Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, October 1, 2017

လူငယ်လမ်းညွန် (Anti Mlm)




ဘွဲ့ရကာစ ၁ သိန်းကျော် စရတာကို လစာ နည်းလို့ ဆိုပြီး စိတ် ငြိုငြင် နေတဲ့ ညီ/ညီမ တွေကို တစ်ခုလောက် အကြံပေးချင်တယ် ။ စိတ်ကူးထဲမှာ ကိုယ်ပိုင် စီးပွားရေး တစ်ခု လုပ်ကြည့်ဖို့ပါ ။ ၁။ စစချင်း ဘာ လုပ်ရင်ကောင်းမလဲ ဆုံးဖြတ်ရမယ် ။ ( အတော်လေးကို သေချာ လေ့လာ စဉ်းစား ဆုံးဖြတ်ရမှာ ။ အဲ့မှာတင် တစ် သွားပြီး ကိုယ်ပိုင် စီးပွားရေး မလုပ်ဖြစ်တော့တဲ့လူတွေ ၅၀% ထက် မနည်း ရှိလောက်တယ် ) ၂။ စစချင်း ငွေ ဘယ်လောက် ရင်းရမလဲ ? ( မရှိရင် ရှာရမယ် ။ လိုအပ်ရင် ချေးရငှားရမယ် ။ အနှစ်နှစ် အလလ ဝန်ထမ်းဘဝနဲ့ စုထားတဲ့ ငွေလေးတွေ ထုတ်သုံးပြီး စွန့်စားရတော့မယ် ။ အဲ့ငွေ မရှိလို့ စီးပွားရေး မလုပ်ဖြစ်တော့တဲ့ လူတွေလည်း အများကြီးပဲ ။ ) ၃။ လုပ်ငန်းလည်ပတ် စားရိတ်ကို အနည်းဆုံး ၆ လ / ၁ နှစ်စာလောက်တော့ ဆောင်ထားနိုင်ရမယ် ။ လုပ်ငန်းကြီးရင် ကြီးသလို များများလိုမယ် ။ အရင်းကျေ ကာလ ရှည်ကြာတဲ့ အလုပ်တွေဆိုရင် ပိုပြီး သတိထားရမယ် ။ - လုပ်ငန်း နေရာ စရိတ် - ကုန်ကြမ်း စရိတ် - ဝန်ထမ်း စရိတ်တွေ အပြင် လစဉ် ကုန်ကျစရိတ်ပေါင်းများစွာ ရှိတာကို သတိထားရမယ် ။ ၄။ ရှိနေတဲ့ ဈေးကွက် အနေအထားနဲ့ ကိုယ် ရနိုင်တဲ့ ဈေးကွက် အနေအထားအရ ခန့်မှန်း ဝင်ငွေကို မှန်းဆ ရမယ် ။ ဒီ ခန့်မှန်း လစဉ် ဝင်ငွေဟာ နံပါတ် ၃ မှာ ပြောထားတဲ့ လစဉ် ကုန်ကျစရိတ်ကို ကျော်မှ ရမယ် ။ ကျော်အောင် မလုပ်နိုင်သေးသ၍ လုပ်ငန်းဟာ အရှုံးပြနေတာပဲ ။ ရှုံးတာမှ ငွေတင် မကဘူး ။ တန်ဖိုးရှိတဲ့ ကိုယ့်ရဲ့ အချိန်တွေပါ ရှုံးနေနိုင်တာ ။ ( အရှုံးကနေ ယူတတ်ရင် ရလာမယ့် သင်ခန်းစာတွေ အတွေ့အကြုံတွေကတော့ အဖိုး မဖြတ်နိုင်အောင်ပါပဲ ။ ) ၅။ လစဉ် ဝင်ငွေက လစဉ် ထွက်ငွေကို ကျော်လာပြီမို့လည်း ကိုယ့်လုပ်ငန်းက မြတ်နေပြီ မထင်နဲ့ ။ စစချင်း အရင်းအနှီး ပြန်မရသေးဘူးလေ ။ ဥပမာ တွက်ပြမယ် ။ လုပ်ငန်း တစ်ခုမှာ စစချင်း သိန်း ၁၀၀ ရင်းထားရတယ် ဆိုပါစို့ ။ လစဉ် စရိတ် အနေနဲ့ ဒီလို အကြမ်းဖျဉ်းတွက် ကြည့်ရအောင် ။ - သာမန် ဝန်ထမ်း ၈ ယောက် ( ၁၂၀,၀၀၀ * ၈ = ၉၆၀,၀၀၀ ) - အလယ်ဆင့် စီမံ ဝန်ထမ်း ၁ ယောက် ( ၃၅၀,၀၀၀ ) - အဆင့်မြင့် စီမံ ဝန်ထမ်း တစ်ယောက် ( ၆၀၀,၀၀၀ ပေးသင့်ပေမယ့် ကိုယ်ပဲ ဝင်လုပ်နေလို့ မပေးရဘူး