့''
သူရော ဘာထူးလည်း။ သက်မွေးမှုက ဆရာဝန်။ ဆရာဝန်ဆိုတာ လူ့အသက်ကို သေမင်းနဲ့တန်းတူ ချယ်လှယ်ခွင့်ရသည့် ဘုရားသခင်၏ တမန်တော်။ ဒါကြောင့် ကျင့်ဝတ် စောင့်စည်းရသည်။ ဆရာဝန်ဟာ ဆေး မရောင်းရ။ ဒါဟာ သမားတော်တို့ ကျင့်ဝတ်။ ဒါပေမယ့် သူရောင်းသည်။ ဆေးတောင်မှ ရိုးရိုးဆေး မဟုတ်၊ ဓါတ်စာလိုလို၊ ဆေးလိုလို၊ ရေမန်းလိုလို၊ ပြဒါးပြာလိုလို။ ဈေးကလည်း မတန်တဆတွေ။ ဆရာဝန်ဟာ ''Strong Clinical Evidence'' မရှိတဲ့ဆေးကို လူနာကို မညွှန်းရ မဟုတ်လား။ သူ့ လူနာတွေ၏ အားကိုးတကြီး မျက်ဝန်းတို့ကို သူတွေးရင်း ရှက်သည်။ ဒီမျက်ဝန်း ဒဏ်တွေကို မခံနိုင်လို့ အရင်တပတ်ထဲက ဆေးခန်းပိတ်ခဲ့သည်။ ဆရာဝန် ဘဝကို ကျောခိုင်းလာခဲ့သည်။ ''ဆိုခဲစေ၊ မြဲစေ'' စကားဟာ ယောကျာ်းဘသား တို့ အတွက်စကား။ သူဆေးကျောင်းမှာ ကျင့်ဝတ်ကို ဆိုခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ သူငယ်ချင်း တစ်ယောက် စာအုပ်တအုပ်ကိုင်လာတာတွေ့သည်။ ယူကြည့်လိုက်တော့ A.J Cronin ရေးတဲ့ The Citadel စာအုပ်( ဆရာမောင်ထွန်းသူ၏ နာမည်ကျော် ဘာသာပြန်စာအုပ် ''ရဲတိုက်'' )။ သူလန့်ပြီး လွှတ်ချထားခဲ့မိသည်။ စာအုပ်ထဲမှာ ဆရာဝန်လေး အင်ဒရူးမေဆင် ရှိနေသည် ။
''ဆရာ ဘေးလေးနည်းနည်းလောက်'' ကောင်မလေး တစ်ယောက် အသံကြားမှ သတိဝင်သည်။ သူ လူသွားလမ်းမှာ ပိတ်နေသည်ပဲ။ အော်မော် ပြုံးမိသည်။ သူ့ဘဝတွင် ''ဆရာ'' ဟု အခေါ်ခံရသည့် အကြိမ်ပေါင်း မနည်းလှ။ ဆေးရုံမှာ၊ ဆေးခန်းမှာ၊ ရပ်ကွက်ထဲမှာ နေ့တိုင်းနီးပါး နှုတ်ဆက်တိုင်း ပတ်ဝန်းကျင်က ခေါ်သော ''ဆရာ'' ဟူသည့်အသံ။ အခေါ်ခံရတိုင်းလည်း ပီတိ ဖြစ်သည်။ ခုလည်း ''ဆရာ'' ဟုခေါ်သွားသည်။ ဒါပေမယ့် သူ့စိတ်မှာ ဘယ်လိုမှမနေ။ ဒီမှာက အကုန်လုံး ဆရာ၊ ဆရာမတွေချည်း ခေါ်ရသည်။ လေးစားသမှုဖြင့် ခေါ်သည်ဟု လက်ခံသော်လည်း နောက်ပိုင်းကျ တမျိုးမြင်လာသည်။
✵''လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ ပညာတတ်ခြင်း မတတ်ခြင်း၊ စာရိတ္တကောင်းခြင်း မကောင်းခြင်းတွေပေါ်မှာ လုံးဝမသက်ဆိုင်ဘူးလား? ''
✵"တကယ်ရော လူတွေဟာ သာတူညီမျှ သိက္ခာရှိတာလား ? "
✵"ဒါဆို အကျင့်သီလ၊ ဥာဏ်ပညာနဲ့ အတွေးအခေါ်ဟာ ဘာလို့ ကွာကုန်တာလည်း''
✵''လူတိုင်းကို ဆရာခေါ်ခြင်းဟာ ယဉ်ကျေးခြင်းလား၊ အမှားလား? "
✵''MLM ရဲ့ ခေါင်းစဉ်အောက်မှာ လူတိုင်းဟာ တူညီသော ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းရော ရရဲ့လား''
