Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

MLM ဘုန်းဘုန်း



MLM ဘုန်းဘုန်း
နေ့ တနေ့။ ထိုနေ့သည် ကြားဖြတ်ရွေးကောက်ပွဲအပြီး တရက်ရက်ဖြစ်လိမ့်မည်။ သို့ရာတွင် ဘယ်နှရက်မြောက်လဲတော့ မသိ။ ထိုနေ့တွင်
ကျွန်တော်နှင့် ကျော်စိုး MLM Monk ဟုခေါ်သော မာတီလယ်ဗယ်မားကတ်တင်း ဘုန်းကြီး တပါးကို ဖူးမြှော်ခဲ့ရလေသည်။
“ဟေ့ရောင် ကျော်စိုး။ တခုခုကြံစမ်းပါဦးကွာ။ ဗိုက်ဆာသဟ” ဟု ကြည်မြင်တိုင်ဘူတာရှိ သံခုံလေးတွင်ထိုင်ရင်း ကျွန်တော်က ပြောလိုက်သည်။
ကျော်စိုးက ဘာမှ မပြော။ မျက်မှောင်ကုတ်နေသဖြင့် စဉ်းစားနေသယောင်ရှိ၏။ ပြီးမှ...။
“စာပို့ကောင်ကလည်း ညနေမှ ဆိုက်မှာကွ။ ဒီအချိန်ကုန်ထမ်းစရာလည်း ဘာမှ မရှိဘူး”
“မင်းကလဲကွာ...။ ဗိုက်ဆာပါတယ်ဆိုမှ၊ ကူလီထမ်းဖို့ စဉ်းစားနေတယ်။ ပင်ပန်းမှာပေါ့”
“ပိုက်ဆံရမယ့် နည်းလမ်းကို စဉ်းစားစားနေတာပါကွ။ တကယ်လည်း မထမ်းပါဘူး”
ထို့နောက် ဘာမှ ကျွန်တော်တို့နှစ်ယောက် ဘာမှ မပြောတော့ပေ။ ဒူးနန့်ကာ ထိုင်နေကြ၏။
ထိုင်နေရင်း ရထားလက်မှတ်ကောင်တာက နာရီကို ကြည့်လိုက်တော့ မနက် ဆယ့်တစ်နာရီ ထိုးတော့မည်။
မနက်ကတည်းက ဘာမှ မစားရသေးသဖြင့် ဗိုက်က ဆာလှသည်။
“ဒီနေ့မှ ဟိုကောင် ဒိုးဒိုးကလည်း သူ့စော်ဆီကို သွားရတယ်လို့ကွာ” ဟု ကျွန်တော်က ရေရွတ်လိုက်သည်။ ယမန်နေ့ညက ကျွန်တော့်မှာ သောက်တာများပြီး မူးမူးနှင့်
ကျော်စိုး အဆောင်မှာ လိုက်အိပ်ခြင်းဖြစ်သည်။ အဆောင်ရှင်မသိအောင် ခိုးအိပ်ရတာပေါ့လေ။
အိပ်ယာနိုးတော့ ကိုးနာရီကျော်ပြီ။ ပြီးတော့ ထုံးစံအတိုင်း ပိုက်ဆံက မရှိ။ ဒါကြောင့် ဘူတာရှိ ဒိုးဒိုးထံ ပိုက်ဆံချေးရန် ထွက်လာခြင်းပင်။ ဘူတာရောက်တော့ ဒိုးဒိုးက အိမ်မှာ မရှိ။
သူ့ရည်းစားရှိရာ တောင်ဒဂုံသို့ သွားသတဲ့။
“အေးကွာ...။ အလုပ်မရှိ အားအားယားယား သူ့ဆော်ဆီမှ သွားရတယ်လို့။ မသကာ ငါတို့ကို စောင့်ပေါ့။ ငါတို့ လာမှ သွားပေါ့” ဟု ကျော်စိုးက မကျေနပ်မနပ် ပြောသည်။
ထို့နောက် ကျော်စိုးသည် ဘူတာက နာရီကို ကြည့်ကာ....။
“ဟာ.. ဆွမ်းစားချိန်ပဲကွ..လာကွာ...။ ဘုန်းကြီးကျောင်းသွားရအောင်။ ဆွမ်းကျန်တော့ စားရမှာပဲ”
“ဘုန်းကြီးတွေ ရိုက်ထုတ်နေမှဖြင့်ကွာ..”
“လာပါကွာ...။ ငါပိုင်ပါတယ်”
ထို့နောက် ကျွန်တော်တို့လည်း ဘူတာမှ တတ်ကြွစွာ ထွက်ခွာကြသည်။ ကိုးထပ်ကြီးအနောက်က ဘုန်းကြီးကျောင်းကိုပေါ့။
ကျွန်တော်တို့ ရောက်ချိန်တွင် ဘုန်းကြီးများ ဆွမ်းစားပြီးလို့ ကျောင်းသားတွေတောင် ထမင်းစားဖို့ ပြင်နေပြီ။
ထို့ကြောင့် ဆွမ်းစားကျောင်းထဲသို့ တန်းဝင်ကာ ဆွမ်းစားကျောင်းဘုန်းကြီးကို တန်းကန်တော့လိုက်သည်။
“ဟ.. ဒကာကျော်စိုး...။ မတွေ့တာတောင်ကြာပါရောလား”
“တပြည့်တော် အလုပ်တွေ လုပ်နေတာနဲ့ ဒီဘက်မရောက်ဖြစ်လို့ပါ ဘုရား”
“အေးကွာ...။ ပြီးမှ စကားပြောတာပေါ့။ အခုတော့ ထမင်းစားလိုက်ဦးကွာ”
“မစားတော့ပါဘူးဘုရား”
“အေးအေး... မစားလည်း ခဏထိုင်ဦး...။ ငါနေ့ခင်း ဂဏန်းသွားကြည့်လိုက်ဦးမယ်” ဟု ဘုန်းကြီးက ပြောလိုက်လေရာ...