ဆိုပါတော့ ) - နေရာ စရိတ် ( ၅၀၀,၀၀၀ ) - လစဉ် ရေမီး/သွားလာ/ဆက်သွယ်စရိတ် ( ၁၀၀,၀၀၀ ) ကဲ အားလုံးစုစုပေါင်း တစ်လကို ၁၉ သိန်းလောက် ကုန်ကျနေရတယ် ဆိုပါစို့ ။ ကိုယ့် လုပ်ငန်းက ၁၅ သိန်းပဲ ရှာနိုင်ရင် တစ်လ ကို ၄ သိန်း + ကိုယ့်လုပ်အားခ ၆ သိန်း ရှုံးနေတယ် ။ ကိုယ့် လုပ်ငန်းက ၂၅ သိန်း ရှာနိုင်ရင် တစ်လကို ၆ သိန်း မြတ်နေသယောင် ထင်ရပေမယ့် ကိုယ့် လုပ်အားခ ထည့်တွက်ရင် အရင်းပဲ ။ ကိုယ့် လုပ်ငန်းက ၃၅ သိန်းလောက် ရှာနိုင်မှ တစ်လကို ၁၀ သိန်းလောက် တကယ် မြတ်နေတာ ပါ ။ ဒါပေမယ့် လစဉ် အမြတ်နော် ။ လုပ်ငန်းက မမြတ်သေးဘူး ။ စစချင်း သိန်း ၁၀၀ ရင်းထားသေးတာကိုး ။ ဒီတော့ တစ်လ ၃၅ သိန်း ရှာနိုင်မှ ( ၁၀ သိန်း အမြတ် ) အဲ့လိုမျိုးလည်း ၁၀ လ ရှာနိုင်မှ လုပ်ငန်းက အရင်း ပြန်ရမှာ ။ အဲ့နောက်ပိုင်းကမှ လုပ်ငန်းက တကယ် စမြတ်မှာ ။ ( ငွေဖောင်းပွတာတွေ / ငွေချေးလုပ်ရလို့ အတိုးတက်တာတွေ ထည့်မတွက်တော့ဘူးနော် ) ၆။ ဒီလောက်ဆိုရင် ကိုယ်ပိုင် လုပ်ငန်း လုပ်နေသူတွေကိုလည်း ညီတို့ ကိုယ်ချင်းစာတတ်လာမှာပါ ။ ကိုယ်သာ သူ့နေရာမှာ ဆိုရင်ရော စမ်းသုံးကြည့်ရမယ့် လူတစ်ယောက်ကို လစာ ဘယ်လောက်ကနေ စ ပေးနိုင်မလဲ ? ဘယ်နှယောက် ခေါ်ခန့်ပေးနိုင်မလဲ ? ၇။ ကိုယ်ပိုင် လုပ်ငန်းဆိုတာ မလုပ်တတ်ရင် ငွေတင်မက အချိန်ရော စိတ်ရော အရှုံးပေါ်သွားတတ်ပါတယ် ။ ဝန်ထမ်းဘဝက လွန်ရော ကျွံရော ရှုံးရင် အချိန်ပါပဲ ။ ဒီတော့ ကိုယ့်က ဝန်ထမ်းဘဝမှာ ကတည်းက လုပ်ငန်းရှင်နေရာက စဉ်းစားပြီး လုပ်ကိုင် ပေးတတ်မယ်ဆိုရင် သူ့ငွေနဲ့ ကိုယ်က အတွေ့အကြုံတွေ ပညာတွေ ဝယ်ခွင့် ရနေသလိုပါပဲ တန်ဖိုးထားစေချင်ပါတယ် ။ အခုလို မျိုး Posts တွေတင် Comments တွေ ပေးပြီး မတော်ရသေးတဲ့ အလုပ်ရှင်တွေ လက်ရှိ အလုပ်ရှင်တွေကို စော်ကားနေတာတွေက ညီ/ညီမတို့ အတွက် ရေရှည် မကောင်းနိုင်ဘူးလို့ အကြံပေးချင်ပါတယ် ။ Social Media ခေတ်မှာ လူတိုင်းဟာ သူ့ရဲ့ နာမည် ဂုဏ်သတင်းကို အရည်အချင်းတွေကို Social Media အသုံးချပြီး ဖော်ထုတ်ပြသနိုင်နေတဲ့ အချိန်မှာ ညီတို့ ဒီလို ရေးနေတာတွေက မထင်မှတ်ပဲ ကိုယ့်တက်လမ်းကို ကိုယ်ပြန် ပိတ်သလို ဖြစ်နေမှာ စိုးလို့ အကို သတိပေးတာပါ ။ ကြိုက်မှ ကိုက်မှ ယူပါ ညီ/ညီမတို့ရေ ... စေတနာဖြင့် #ကိုဇင်ဇေ ပန်းတိုင်တွေ့၍ တွေ့သော ပန်းတိုင် အရောက် လှမ်းနိုင်ကြပါစေ ။ 🙂🙂🙂 