ရမရတော့ မသိ။ လောလောဆယ် ပေါင်းစရာ သူငယ်ချင်းပင်သိပ်မရှိတော့။ ဒါကလည်း သူ့အမှားမှန်း သိသည်။ တချိန်လုံး ဒီစောက်MLMအကြောင်း နားချနေသဖြင့် သူငယ်ချင်းတွေ ထွေရာလေးပါး စကားပြောချိန်မရတော့။ ကြာတော့ နားငြီးလွန်းသည်ထင်သည်။ သူထိုင်နေကြ လဘ္ဘက်ရည်ဆိုင်ဆိုရှောင်ကြသည်။ တချို့နားယောင်ပြီး မန်ဘာဝင်မိသော သူငယ်ချင်းများလည်းရှိသည်။ ကြာလာတော့ တလ ဘယ်နှစ်သိန်း ဝင်ရမည်ဆိုသည့် သူပြောသမျှစကားတွေကို မယုံကြတော့။ နောက်ဆုံး လိမ်သည်ဟု စွတ်စွဲ ခံရသည်။ ခေတ်ပညာတတ် ဆရာဝန်ကြီးဟာ လူလိမ်လို့ စွတ်စွဲခံရတာ ခေါင်းငုံ့နေရသည်။
''ကောင်းလိုက်တဲ့ စောက်လုပ် ဟက်ဟက်''
တွေးရင်းအာခေါင်ခြောက်လာသဖြင့် ရေသွားသောက်သည်။ သေသေသပ်သပ် ဝတ်ထားသော လူငယ်လေးတွေ ယောကျာ်း မိန်းမ မျိုးစုံ တက်တက်ကြွကြွ လှုပ်ရှားနေကြသည်။ တော်ယုံလူမြင်တာနဲ့ မှင်သက်သွားစေလောက်သည်။ ဘာထူးလည်း။ သူ့ကိုလည်းရောက်စက မနန်း သေချာမှာသည်။
''ဆရာတို့က သူဌေးလောင်းတွေ။ သူဌေးဆိုတာ လက်လွတ်စပါယ် မဝတ်၊ မစားရဘူး!!!
"ကောင်းကောင်းဝတ်၊ ကောင်းကောင်းနေ။ ခုထဲက သူဌေးစိတ်သွင်းထားကြနော် ကိုယ့်ဆရာတို့'' တဲ့။
အဲဒီတုန်းက အလကားနေရင်း အဝတ်အစားဖိုး သိန်းကျော်ထွက်သွားသေးသည်။ ဒီလိုဆိုတော့လည်း တွေ့ရသမျှ အပေါ်ယံ အရာအားလုံးဟာ ပျိုမြစ်သစ်လွင်နေမှာပေါ့။ ငယ်ငယ်က ပြဇာတ်ထဲမှာ သိဒ္ဓတ္တမင်းသား သံဝေဂရပြီး တောထွက်မှာစိုးလို့ တိုင်းပြည်ထဲ သူအို၊ သူနာ၊ သူသေ၊ ရဟန်းတို့ မရှိရလေအောင် ဖန်တီးနေသည့် ဘုရင်ကြီးကို သတိရသည်။ တခုပဲကွာသည်။ ဒီမှာက ရဟန်းရှိသည်။
ကြည့်နေရင်း အောင်မော်တစ်ယောက် ဝမ်းနည်းလာသည်။
✵''လုပ်အားတွေ၊ လုပ်အားတွေ။ တိုင်းပြည်တည်ဆောက်ဖို့ လုပ်အားအလုံးအရင်းတွေ''
✵ဒီမြေမှာနေ၊ ဒီရေကိုသောက်၊ ဒီနိုင်ငံရဲ့ သဘာဝ အသီးအပွင့်တွေကို ဒီနိုင်ငံမှာထိုင်စားနေရင်း လုပ်အားတွေကျ သူများနိုင်ငံရောက်ကုန်သည်။
✵ဘယ်ကမှန်း မသိတဲ့ သွားတိုက်ဆေး တဗူး ငါးထောင် တသောင်းဆိုလည်း ရောင်းပေးရ။
✵ဘာမှန်းမသိတဲ့ အဝိုင်းပြား တပြား ငါးသိန်းဆိုလည်း ရောင်းပေးရ။
✵ပြောလိုက်ရတဲ့ စကား။ သွားလိုက်ရတဲ့ ခရီး။ ကုန်လိုက်တဲ့အချိန်နဲ့ လုပ်အားတွေ။ ပြန်ရတာကျတော့ မဖြစ်စလောက် PV။
✵အပေါ်ဆုံးက ကောင်တွေက ဇိမ်နဲ့နှပ်နေချိန်မှာ မြန်မာပြည်သူတွေက ရှင်မောဂ္ဂလန် ငရဲမီးလိုက်နေသည်။ ထွီ!!!