ကျွန်တော်လည်း ကျော်စိုးကို တော်တော်ဒေါသထွက်သွားသည်။ ဗိုက်ဆာလို့ ထမင်းစားဖို့ လာတယ်ဆိုကာမှ ဘုန်းကြီးက ကျွေးနေတာတောင်။ ဒါကြောင့် ကျော်စိုးကို မကျေမနပ် မျက်မှောင်ကုတ်ကြည့်လိုက်သည်။
ထိုအခါမှ... ကျော်စိုးက
“တပြည့်တော် သူငယ်ချင်းကတော့ ဘုန်းကြီးကျောင်း ထမင်းစားခြင်လို့တဲ့။ ဟင်းပေါင်း တခါမှ မစားဘူးလို့တဲ့ ဘုရား” ဟု ပြောလိုက်၏။ ထိုအခါ ဘုန်းကြီးက
“ဒီမှာတော့ ဟင်းပေါင်းမရှိဘူးကွဲ့” ဟု ပြောလေရာ ကျွန်တော်လည်း မနေသာတော့ပဲ။
“ဘုန်းကြီးကျောင်း ထမင်းဟင်း စားကြည့်ခြင်တာပါ ဘုရား” ဟု ၀င်ပြောရလေတော့၏။ ထိုအခါ ကျော်စိုးက ကျွန်တော့်ကို ရယ်ကျဲကျဲဖြင့် ကြည့်၏။
ဂရုမစိုက်နိုင်။
“ဟေ့ မောင်ကျောင်းသားတွေ။ ဒီဒကာနှစ်ယောက်အတွက် ထမင်းပွဲပြင်ပေးလိုက်ပါဦး” ဟု ဘုန်းကြီးက အော်လိုက်လေရာ ထိုအခါမှ ကျွန်တော်လည်း သက်ပြင်းချနိုင်တော့၏။
ပြီးတော့ ထမင်းစားကြသည်။ ချဉ်ဟင်းတခွက်နှင့် ၀က်သားဟင်း တခွက်ပါ၏။ အလွန်စားကောင်းသည့် ဖြစ်ခြင်း။ ကျော်စိုးက လေးပန်းကန်တွယ်၏။
“မင်းကွာ... နည်းနည်းလေးတောင် အိနြေ္ဒမဆယ်ဘူး” ကျော်စိုးက ဆို၏။
“သူက မကျွေးတော့ရင် ဘယ်လိုလုပ်မလဲကွ...။ ငါပဲ ပြောမနေနဲ့ မင်းတောင် မစားတော့ပါဘူး ဖျား... ဆိုပြီး အခု လေးပန်းကန်ရှိနေပြီ” ဟု ပြန်ပြောလိုက်၏။
ကျွန်တော့်ဘ၀တွင် အလွန်စားကောင်းသော ထမင်းပွဲများစွာမှာ တပွဲအပါအ၀င်ဖြစ်သော ဘုန်းကြီးကျောင်း ထမင်းကို စားပြီးသည့် အခါတွင်တော့
MLM ဆရာတော်ကို ဖူးမြော်ရခြင်းဖြစ်ပေတော့သည်။
xxxxxxxxxxxxxxxxxxxx-
“ဗိုက်တော့ဝပြီ။ ဆေးလိပ်လေး ခဲလိုက်ရရင် ကောင်းမယ်။ ကြံစမ်းပါဦးကွာ” ဟု ကျွန်တော်က ကျော်စိုးကို ပြောလိုက်သည်။
“အေးကွ...။ ဆေးလိပ်သောက်တဲ့ ဘုန်းကြီးရှားတယ်ကွ...။ ကွမ်းတော့ ရှိမယ်”
“ကွမ်းတော့ မစားခြင်ပါဘူးကွာ...။ ထွေးရပြုရ အလုပ်ရှုပ်ပါသဘိနဲ့”
“အော်....အခုမှ စဉ်းစားမိတယ်။ ဆေးလိပ်သောက်တဲ့ ဘုန်းကြီး တပါးတော့ ရှိတယ်။ လာကွာ...။ ရှိလားသွားကြည့်ရအောင်”
သို့နှင့် ကျွန်တော်နှင့် ကျော်စိုးလည်း ထလေ၏။ နှစ်လုံး ဂဏန်းသွားကြည့်သည်ဆိုသော ဘုန်းကြီးကိုမူ စောင့်မနေတော့။
ထိုဘုန်းကြီးကျောင်းဝင်းထဲမှာ ကျောင်းဆောင်တစ်ခုပေါ်သို့ တတ်ခဲ့လေ၏။
ထိုကျောင်းပေါ်တွင်တော့ ဘုန်းကြီး သုံးပါးမှာ အိပ်ယာပေးတွင် လှဲလှောင်းနေ၏။ ဆွမ်းစားပြီးချိန်ဖြစ်သဖြင့် လှဲနေဟန်တူသည်။ ကျွန်တော်လည်း “စားပြီး အိပ်နေ ဘိက္ခဝေ ” ဟူသော စာချိုးလေးကို
ပြေးမြင်မိသဖြင့် ပြုံးရသေးသည်။
“ဦးဇင်း ကျိန်းတော့မလို့လား” ဟု ကျောင်းစိုးက ဘုန်းကြီးတပါး ခြေရင်တွင် ၀င်ထိုင်ရင်း မေးလိုက်သည်။
ထို့နောက် ကျော်စိုးက ဦးချသဖြင့် ကျွန်တော့်လည်း လိုက်ကန်တော့ရ၏။
