Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, September 25, 2017

MLM Debate သုံးသပ်ချက် (၂)



 #ရောင်းမှာလား_ဝယ်မှာလား Debate မှာ MLM ဘက်က အမတစ်ယောက်ပြောတဲ့ လူတိုင်းဟာ အရောင်းအဝယ်နဲ့ မကင်းပါဘူး ဆိုတဲ့ စကားလေး။ သိပ်မှန်တဲ့စကား။ လူဟာ အသက်ရှင်ရပ်တည်ဖို့ရာ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်း (သို့) အချိန် လုပ်အား နဲ့ ကျွမ်းကျင်မှု တစ်ခုခုကို ရောင်းရတယ်။ အဲ့ဒီအတွက် သင့်တော်တဲ့ အဖိုးအခ တစ်ခု တန်ရာတန်ကြေး အဖြစ် ပြန်ရတယ်။ တန်ရာတန်ကြေးမရရင် ဘယ်သူမှ မရောင်းဘူး။ အလုပ်ရှင်နဲ့ အလုပ်သမား တို့ဟာလည်း ရောင်းသူနဲ့ ဝယ်သူပဲ။ Product or Service တစ်ခုကို ထုတ်လုပ်၊ ရောင်းချ၊ ဝန်ဆောင်မှုပေးရင် ထုတ်လုပ်သူ။ စားမယ်၊ သုံးမယ်၊ ခံစားမယ်ဆို စားသုံးသူ။ Product or Service တစ်ခုကို တစ်ချိန်ထဲမှာ ရောင်းသူရော ဝယ်သူပါ လုပ်နေလို့ အဆင်မပြေပါဘူး။ ဒါဖြင့်ရင် ကွမ်းယာဆိုင် ပိုင်ရှင်တစ်ယောက်က သူ့ဆိုင်ကကွမ်းယာ သူပြန်ယူစားရင်ရော သူဟာ စားသုံးသူလား ရောင်းချသူလား။ ဝါးနေရင်း ကွမ်းယာထဲ ခဲလုံးပါလာရင် စားသုံးသူပါဆိုပြီး သူ့ဆိုင်သူပြန်ရိုက်ခွဲမှာလား။ MLMတွေအဖို့ ကိုယ့်ရပ်တည်ချက် ကိုယ်အရင်ပြန်ဆန်းစစ်သင့်တယ်။ ခုက ကိုယ်ဘာဖြစ်လို့ ဖြစ်နေမှန်းကို မသိကြဘူး။ #လွပ်လပ်ချင်တိုင်း_လပ်လို့မရကြေး ရောင်းသူနဲ့ ဝယ်သူတစ်ဦးချင်းစီတိုင်းဟာ ကိုယ့်အကျိုးအတွက် ကိုယ်လုပ်နေကြတာဖြစ်လို့ ရောင်းသူဟာ အကျိုးအမြတ် အများဆုံးရဖို့ အားထုတ်သလို ဝယ်သူဟာလည်း အနည်းဆုံးဈေးပဲ ပေးလိုကြတယ်။ ဒါဟာ ကမ္ဘာဦးကတည်းက ရောင်းသူ နဲ့ ဝယ်သူတို့ရဲ့ ဆန့်ကျင်ဘက် သဘောထားပဲ။ အကယ်၍သာ ဈေးကွက်ထဲမှာ ရောင်းမယ့်သူ တစ်ယောက်ပဲ ရှိမယ်ဆိုရင် ပစ္စည်းပေါက်ဈေးကို ရောင်းသူစိတ်ကြိုက် အမြင့်ဆုံး ဖွင့်ခွင့် (Monopoly လုပ်ခွင့်) ရမှာ ဖြစ်ပြီး၊ ဝယ်သူ တစ်ဦးပဲ ရှိတဲ့ ဈေးကွက်ဟာလည်းဈေးကွက်ပေါက်ဈေးကို