ဘာတဲ့ MLMနဲ့ မြန်မာပြည်မှာ သူဌေးတွေ မွေးထုတ်ပေးမယ်ဆိုတဲ့ နိုင်ငံခြားသားTrainerကြီးကို ဖြတ်ခနဲ မြင်လိုက်သည်။
လူလိမ်! ခွေးသူတောင်းစား!!!
✵သူများနိုင်ငံက ပစ္စည်းတွေ ဒီမှာလာရောင်းပြီး ဒီကထွက်ကုန် တခုမှ ပြန်မရောင်းနိုင်ပဲ ဘယ်လိုချမ်းသာမှာလည်း။ တကိုယ်ကောင်းသမားတွေ မွေးထုတ်ရင်တော့ ဖြစ်နိုင်ခြေရှိသည်။
✵နိုင်ငံတနိုင်ငံရဲ့ ကုန်စည်ဖလှယ်မှု အသက်သွေးကြော ပင်မ အတွေးအခေါ်ဟာ အဲဒီနိုင်ငံရဲ့ Logistics System ကောင်းရမည်။
✵Logistics ကောင်းဖို့ အသက်သွေးကြောဟာ အခြေခံ အဆောက်အဦ (Infrastructure) ဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ဒေါင်ဒေါင်မြည် ကောင်းရမည်။
✵ဒီ့အတွက် ပိုက်ဆံ ဒေါ်လာ ဘီလျံပေါင်းများစွာ လိုသည်။ (အခွန်နဲ့ လုံးမချပါနဲ့)
✵ပိုက်ဆံရှာဖို့ လုပ်အားလိုသည်။
✵ပညာတတ် ပညာရှင်ပေါင်း ရာ ထောင် သောင်း မကလိုသည်။
ဒါတွေကို တခုမှ ထည့်မစဉ်းစားပဲ ချမ်းသာခြင်ရင် Final Camp တက်၊ Camp လည်းတက်ရော ချမ်းသာရော၊ မြန်မာပြည်ကြီးလည်း စီးပွားဖြစ်ကရော ဆိုတဲ့ စောက်ပေါ အတွေးအခေါ်တွေကို မြန်မာလူငယ်တွေ ခေါင်းထဲ ရိုက်သွင်းပြီး လုပ်အားတွေကို အလကား ပဲတင်း ခိုးယူနေတဲ့ လူယုတ်မာ။ ဟုတ်တယ် ဒီကောင် ''လူယုတ်မာ'' ။
ခုတော့ သူလည်း လူယုတ်မာနဲ့ တကျိတ်ထဲ တဥာဏ်ထဲ ဖြစ်ကုန်ပြီ။ နောက်ဆုတ်ဖို့လည်း အချိန်တွေက အစားမရ။ ရှေ့တိုးဖို့ကျပြန်တော့ မစင်ပုံကြီး ဆိုသလို။ အဒေါ်တွေဘက် လှမ်းကြည့်တော့ အားလုံး စိတ်ဝင်တစားနှင့် မျက်နှာတွေ ဝင်းလို့နေသည်။ မနန်း ပဲလေ ဒီလောက်တော့ ရှိမှာပေါ့။ တော်ကြာနေ မန်ဘာဝင်ကြတော့မည်။
ကောင်းလေစွ!!! သူ့ အတွက် Down Line ၅ယောက်တိုးလာတာပေါ့ ဟက်ဟက်!!!
ဒီလိုနဲ့ပဲ MLM စနစ်ကြီး နိုင်ငံရပ်ခြားကနေ ရန်ကုန်ရောက်၊ ရန်ကုန်ကနေ နယ်ကိုရောက်၊ နယ်ကနေ ရွာတွေရောက်၊ ရွာကနေ ……………။
အောင်မော့်ရင် ဒိန်းခနဲ ထခုန်သည်။ မှန်တံခါး အပြင်ဘက်မှာ လူတစ်ယောက်။ ကုတ်အင်္ကျီ အရှည် ခပ်နွမ်းနွမ်း၊ သက္ကလပ် ဦးထုပ်ဆောင်းထားပြီး လက်ထဲတွင် ဆေးသေတ္တာနှင့် ထိုသူက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။
'' ဟင်!!! ဆရာဝန်လေး အင်ဒရူးမေဆင်''
Credit Kyi Lwin Phyo