“ဟာ.. ဒကာ ကျော်စိုး...။ မလာတာ ကြာပါရောလား”
“တင်ပါ့ ဖျား...။ အခုတောင် တပဲ့တော် သူငယ်ချင်းက ဦးဇင်းကို ဖူးခြင်တယ်ဆိုလို့ ခေါ်လာရင်း ၀င်လာတာပါ ဘုရား” ဟု လျှောက်လိုက်လေရာ ကျွန်တော်လည်း မျက်လုံး ပြူသွား၏။
“ဟဟ... ဖူးခြင်လည်း ဖူးစေဗျား” ဟု ထိုဦးဇင်းက ရယ်ရယ်မောမော ပြန်ပြောမှ ကျွန်တော်လည်း မျက်လုံး ပြန်ကျဉ်းသွားသည်။
“ဦးဇင်း.... ဆေးလိပ်လေး ဘာလေး မရှိဘူး” ဟု ကျော်စိုးက မေးရာ.. အဆိုပါ ဘုန်းကြီးက ခေါင်းသံသေတ္တာပေါ်မှ ဆေးပေါ့လိပ်နှစ်လိပ် ယူပေးလေ၏။
ကျွန်တော်တို့ ထိုဦးဇင်းပေးသော မီးခြစ်နှင့် ပင်ဆေးလိပ်ဖွာကြလေသည်။
“ဒါနဲ့ ဦးဇင်းရော MLM လုပ်သေးလား” ဟု ကျော်စိုးက မေးလိုက်သည်။
“အဲ့အကြောင်းတော့ မပြောစမ်းပါနဲ့ကွာ...စိတ်နာလွန်းလို့ ”
“ဟဟ... ဘယ်လိုဖြစ်တာတုန်း ဦးဇင်းရဲ့။ ဒပဲ့တော် နောက်ဆုံးအခေါက်လာတုန်းကတော့ ကျောင်းက ဘုန်းကြီးတွေပါ MLM မန်ဘာဝင်ကုန်ကြတယ်ဆို”
“အေးလေ.... အဲ့လိုဝင်လို့ တစ်ကျောင်လုံး ဒုက္ခရောက်တာပေါ့။ ဆွမ်းခံအိမ်တွေ မိတ်ပျက်။ ဆွမ်းတောင် ငတ်လေရဲ့။ .... ဟားဟား... တွေးမိရင် ရယ်ခြင်တယ်ဟ”
ထိုသို့ ကျော်စိုးနှင့် ထိုဘုန်းကြီး MLM အကြောင်း အပြန်အလှန်ပြောနေကြသည်ကို ကျွန်တော်လည်း နားထောင်နေရသည်။
သို့သော်လည်း ဇာတ်ရည်သိပ်မလည်။ စိတ်ဝင်စားဖို့တော့ ကောင်းလှသည်။ သို့နှင့် ကျွန်တော်လည်း ထိုဘုန်းကြီးနှင့် ကျော်စိုးကို မေးမြန်းပြီး သကာလ အခုစာကို ရေးသားရခြင်းဖြစ်ပေသည်။
xxxxxxxxxxxxxxxxxxxx
“ငါနဲ့ ဒီဦးဇင်း စသိတာက MLM ကုမ္ပဏီတစ်ခုရဲ့ နှစ်ပတ်လည်မှာကွ” ဟု အစချီကာ ကျော်စိုးက ပြောပြသည်။
ထိုစဉ်က ကျော်စိုးသည် အလုပ်အကိုင်မရှိ။ အခုလဲ မရှိပါဘူးလေ။ ဒါကြောင့် ဟိုအလုပ် စုံစမ်း၊ ဒီအလုပ် စုံစမ်းရင်း နောက်ဆုံးတွင်တော့ မာတီလယ်ဗယ်မားကတ်တင်း လုပ်ငန်းတစ်ခုနှင့် ချိတ်မိလေတော့သည်။
ထို MLM ကုမ္ပဏီသည် ကင်ဆာပျောက်ဆေး၊ ဖင်နာပျောက်ဆေး ဘာဆေး ညာဆေးမှ အစ နာရီ ဖိနပ်၊ ရေသန့် ဆပ်ပြာ အကုန်ရောင်း၏။ သူတို့ အဆိုအရ သူတို့ ပစ္စည်းကို ဈေးကွက်တွင်
ကြော်ငြာခြင်းမလုပ်။ ကြော်ငြာမည့် ငွေကို မန်ဘာတွေကို ပေးသတဲ့။
ဈေးကွက်တွင် ပေါ်တင်ရောင်းသော ပစ္စည်းများသည် မူရင်းတန်ဖိုး ၁ သာရှိပြီး ကြော်ငြာခ ၁၀ ကုန်ကြောင်း။
MLM ပစ္စည်းများသည် ကြော်ငြာခ ၁၀ အကုန်မခံတော့ဘဲ ထိုကြော်ငြာခကို အရောင်းသမားကို ပေးကြောင်း။
ပြီးတော့ ထိုပစ္စည်းများသည် MLM ပစ္စည်းလောက်မကောင်းကြောင်း။
စသည်ဖြင့် MLM ကုမ္ပဏီမှ မမကြီးတစ်ယောက်သည် ကျော်စိုးကို ရှင်းပြလေ၏။ သို့ရာတွင် ကျော်စိုး စိတ်မ၀င်စား။
ကျော်စိုး စိတ်ဝင်စားသွားသည်က....