ဝယ်သူစိတ်ကြိုက် အနိမ့်ဆုံးဖွင့်ခွင့် (Monopsony လုပ်ခွင့်) ရမှာပေါ့။ Free Market အယူအဆဟာ ရောင်းသူ အချင်းချင်း၊ ဝယ်သူအချင်းချင်း လွတ်လပ်စွာ အပြိုင်အဆိုင်ရောင်းဝယ်ကြပြီး ဈေးကွက်ထဲ လိုအပ်သလောက် Supply နဲ့ Demandအရ သူ့ဘာသူ ဈေးကွက်ပေါက်ဈေး တစ်ခု သတ်သတ်မှတ်မှတ်ရှိစေဖို့ပါ။ သို့ပေမယ့်လည်း အားနည်းချက်က The Best Product ကို The Best Price မှာ ရောင်းနိုင်တဲ့သူပဲ နောက်ဆုံးမှာ ကျန်ရစ်နိုင်မှာမို့ ဓနအင်အား နည်းပါးတဲ့ လုပ်ငန်းငယ်တို့ဟာ လုပ်ငန်းကြီးတွေကို ရေရှည်ယှဉ်ပြိုင်ဖို့ မလွယ်ပါဘူး။ ဈေးကွက်ထဲမှာ နောက်ဆုံးကျန်ရစ်မယ့် လုပ်ငန်းကြီးတွေပဲ ဈေးကွက်ကိုပြိုင်ဘက်မရှိ ထိန်းချုပ်လာနိုင်တာမို့ Monopolyအလိုလို လုပ်ခွင့်ပေးပြီးသားလည်း ဖြစ်နေတာပေါ့။ ပြိုင်ဘက်မရှိမှတော့ သူ့ဘဝသူ သာယာပြီး အပြိုင်အဆိုင်လုပ်တုန်းကလို Product အသစ်၊ Service အသစ်၊ Idea အသစ် ထွက်ဖို့ ခဲယဉ်းလာတဲ့အပြင် ရှိပြီးသား အရည်အသွေးပါ ကျလာတတ်တယ်။ နောက်ဆုံးမှာ စားသုံးသူပဲ ထိတာပေါ့။ ဒီတော့လည်း မဖြစ်သင့်တာ မဖြစ်ရလေအောင် လုပ်ငန်းငယ်တွေ ဝါးမြိုမခံရအောင် သူ့ဘာသူ ဘယ်လောက်ပဲ လွတ်လပ်သောဈေးကွက် ကျင့်သုံးတဲ့ နိုင်ငံပါ ပြောပြော အစိုးရတို့ဟာ ဥပဒေထုတ်တန်ထုတ်၊ ဟန့်တန်ဟန့် နဲ့ ဒိုင်လူကြီးအဖြစ် တစိတ်တပိုင်း ပြန်ပါလာရတာပေါ့။ ဒါ့ကြောင့် မြန်မာနိုင်ငံ အခြေခံဥပဒေပုဒ်မ ၃၆(ခ)အရ ''စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီး ကာကွယ်မည်။'' ဆိုပြီး ပြဌာန်းထားတာပေါ့။ လုပ်ချင်တဲ့စီးပွားရေး လုပ်စေ။ ပြည်သူထိခိုက်လာရင်တော့ ဗြင်းမယ် ဆိုတဲ့ သဘော။ ဒီတော့ MLM စီးပွားရေးဟာ နစ်နာတယ် မနစ်နာဘူး ဆိုတာ ကွဲကွဲပြားပြားသိဖို့ လိုလာတယ်။ #Demandအတု_လူအစစ်နဲ့_မျက်စိလည်သွားရှာသော_ကိုယ်ပျောက်လက်ကြီး MLM စနစ်ဟာ အရင်ပို့စ်မှာရေးခဲ့သလို ဘာဈေးကွက် Demandမှ မယ်မယ်ရရမရှိတဲ့ အာဝါဒါးတွေကို