ဖြည့်စွက်ချက် ။ ဘွဲ့ရကာစ လုပ်ငန်းအတွေ့အကြုံ လုံးဝမရှိသေးချိန်မှာ ရလေ့ရှိတဲ့ လစာ ၁ သိန်း ကျော်နဲ့ အသုံးစရိတ်မလောက်လို့ပါ ဆိုတဲ့ Comments တွေ ဖတ်ရတော့ ထပ် ဖြည့်ပြောစရာ ပေါ်လာပြန်ပါတယ် ။ လက်တွေ့ စီးပွားရေးလောကမှာ လုပ်အားခဆိုတာက အလုပ်လုပ်တဲ့ လူ / ဝန်ထမ်းတစ်ယောက်ရဲ့ အသုံးစရိတ် လောက်မလောက်ကို တွက်ပြီးပေးတာ မဟုတ်ပါဘူး ညီ ။ ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်ပြီးမြောက် ထိရောက်မှုနှုန်းကို ကြည့်ပြီး ပေးကြတာမျိုးပါ ။ ( ခါးသီးလည်း အမှန်တရားပဲမို့ လောလောဆယ်မှာ လက်ခံထားလိုက်ပါ ။ ဒီ အချက်ကို ပြင်နိုင်ဖို့ နိုင်ငံနဲ့ ချီပြီး ပြုပြင် ပြောင်းလဲမှုပေါင်းများစွာ ပညာသားပါပါ လုပ်ရဦးမှာပါ ။ ) ( တကယ် အရည်အချင်း တက်လာတဲ့ လူတော်တွေကို မင်းတို့ တစ်လ အသုံးစရိတ် လောက်နေပြီပဲ လစာ တိုးမယူနဲ့တော့ လို့ ပြောရင် ထွက်ကုန်မှာပေါ့ ။ ဟုတ်ဘူးလား ? ) ( ဘွဲ့ရ အတွေ့အကြုံ မရှိသေးလို့ ) တစ်လ ၁ သိန်းကျော်နဲ့ စပေမယ့် တကယ် ကြိုးစားတဲ့ ဝန်ထမ်းရဲ့ အရည်အချင်းက ရပ်နေမှာမှ မဟုတ်တာ ။ တက်လာမှာပါပဲ ။ အရည်အချင်း တက်လာလို့ အလုပ်ပြီးမြောက် ထိရောက်မှု နှုန်းတက်လာရင် လစာလည်း တက်လာမှာပါပဲ ။ ( အဲ့ဒါကိုမှ တိုးမပေးရင်တော့ အလုပ်ရှင်က ခေါင်းပုံဖြတ်တဲ့ သဘော ဖြစ်နေပြီ ) ဒါဆို အလုပ် နောက်တစ်ခု ပြောင်းပေါ့ ။ တကယ် အရည်အချင်း ရှိသွားရင် အလုပ်ကို ပြူးတူးပြဲတဲ လိုက်ရှာနေစရာမလိုပဲ အေးဆေး ကိုယ်နဲ့ ကိုက်တဲ့ အလုပ်ကို ပြန်ရွေးလုပ်နိုင်လာပါလိမ့်မယ် ။ ဝန်ထမ်းဘဝမှာ အောင်မြင်ချင်ရင် ရေတို လစာကို မမက်ပဲ လုပ်ငန်းခွင် ပညာ နာမည် ဂုဏ်သတင်း အဆက်အသွယ် ကောင်း တွေ ရဖို့ကို ပို ဦးစားပေး စဉ်းစားသင့်တာပါ ။ 🙂 တကယ် တော်တဲ့ ဘွဲ့ရ ဝန်ထမ်းတွေက စလုပ်ကာစ မှာ ၁ သိန်း စွန်းစွန်းနဲ့ စရင်တောင် ၃ နှစ်လောက် ကြာရင် ၃-၅ သိန်း ၅ နှစ်လောက် ကြာရင် ၅-၇ သိန်း ၁၀ နှစ်လောက်ကြာရင် ၇-၁၂ သိန်းလောက် အနည်းဆုံး ရနိုင်ပါတယ် ။ လိုအပ်တဲ့ အရည်အချင်းတွေတော့ ဖြည့်နေ ရမှာပေါ့ 🙂 ( တကယ် ကြိုးစားပြီး ဝန်ထမ်းအနေနဲ့ ၁၀ နှစ်လောက် လုပ်လာတဲ့ လူ တစ်ချို့မှာ ကိုယ်ပိုင်လုပ်ငန်း လုပ်နိုင်လာလောက်တဲ့ အတွေ့အကြုံ / အဆက်အသွယ် / ငွေရင်း နဲ့ ပညာလည်း ရှိနေလောက်ပါပြီ ။ အဲ့ကျရင် ကိုယ်ပိုင် အလုပ်ကို တည်ထောင်ပြီး အောင်မြင်အောင် လုပ်ကြတော့တာပေါ့ ) 🙂