“ဒီမှာ မန်ဘာဝင်လိုက်။ တနှစ်အတွင်း တိုက်နဲ့ ကားနဲ့ ဖြစ်စေရမယ်” ဟူသော မမကြီး၏ စကားပင်ဖြစ်သည်။ ဒါကြောင့်...
“ဒါနဲ့ အမဒီ အလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲ” ဟု ကျော်စိုးက ပြန်မေးလိုက်သည်။
ထိုအမျိုးသမီးက
“၃ နှစ်” ဟု ပြန်ဖြေ၏။
“ဟာ ဒါဆို အမရော.. တိုက်တွေ ကားတွေ ပိုင်ပြီလား”
ထိုအခါတွင်တော့ ထိုအမျိုးသမီးက ခပ်တွေတွေဖြစ်သွားပြီး။
“တိုက်တွေ ကားတွေတော့ မပြောတော့ပါဘူးမောင်လေးရယ်”
“ဟင်... ဘာဖြစ်လို့တုန်း”
“အမက US က လေယာဉ်ပျံဝယ်မလို့ကို အစိုးရက ခွင့်မပြုလို့ စိတ်ညစ်နေတာ” တဲ့။
ထိုစကားကို ကြားပြီးချိန်တွင်တော့ ကျော်စိုးတစ်ယောက် ဟိုချေး ဒီချေးဖြင့် ပိုက်ဆံစုပြီး ယင်း MLM ကုမ္ပဏီတွင် မန်ဘာဝင်လိုက်လေတော့သည်။
နောက်မှ သိရသည်က ထိုလေယာဉ်ပျံဝယ်မည်ဆိုသော အမျိုးသမီးသည် လိုင်းကားခ ဈေးကြီးသဖြင့် ရထားခိုးစီးလေ့ရှိသူဖြစ်ကြောင်း သိရလေသည်။
သိရပုံက...ကျော်စိုး MLM ကုမ္ပဏီတွင် မန်ဘာဝင်ပြီး တစ်ပတ်ကျော်အကြာတွင်ဖြစ်သည်။
ထိုနေ့က ကျော်စိုး ကြည်မြင်တိုင် ဘူတာအတွင်း ဖြတ်သွားစဉ် အမျိုးသမီးတစ်ဦးက လှမ်းခေါ်သည်။ “မောင်လေး...။ မောင်လေး...” ဟူသော အသံကြားတော့
ဘာညာလားဆိုပြီး ကျော်စိုးလှမ်းကြည့်လိုက်ရာ...
MLM မမဖြစ်နေ၏။ ထိုမမ၏ ဘေးနှစ်ဖက်တွင်တော့ ရထားရဲနှစ်ယောက်နှင့် ကျော်စိုးနှင့် သိသော လက်မှတ်စစ်။
“ဘာဖြစ်တာတုန်းအမ” ဟု ကျော်စိုးက မေးလိုက်ရာ လက်မှတ်စစ်က
“လက်မှတ်မပါလို့ ဒါဏ်ငွေ ၁ ထောင်ဆောင်ခိုင်းတာ မဆောင်နိုင်လို့ ဖမ်းလာတာကွ” တဲ့။
MLM မမကတော့ မျက်နှာငယ်လေးနှင့်။
ကျော်စိုးလည်း MLM မမကို သနားသွားသည်။ ထို့ကြောင့် လက်မှတ်စစ်ကို ခဏစောင့်ခိုင်းကာ ဘူတာနားရှိ ဒိုးဒိုး အိမ်သို့ ပြေးပြီး ၁ထောင်ချေး၏။
ပြီးတော့ MLM မမကို ၁၀၀၀ ဖြင့် လက်မှတ်စစ်ထံမှ ရွေးယူလိုက်ရသည်။
ထိုအချိန်က ရထားလက်မှတ်ခမှာ တစ်ဆယ်ဖြစ်ပြီး လက်မှတ်မပါ ဒါဏ်ငွေ ၁၀၀၀ မို့တော်သေးသည်။
MLM မမအကြောင်းကိုသိ လိုက်ရချိန်တွင်တော့ ကျော်စိုး နောက်ကျသွားပါပြီ။ ထို့ကြောင့် ထိုကုမ္ပဏီမှ ပစ္စည်းများကို ရောင်းချရပါတော့သည်။
ပြင်ပပစ္စည်းထက် အဆမတန် ဈေးကြီးသော ပစ္စည်းများကို ဘယ်သူမှ ၀ယ်ခြင်စိတ်မရှိ။
သို့နှင့် ကျော်စိုးလည်း ဟိုမမကြီး၏ နည်းကို ယူကာ “ဒီဟာကိုသာ ၀ယ်ပြီး မန်ဘာဝင်လိုက်။ တနှစ်အတွင်း တိုက်နဲ့ ကားနဲ့ ဖြစ်စေရမယ်။