ဈေးကြီးကြီးနဲ့ ရောင်းနေနိုင်တာ ဘာကြောင့်လည်း? အမှန်ဆို ဈေးကွက်သဘောအရ ဒီစောက်ချိုးတွေ ဒီဈေးတွေနဲ့ အရင်းပြုတ်ပြီး ခွေးဖြစ်တာ ကြာပေါ့။ ဘာကြောင့်ဆိုတော့ Market Demand အတုတွေ ဖန်တီးထားလို့!!!!! ✔️MLMစနစ်ဟာ စားသုံးသူကို တဆင့်ပြန်ရောင်းတာလိုလို၊ ကိုယ်စားလှယ်လိုလို၊ ကိုယ်ပိုင်လုပ်ငန်းရှင်လိုလို အတွေးအခေါ်တွေ သွပ်သွင်းပြီး နားရှုပ်အောင် အရင်လုပ်ထားတယ်။ ✔️စားသုံးသူရဲ့ Self Interest အဖြစ် PV တွေ၊ ဒိုင်းမွန်းတွေ၊ ပလက်တီနမ်တွေ ဖန်တီးပြလိုက်လေတော့ နားရင်းအုပ်ပြီး သတိပေးမယ့် Invisible Hand (ကိုယ်ပျောက်လက်ကြီး ) လည်း ငြိမ်သွားတယ်။ ✔️ဒီအခါမှာ စားသုံးသူဟာ သူပေးလိုက်တဲ့ဈေးနဲ့တန်တဲ့ ပစ္စည်းရဲ့ တန်ဖိုးနဲ့ အရည်အသွေးကို မေ့သွားတယ်။ ✔️လူဆွယ်တာ မဆွယ်ရတာ ခနထား။ အမှတ်များများရဖို့က အောက်လူများများရမှ ဖြစ်နိုင်မယ့်ကိစ္စဆိုတော့ လူမဆွယ်ဘူးဆိုလည်း ပြီးတာပဲ။ ✔️ဒီအခါမှာ အကျိုးစီးပွားက ပစ္စည်းဘက်ကနေ PVဘက်ရောက်သွားပြီပေါ့။ ✔️အမှတ်များများရဖို့ အောက်လူရှာ၊ အောက်လူက လူထပ်ရှာနဲ့ MLM Products တွေအဖို့ Market Demandအတုကြီး တစ်ခုဖြစ်လာတယ်။ အမှတ်ရဖို့ လိုလို မလိုလို ၊ ကောင်းကောင်း မကောင်းကောင်း ဒီပစ္စည်းတွေက သုံးမှ ရမှာကိုး။ ဒင်းတို့က ဒီအကွက်ခင်းထားတာ မသိမှတ်လို့။ မသိရင်ပဲ သူတို့ ဘာလချောင်ပစ္စည်းတွေကပဲ မဟားဒယား ကောင်းလွန်လွန်းလို့ ၇ရက်သားသမီးက 24/7 မက်မက်စက်စက် ဝိုင်းသုံးနေသလိုလို။ ဒီ့အပြင် MLM Company တွေဟာ ဈေးကွက်မှာ Monopoly ဖြစ်ချင်တိုင်း ဖြစ်ခွင့်ရနေတဲ့ အပြင် အခွန်ဆောင်ချင်တိုင်း ဆောင်လို့ရတဲ့ အခွင့်အရေးပါ ရနေပါသေးတယ် ဗျာတို့ရေ။ သိန်း၇၀၀ မမက နောက်တပုဒ်မှာတွေ့ကြတာပေါ့နော 😈😈😈😈 ကိုးကား :Wikipedia နှင့် ဆရာကျော်ဝင်းဆောင်းပါးများ ဆက်ပါမည်။ ကြည်လွင်ဖြိုး 25/ Sep/ 2017
https://www.facebook.com/groups/myanmarmlmtruth/permalink/717099191816569/