Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

Ponzi Alarm


အခု လုပ်နေကြတဲ့ MMM ထူထောင်သူ Mavrodi ဟာ ရုရှားမှာ ၉၀ ပြည့်နှစ် အလွန်တုန်းက အကြီးဆုံး ponzi ပိရမစ် ကွန်ရက်ကြီး ထူထောင်ပြီး လိမ်လည်မှု လုပ်ခဲ့တာ ၁၉၉၇ မှာ ငွေကြေးမလည်ပတ်နိုင်တော့ ပိတ်ပြေးရတယ်။ နှစ်အတော်ကြာမှ ဖမ်းမိလို့ ထောင် လေးနှစ်ခွဲ ချခံရတယ်။
ပုံ ၁ မှာ ၁၉၉၄ ခုနှစ် TIME မဂ္ဂဇင်းက ဒီစနစ်ပြိုကွဲခဲ့ပုံကို ဖော်ပြထားခဲ့ပုံပါ။
ပုံ ၂ ကတော့ ၂၀၁၁ မှာ TIME ကပဲ ဒီ အတုအယောင်သမား ပြန်လာပြီ ဆိုတာကို ထပ်ဖော်ပြလာတဲ့ သတင်းပါ။
၂၀၁၁-၂၀၁၃ ဝန်းကျင်မှာ ရုရှားမှာ ထပ်လုပ်ဖို့ ကြိုးစားတာ မအောင်မြင်ပဲ ရပ်ခဲ့ရပြီး နောက်နှစ်ပိုင်းတွေမှာ တောင်အာဖရိက အခြေစိုက် လုပ်ရာမှာ ဒီလို စနစ်ကို မကြုံဖူးသေးတဲ့ တောင်အာဖရိကသားတွေရဲ့ လက်ခံမှုကို ရရှိပြီး ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေကို ဆက်တိုက် ချဲ့လာတာ ဖြစ်ပါတယ်။
ပုံ ၃ မှာ MMM သမားတွေ အများစုဟာ သူတို့စနစ်ကို ဝေဖန်ပြောသူတွေဟာ သူတို့အပေါ် မနာလိုသဝန်တိုနေတယ်လို့ ယူဆလေ့ ရှိကြောင်း သတင်းထဲ ဖော်ပြထားပါတယ်။ အခု ကျွန်တော် ရေးထားတာ ဖတ်မိတဲ့ MMM သမားတွေလည်း ဒီဘဲကြီး ဂျေဝင်နေပြီ ဆိုပြီး ထင်မှာပါ။
မိတ်ဆွေတို့ ငါးသောင်းထည့်ပြီး ၇ သိန်းတန် ဖုန်းဝယ်နိုင်တာတို့ ဘာညာအတွက် ကျွန်တော် မနာလို ဖြစ်စရာ အကြောင်းမရှိပါ။ ဒါပေမယ့် အဲ့ဒီပိုက်ဆံတွေက သူများက ထည့်ဝင်ထားတဲ့ ပိုက်ဆံတွေပါ။ ကိုယ်ဝင်တုန်း ထည့်လိုက်တဲ့ ငါးသောင်း တစ်သိန်းကလည်း သူများ ဆိုင်ကယ်ဝယ်တဲ့အထဲ ပါသွားပါပြီ။ ထည့်ထားသူတိုင်း ပြန်ထုတ်ချင်တဲ့ အခါမှာ ခုနက စောထုတ်သုံးထားတဲ့လူတွေက လွဲပြီး ကျန်လူတွေ မထုတ်လိုက်ရပဲ ကုမ္ပဏီရုံးခွဲလည်း ပိတ်သိမ်း၊ မန်နေဂျာတွေလည်း ပြေး၊ ပါဝင်ထားသူတွေလည်း ပုန်းကြနဲ့ ပိရမစ်ကြီး တစ်ခုလုံး ပြိုလဲမှာပါ။
ပုံ ၄ မှာ Bitcoin လေ့လာရေး တစ်ဖွဲ့က သုံးသပ်ပြထားတဲ့ အရဆိုရင် အပေါ်ပိုင်းက ထုတ်သုံးထားလိုက်နိုင်တဲ့ လူတွေက လွဲပြီး တစ်ဝက်ခန့်ကတော့ လုံးလုံး ဆုံးရှုံးမှာပါ။
ပုံ ၅ မှာ ပိရမစ်ပုံစံကို ချဲ့ပြထားပါတယ်။ ပိရမစ်စနစ်တွေဟာ ပထမအဆင့် ထိပ်ပိုင်းအလွှာတွေမှာပဲ အဆင်ပြေတယ်။ ပြေတယ်ဆိုတာက နောက်ထပ် ပိုက်ဆံလိုက်သွင်းတဲ့သူ ရှိနေသေးသရွေ့ ကိုယ်က အဆင်ပြေနေတာသာ ဖြစ်ပါတယ်။ လူကုန်သွားတဲ့ တစ်နေ့ နောက်ဆုံး ဝင်ထည့်သူ ငါးရာလား ငါးထောင်လား ငါးသောင်းလား သူတို့အားလုံးဟာ ဆုံးရှုံးမှာ ဖြစ်ပါတယ်။
ဒါမျိုး ဖြစ်လာနိုင်ပါ့မလားလည်း စဉ်းစားနေစရာ မလိုပါ။ ကမ္ဘာမှာ အကြိမ်များစွာ ပုံစံ/နာမည်မျိုးစုံနဲ့ လုပ်ခဲ့ပြီးပါပြီ။ တစ်နှစ်လောက်နဲ့ ရပ်သွားတာ ရှိသလို လေးငါးနှစ် သက်ဆိုးရှည်တာတွေလည်း ရှိပါတယ်။ အနှေးနဲ့ အမြန် ရပ်ကိုရပ်သွားရမယ့် စနစ်ဆိုးကြီး တစ်ခုပါပဲ။ အမေရိကန် နာမည်ကြီး ပိရမစ် ငွေလိမ်သူ Bernie Madoff အကြောင်းဆို ရုပ်ရှင်တောင် ရှိပါတယ်။
မှတ်ချက် - မည်သူ့ကိုမျှ မနာလိုခြင်း မရှိပါ။ အများပြည်သူ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရမယ် ယူဆလို့
သတိပေးခြင်း ဖြစ်ပါတယ်။
https://www.facebook.com/thaungsunyein/posts/10153976467067002