သုံးလေးနှစ်ဆို လေယာဉ်ပျံတောင် ၀ယ်နိုင်မယ်။ ကျုပ်ကတော့ အင်္ဂလန်က ဟက်စကီးလှမ်းမှာထားလိုက်ပြီ” ဟု ပြောရောင်းလေ၏။
သို့သော်လည်း ဂျပန်ဖိနပ်အစုတ် စီးထားသော ကျော်စိုးကို ဘယ်သူကမှ မယုံ။
ဒါကြောင့် မရောင်းရ။ မရောင်းရတော့ စောက်သုံးမကျလို့ မန်ဘာ အသစ်မရဘူးမဖြစ်ရလေအောင် ကိုယ်ဟာ့ကိုယ် ပြန်ဝယ်။
ကော်မရှင်ခ ရတော့ နှစ်ပဲ ခြောက်ပြား။
ဒီလိုနှင့် ကျော်စိုး မန်ဘာဝင်ပြီး ခြောက်လလောက် အကြာတွင် ယင်းကုမ္ပဏီက နှစ်ပတ်လည် လုပ်သည်။ ကျော်စိုးလည်း ထိုပွဲကို တတ်တာပေါ့။ ဟိုတယ်ကြီးမှာ လုပ်တာဗျ။
ထိုနှစ်ပတ်လည်ပွဲတွင်တော့ ကော်ဖီကျဲကျဲတစ်ခွက်နှင် ပေါင်မုန့် တလုံးကျွေး၏။
နိုင်ငံခြားသား ကုမ္ပဏီပိုင်ရှင်ကြီးက မိန့်ခွန်းပြောသည်။ တရုတ်လို ပြောသဖြင့် ကျော်စိုးလည်း နားမလည်။
ဘာဒါရိုက်တာ၊ ညာဒါရိုက်တာ ဆိုသည့် လူများကလည်း မိန့်ခွန့်ပြောကြသည်။ MLM ကောင်းကြောင်း၊ MLM ကြောင့် လူတွေ ချမ်းသာ ကုန်ပြီဖြစ်ကြောင်း၊
တရုတ်တို့၊ ကိုရီးယားတို့ စင်္ကာပူတို့ ချမ်းသာသော နိုင်ငံများဖြစ်လာသည်မှာလည်း MLM ကြောင့်ဖြစ်ကြောင်း။
မြန်မာပြည်လည်း MLM ကြောင့် တနေ့ ချမ်းသာလာမည် ဖြစ်ကြောင်း စသည်ဖြင့်ပေါ့လေ။
ပြီးတော့ ဒါရိုက်တာလေးများကလည်း ထို MLM ကုမ္ပဏီကို ကျေးဇူးတင်စကား ပြောကြသည်။ သူတို့လည်း MLM လုပ်မှ ချမ်းသာလာပြီဖြစ်ကြောင်းတဲ့ ခမျ။
လေယာဉ်ဝယ်ရန် အစိုးရက ပိတ်ပင်ထားသည်ဆိုသော ရထားခိုးစီးသည့် မမကြီးကတော့ ဘာမှ ပြော။
သူတို့တွေ မဟုတ်တန်းတရား ပြောနေတာကို ကျော်စိုးလည်း စိတ်ပေါက်လာသည်။ ပြီးတော့ ကော်ဖီနှင့် ပေါင်မုန့် ကျွေးတာကိုလည်း ဒေါသထွက်နေသည့် အခံကရှိနေတော့
စိတ်ပေါက်ပေါက်ဖြင့် ကျော်စိုး စတိတ်စင်ပေါ်တတ်သွားသည်။ ပြီးတော့ အနောင်စာဆီက မိုက်ခွက်ကို ယူပြီး
“ကျနော်လည်း MLM ကျေးဇူးကြောင့် အတော်ပဲ ချမ်းသာနေပါပြီ။ အခုဆိုရင် လကမ္ဘာကို သွားဖို့ ဒုံးပျံတောင် ၀ယ်နိုင်နေပါပြီ။ အဲ့ဒါ.... ဒုံးပျံကို ဘယ်မှာ ၀ယ်လို့ ရလဲဆိုတာ လမ်းညွှန်ပေးကြပါလားဟင်”
ဟု ပြောလိုက်ရာ အောက်မှ လူများလည်း ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ ဘာမှတော့ မပြောကြ။ သို့နှင့် ခပ်တည်တည်ပြန်ဆင်းလာလိုက်သည်။
ကျော်စိုး၏ ပြောစကားကို MLM ၀ါရင့်များကတော့ ရွဲ့ ပြောမှန်းသိကြသည်။
အချို့သော မန်ဘာသစ်တွေကတော့ ကျော်စိုးကို အထင်ကြီးစွာဖြင့် ကြည့်ကြ၏။
မကြာမီ ကျော်စိုးထိုင်ရာ စားပွဲဝိုင်းသို့ ဘုန်းကြီးတပါး ကြွလာ၏။ ပြီးတော့...
“ခုန ပြောတာ တကယ်လား ဒကာ”
“မဟုတ်ပါဘူး ဘုရား...။ စိတ်အချဉ်ပေါက်လို့ တတ်ပြီး ရွဲ့ပြောလိုက်တာ”
“သိပါဘူး ဒကာရယ်...။ တကယ်လားလို့”
“ဟဟ... ဦးဇင်းရယ်...။ ဒီမှာ မန်ဘာဝင်ပြီးကတည်းက ထမင်းတောင် မနပ်မှန်ပါဘူးဘုရား။ ဒါနဲ့ ဦးဇင်းက ဘယ်လိုဖြစ်ပြီး MLM ပွဲရောက်လာတာတုန်း”
“ဦးဇင်းကို ဒကာမတစ်ယောက်က ဒီမှာ မန်ဘာဝင်ရင် ချမ်းသာမယ်ဆိုလို့ ၀င်လိုက်တာပဲ ဒကာ”
“ဟာ... ဦးဇင်းတော့ ဒုက္ခရောက်တော့မှာပဲ”
“ဒီလိုတော့ ပြောလို့ ဘယ်ရမလဲ ဒကာရယ်။ အရည်းအချင်းရှိရင် ရှိသလို ကြီးပွားတယ်လို့ သူတို့က ပြောထားတာပဲ”
ကျော်စိုးလည်း ထိုဦးဇင်းကို MLM မကောင်းကြောင်းများ ပြောကြည့်သေးသည်။
သို့သော် ထိုဘုန်းကြီး ကျော်စိုး ပြောသည်ကို မယုံ။
သို့နှင့် ကျော်စိုးလည်း ထိုဘုန်းကြီးကို ပြိုင်ငြင်းမနေတော့။ ထိုဘုန်းကြီး အကြိုက်ကို လိုက်ပြောခြင်းဖြင့် အကျိုးမယုတ်နိုင်ဟု ယူဆကာ။
“ဦးဇင်း ပုံမျိုးနဲ့ ဆိုရင်တော့ တနှစ်အတွင်းတောင် လေယာဉ်ပျံဝယ်နိုင်လောက်တယ် ဘုရား”
ဒီလိုနှင့် ကျော်စိုးနှင့် ယင်းဘုန်းကြီးမှာ ခင်မင်သွားလေတော့သည်။ ကျော်စိုး ထင်သည့်အတိုင်းပင်။ ယင်းဘုန်းကြီးနှင့် ခင်ပြီးနောက်ပိုင်း ကျော်စိုးတစ်ယောက် ထိုဘုန်းကြီး သီတင်းသုံးရာ ဗားဂရာတိုက်အတွင်း
ကျောင်းသို့ နေ့တိုင်းလိုလို သွားကာ ဆွမ်းကျန်များ စားရလေတော့သည်။
xxxxxxxxxxxxxxxxxxxxxx
ယင်းဘုန်းကြီး၏ ဘွဲ့မှာ ဦးတိလောက ဖြစ်၏။ သက်တော် သုံးဆယ်ကျော်ပြီး ငယ်ဖြူဖြစ်သည်။
ရန်ကုန်ရောက်သည်မှာ ကြာပြီ။ ပထမကြီး အောင်ပြီးပြီ။ သို့သော် ဓမ္မာစရိယတန်း၌ တစ်နေ၏။ ပေါင်းတလည် ဘက်မှဖြစ်ပြီး နယ်သို့ မပြန်သည်မှာ ကြာပြီ။
တရက်...။ ဆွမ်းကြွနေကြအိမ်မှ ဒကာမကြီးက MLM ကို စတင်မိတ်ဆက်ခြင်းဖြစ်သည်။
“စမ်းပြီး မန်ဘာဝင်ကြည့်ပါလား အရှင်ဘုရား” ဟု ဆိုကာ ယင်းဒကာမသည် MLM ၏ သဘောတရားများနှင့် ၀င်များကို တွက်ချက်ပြကာ ဆွယ်တရား ဟောလေသည်။ MLM သမားတို့ ထုံးစံအတိုင်း
တနာရီမျှကြာ အောင် MLM ကောင်းကြောင်း ပြောလေရာ အခြား ဆွမ်းခံအိမ်များသို့ပင် ဆက်မသွားဖြစ်။
“မဖြစ်သေးပါဘူး ဒကာမကြီးရယ်....။ ဘုန်းကြီးဖြစ်ပြီး စီးပွားရေးလုပ်လို့ ဘယ်သင့်တော်မလဲ”
“စီးပွားရေး ရယ်လို့လဲ မဟုတ်ပါဘူး။ ဒီမှာ ဆေးတွေလည်း ပါတယ်ဆိုတော့ မကျန်းမာတဲ့လူကို ဆေးပေးတာ ကုသိုလ်တောင် ရပါသေးတယ်။ အခြား ဘုန်းကြီးတွေလဲ လုပ်နေကြတာပဲ”
“အင်း စဉ်းစားလိုက်ပါဦးမယ် ဒကာမကြီးရယ်”
“စဉ်းစားပါ ဘုရား။ ဘာမှ ခက်တာ မဟုတ်ပါဘူး။ ဦးဇင်းတို့က ဒကာ၊ ဒကာမတွေလည်း ပေါနေတာပဲ။ သူတို့ကို ကိုယ့်ဆီမှာ မန်ဘာဝင်ခိုင်လိုက်ရင် အလကားနေ အလကား ပိုက်ဆံတွေ ၀င်နေမှာပဲလေ။
ဒီလိုနဲ့ ဦးဇင်း ချမ်းသာလာရင် လူထွက်ရင်ထွက်။ မထွက်ရင်လည်း ကိုယ့်ဟာကိုယ် ကျောင်းဆောက်ပြီး အေးအေးဆေးဆေး သီတင်းသုံးလို့ ရတာပေါ့” တဲ့။
စနေသား ဦးတလောကကို နောက်ရက်များတွင်လည်း စမ်းချောင်း ဆီဆုံလမ်းရှိ ဒကာမကြီးက နေ့စဉ် MLM တရားဟောလေသည်။
တရက်မဟုတ်နှစ်ရက်မဟုတ်။ နေ့စဉ် MLM တရား ဟောလေရာ ဘုန်းကြီးလည်း သည်းမခံနိုင်တော့။
နောက်ဆုံး ဆေးတမျိုးဝ်ပြီး မန်ဘာဝင်လိုက်မှပင် ဘုန်းကြီးကို တရားဟောခြင်း ရပ်သွားလေသည်။
အခုတော့ ဦးတိလောက MLM မန်ဘာဖြစ်ချေပြီ။ ဘာလုပ်မည်နည်း။
MLM မန်ဘာတို့ ထုံးအတိုင်း အခြားသူကို MLM တရား ဆက်ဟောပေါ့။
ကိုယ်က ဘုန်းကြီးပဲ။ သိပ်မခက်ပါဘူး။
ရန်ကုန်မြို့ရှိ ဘုန်းကြီးများမှာ နေ့ဆွမ်းကို အခြားသော အရပ်များမှာ ကဲ့သို့ တန်းစီပြီး ဆွမ်းခံခြင်းမဟုတ်။
ကိုယ့် ဆွမ်းခံအိမ်နှင့် ကိုယ်ဖြစ်သည်။ ကိုယ့်ဆွမ်းခံအိမ်ဖြစ်အောင်ကလည်း ရန်ကုန်ကို ရောက်ကတည်းက ညနေပိုင်းတွင် သပိတ်မပါဘဲ တအိမ်တတ်ဆင်း ဆွမ်းခံအိမ် လိုက်ဖိတ်ရ၏။
အိမ်တိုင်းကတော့ ဆွမ်းလောင်းရန် လက်မခံ။ လူအမြဲရှိသည့်အိမ်။ စီးပွားရေး အဆင်ပြေသည့် အိမ်များသာ ဆွမ်းခံကြွမည်ကို လက်ခံကြသည်။
ထိုသို့ ဆွမ်းလောင်သူများတွင် ဗုဒ္ဓဘာသာများသာ လောင်းသည်မဟုတ်။ အခြားသော ဘာသာဝင်များလည်း လောင်းကြပါသည်။
ယခု ဦးတိလောကတွင်လည်း ဆွမ်းခံအိမ်များစွာ ရှိလေရာ အဆင်ပြေပါသည်။
တအိမ်ကို တရက် နှုန်းဖြင့် MLM တရား ဟောလေသည်။
ဘုန်းကြီးလည်း ဖြစ်သဖြင့် ဆွမ်းခံအိမ်တို့မှာ MLM တရားကို ကောင်းစွာ နားကြားကြလေ၏။
မန်ဘာဝင်သူလည်း ၀င်ကြ၏။ သို့သော် အနည်းငယ်သာ။ စမ်းချောင်းအရပ်ရှိ လူများမှာ ဗဟုသုတရှိသူများဖြစ်သဖြင့် MLM မကောင်းကြောင်းကို သိကြလေသည်။
ထိုအချိန်တွင် ဦးတိလောက၏ MLM ကုမ္ပဏီနှစ်ပတ်လည် ကျင်းပရော ကျော်စိုးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပေသည်။
ထို့နောက် လကမ္ဘာသို့ သွားရန် ဒုံးပျံဝယ်မည့် ကျော်စိုးသည် ဦးတိလောက သီတင်းသုံးရာ ကျောင်းသို့ ပုံမှန်လာပြီး ဆွမ်းကျန်များကို လွေးလေသည်။
“ဘယ်လိုလဲ ဦးဇင်း ပစ္စည်းရောင်းလို့ အဆင်ပြေရဲ့လား”
“ပြေပါဘူးကွာ... မန်ဘာဝင်တဲ့လူလည်း သိပ်မရှိ။ ဒီအတိုင်းဆို သတ်မှတ်မန်ဘာမပြည့်လို့ ဘာကော်မရှင်မှ ရမှာ မဟုတ်ဘူး”
“အစပိုင်းတော့ ဒီလိုပဲပေါ့ဦးဇင်းရာ...။ နောက်မှ စိတ်ပျက်သွားမှာ..”
“အေးကွာ...။ အခုတောင် ဆွမ်းခံအိမ်တွေက သိပ်မကြည်ခြင်တော့ဘူး”
“ဒါဆိုလည်း ဦးဇင်းနဲ သိတဲ့ ဘုန်းကြီးတွေကို မန်ဘာဝင်ခိုင်းလိုက်ပါလား”
“အေး... အဲ့ဒါလည်း မဆိုးဘူးကွ”
ဦးတိလောကလည်း ကျော်စိုးပေးသော အကြံအတိုင်း ဘုန်းကြီးအခြင်းခြင်း MLM တရား ဟောလေသည်။ ဆွမ်းခံအိမ်များကို ဟောခြင်းကိုလည်း မစွန့်။
ကြာလာတော့ ဆွမ်းခံများလည်း စိတ်ညစ်လာသည်။ အချို့အိမ်များမှာ ဆွမ်းခံကြွချိန်တွင် တံခါး ပိတ်ထားကြသည်။ အချို့အိမ်များကတော့ ပေါ်တင်ပင်။
“တပြည့်တော်တို့ အလုပ်မအားတာကြောင့် ဆွမ်းခံ မကြွပါနဲ့တော့ ဘုရား”
“ဆွမ်းခံအိမ်ပြောင်းလိုက်ပါဘုရား”
အချို့ကတော့ အားနာနာနှင့် သည်းခံကာ ဆက်လောင်းနေဆဲ။
စာရင်းချုပ်လိုက်တော့ ဆွမ်းခံအိမ် သုံးဆယ်ခန့်ရှိရာမှ လက်ရှိလောင်းသူ ငါးအိမ်သာ ကျန်တော့သည်။
ထိုငါးအိမ်တွင် MLM သုံးအိမ်ပါ၏။ ထိုအိမ်များသည် ဟင်းလည်း သိပ်မကောင်း။
ဆွမ်းခံအိမ် အသစ်ထပ်ဖိတ်ရင် ကောင်းမလား။ မဖြစ်သေး။
ရန်ကုန်ရောက်တာ ကြာပြီးမှ ဆွမ်းခံအိမ်အသစ် လိုက်ဖိတ်ရတာ ရှက်စရာကောင်းသည်ဟု ဘုန်းကြီးအသိုင်းအ၀ိုင်းက သတ်မှတ်ထား၏။
“ကဲ... လက်ကျန် ဆွမ်းခံအိမ်တွေကို MLM တရားဟောတာ ရပ်ချေဦးမှပဲ” ဟု ဦးတိလောက ကြွေးကြော်လိုက်သည်။
အဲ.... ဘုန်းကြီးအခြင်းခြင်း MLM တရား ဟောရတာတော့ မဆိုး။ အခုဆို ဘုန်းကြီးမန်ဘာ ၅ ပါးရပြီ။ အဲ့ငါးပါးက တဆင့် ထပ်ပွားမည့် မန်ဘာတွေကို တွေးမိတိုင်း ဦးတိလောက ပီတိဖြစ်ရသည်။
ကျောင်းမှာ သံဃာ ဆယ်ပါးရှိတာ ဦးတိလောက အပါဝင် ၆ ပါးက MLM မန်ဘာဝင်တွေဆိုတော့ ၆၀ % ပေါ့။
ကျန်လေးပါးကတော့ အသက်ကြီးနေပြီဖြစ်သဖြင့် စည်းရုံးလို့ မရတော့။
နောက်နေ့ ကျော်စိုးရောက်လာတော့
“ဘုန်းကြီးအခြင်းခြင်း မန်ဘာဝင်ခိုင်းတာတော့ အဆင်ပြေသကွာ...။ အခုဆိုငါ့အောက်မှာ.. လူနဲ့ ဘုန်းကြီးမန်ဘာ ဆယ်ယောက်လောက်တောင် ရှိနေပြီ”
“ဆယ်ယောက်ဆိုတော့ မဆိုးဘူးပေါ့ ဘုရား”
“အေးကွာ...။ ဒီမှာ အဆင်ပြေရင်တော့ ရွာပြန်ပြီး တရွာလုံး မန်ဘာဝင်ရောင် MLM တရားကို အကြီးအကျယ်ဟောပလိုက်ဦးမယ်”
နောက်တော့ ကျော်စိုး ခရီးထွက်သွားသဖြင့် ထိုကျောင်းကို မရောက်ဖြစ်တော့။
မရောက်ဖြစ်တာလဲ ခပ်ကောင်းကောင်းပင်။
ထိုရက်ပိုင်းများတွင်တော့ အခြားသော ဘုန်းကြီးများကလည်း MLM တရားကို အပြင်းအထန်ဟောကြားလေရာ ဆွမ်းခံအိမ်တွေ ပျောက်ကုန်သည်။
ဆွမ်းလောင်းသူမရှိတော့။
ရလာသော ဆွမ်းမှာ ကျောင်းသားများအတွက် ကျန်ဖို့ မဆိုထားဘိ။ ဦးဇင်းတွေတောင် ကျောင်းမှာ ဆွမ်းချက်စားနေရသည်။
ထိုသို့ ဆွမ်းချက်စားရာ တလခန့်ကြာတော့ ဘုန်းကြီးတွေ စိတ်ပျက်လာသည်။
“ဒီအတိုင်းဆိုရင်တော့ မဖြစ်သေးပါဘူး” ဟု တွေးကာ
ကျောင်းရှိ သံဃာများ စုပေါင်းပြီး ဆွမ်းခံအိမ်အသစ် လိုက်ဖိတ်ရ။ ဆွမ်းခံအိမ် အဟောင်းများကိုလည်း MLM တရား မဟောတော့ပါဘူး” ဟု ကတိပေးသဖြင့်
“MLM တရား မဟောတော့ရင်တော့ ဆွမ်းခံ ပြန်ကြွနိုင်ပါတယ်ဘုရား” ဟု ဆိုကြ၏။
ထို့နောက် ဦးတိလောက တို့ ကျောင်းတွင် စည်းကမ်းတစ်ခု သတ်မှတ်လိုက်သည်။
“ကျောင်းတွင် MLM တရား မဟောရ။ ဆွမ်းခံအိမ်များတွင်မူ MLM တရားကို လုံးဝ လုံးဝ မဟောရ” ဟူ၏။
xxxxxxxxxxxxxxxxxxxxxxxxx
ကျွန်တော်နှင့် ကျော်စိုး ကျောင်းပေါ်က ပြန်ဆင်းလာတော့လည်း အထက်ပါ စည်းကမ်းကို တွေ့ဖြစ်အောင် တွေ့လိုက်သေးသည်။
“MLM ကပေးတဲ့ ဒုက္ခကလဲ မသေးပါလားကွ။ ဘုန်းကြီးတွေ ဆွမ်းတောင် ငတ်တယ်” ဟု ကျွန်တော်က ပြောလိုက်သည်။
“အဲ့ထက်ဆိုးတာ ရှိသေးတယ် ဟရောင်...တရားလုံး MLM မန်ဘာဝင်ပြီး အချင်းချင်း ပတ်စည်းရုံး။ ရန်ဖြစ်လို့ဖြစ်နဲ့ တရွာလုံး မွဲသွားတဲ့ ရွာတွေတောင် ရှိတယ်” ဟု ကျော်စိုး က ပြန်ပြောသည်။
“ဒါနဲ့ မင်းရော... အဲ့အလုပ် မလုပ်တော့ဘူးလား” ဟု ကျွန်တော်က ဆက်မေးရာ.. ကျော်စိုးက
“လုပ်မှာကွ....။ ငါပိုက်ဆံ စုမယ်။ ပြီးရင် ငါကိုယ်တိုင် MLM ကုမ္ပဏီထောင်ပြီး တတိုင်းပြည်လုံးကို ဒုက္ခပေးဦးမှာ...” တဲ့....။
စိုပြေ
10:21 PM 8/26/2015
https://www.facebook.com/kyawsoestory/posts/958386770918575