Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, October 3, 2017

တွေ့ခဲ့ဖူးတဲ့ S-Nature


တွေ့ခဲ့ဖူးတဲ့ S-Nature

S-Nature အကြောင်းရေးချင်ပေမယ့် သိတဲ့သူသိပ်မရှိလောက်ဖူးထင်လို့ မရေးဖြစ်ခဲ့ဘူး။ အခုမှ ကိုဇင်ဇေက အဲ့နာမည်ကို menrion လုပ်လို့ သိခဲ့ကြတာပဲ ဆိုပြီး ရေးဖြစ်တာပါ။ S-Nature အကြောင်း up to down အားလုံးသိတာမဟုတ်ပေမယ့် သိခဲ့သမျှလေးကပဲ တချို့တွေအတွက် သတိထားစရာဖြစ်မယ်ဆို အကျိုးရှိတာပေါ့။

၂၀၁၁ လောက်ကပါ။ သူငယ်ချင်းတယောက်ပဲ ထားပါတော့ သူက ကိုယ်နေတဲ့အဆောင်ကို ဖုန်းဆက်တယ်။ သူလုပ်ငန်းတခု တွေ့ထားတယ် တဲ့။ ဝင်ငွေလဲကောင်းတယ် လက်ရှိအလုပ်မပျက်ဘဲ လုပ်လို့ ရတယ်တဲ့။ အခု သူ့သူငယ်ချင်း သင်္ဘောသားကကလုပ်နေပြီတဲ့။ သူလဲ လုပ်မလို့တဲ့။ သူ့သူငယ်ချင်းသင်္ဘောသားဆိုတာက သင်္ဘောသားပေါက်စ မဟုတ်ဘူးနော် ရာထူးတခု ရပြီးတဲ့သူ။ ပြောရရင် သင်္ဘောသားလုပ်ရတာကိုလဲ ငြီးငွေ့ပြီး မြေပေါ်ကအလုပ်ကို ပြောင်းလုပ်ချင်တဲ့သူပေါ့။ အဲလိုလူတွေကိုပဲ သူတို့က သားကောင်ထားသလားမပြောတတ်ဘူး။ အချဉ်မဟုတ်ပေမယ့် စိတ်အခံလေးက မသိမသာအားနည်းချက်ရှိတဲ့အခါ 1)ဝင်ငွေအများကြီးရမယ် 2)အိုးမကွာအိမ်မကွာနေရမယ် 3)အချိန်အများကြီးမပေးရဘူးဆိုတဲ့ လုပ်ငန်းကို စိတ်ဝင်စားသွားတယ်။ သူတို့ကလဲ အဲ့အညှာကိုကိုင်တာပဲ။ ပြီး အရင်က MLM ဆိုတာကို မတွေ့ဖူးတဲ့အခါ ဟုတ်နိုးနိုးထင်သွားကြတယ်။

ကိုယ့်သူငယ်ချင်းကလဲ အဲ့အချိန်ကတောင် လစာ ၄သိန်းကျော်ရတဲ့ကုမ္ပဏီဝန်ထမ်းတယောက်ပါ။ မန်နေဂျာlevel ရှိတဲ့သူ။ ပြောရရင် လက်ရှိအလုပ်မှာလဲ Struss များပြီး နိုင်ငံခြားထွက်ဖို့ကြိုးစားနေတဲ့အချိန်။ သူလဲ အပေါ်ကအချက်၃ချက်မှာ မျောသွားတာပဲ။ သူကပြောသေးတယ် အခွင့်အလမ်းကောင်းတခုကို သူတွေ့ပြီ တဲ့။ ဒီအလုပ်သာအဆင်ပြေသွားရင် သူနိုင်ငံခြားမသွားတော့ဘူး တဲ့။ ကိုယ်က သူပြောတာနဲ့သိတယ်။ နယ်ကအမျိုးတွေထဲမှာ ရှိုင်းဟုတ်နဲ့ခံရဖူးတဲ့သူရှိတာကိုး။ လင်းဇီးရောင်းတဲ့ဟာလားဆို တန်းမေးတော့ မဟုတ်ဘူး တဲ့။ ဈေးရောင်းတဲ့ဟာမျိုးမဟုတ်ဘူး တဲ့ အဲဒါဆို ပိုက်ဆံဘယ်ကရမလဲ ဆိုတော့ သင်္ဘောသားကဝင်ပြောတယ်။ သူတို့ပြောရင် မရှင်းဘဲနေလိမ့်မယ် ဒီတပါတ်ရုံးမှာ meeting ရှိတယ် လိုက်ခဲ့ပါတဲ့ သူ့ထက်သိတဲ့လူတွေ ရှင်းပြလိမ့်မယ် တဲ့။ ကိုယ့်သူငယ်ချင်းက သူလဲသွားမှာတဲ့ သူက အဲ့meeting မှာမှ member ဝင်မှာ လိုက်လေ့လာပါ တဲ့။

အဲဒါနဲ့ meeting ကိုလိုက်သွားလိုက်တယ်။ ပြောရရင် ဈေးမရောင်းရဘူး ဆိုတာကို စိတ်ဝင်စားတာရော ရှိုင်းဟုတ်တုန်းကလဲ ကြားသာကြားဖူးတာ မဝင်ခဲ့ဘူးတော့ သေချာမသိတာကြောင့်ရော လေ့လာကြည့်မယ်ဆို လိုက်သွားတာ။

တိုတိုပြောရရင် Member ဝင်တဲ့ plan က ၃မျိုးရှိတယ်။ ၅သောင်း ၂သိန်းနဲ့ ၅သိန်း။ အဲ့တန်ဖိုးနဲ့ညီမျှတဲ့ ပစ္စည်းတွေပေးတယ်။ ဝယ်ရတယ်ပေါ့။ ရတဲ့ပစ္စည်း ၅သောင်းဖိုးကလဲ ဘာမှန်းမသိတဲ့ အားတိုးတယ်ဆိုတဲ့ ဆေးရည်ပုလင်းပါ။ ကိုယ့်အောက်မှာ member ၂ယောက်ပဲ ခေါ်ခွင့်ရှိတယ်။ ၂ယောက်ထက်ပိုခေါ်လို့မရဘူး။ ကိုယ်ခေါ်တဲ့သူက ၅သောင်းplan ဝင်ရင် ကိုယ်က ၅၀၀၀ ချက်ချင်းရတယ်။ ၂သိန်းplan ဝင်ရင် ၂သောင်း၊ ၅သိန်းဝင်ရင် ၅သောင်း။ ရာထူးချင်းလဲမတူဘူး။ ၅သိန်းနဲ့ဝင်တဲ့သူက ရာထူးအတတ်မြန်တယ်။ ကျန်တာကတော့ ကိုယ့်ပစ္စည်းဖြုန်းနိုင်အား၊ ကိုယ့်အောက်ကလူတွေပစ္စည်းဖြုန်းနိုင်အား လူဆင့်ပွားနိုင်အားတွေပေါ်မူတည်ပြီး ရာထူးတွေဝင်ငွေတွေ တတ်တာပေါ့။ ဈေးမရောင်းရဘူးလို့စကားခံထားပေမယ့် အားလုံးအတူတူပါပဲ။

ပြီးတော့ အဲ့ဒီငွေတွေကို ကိုယ်တိုင်ထုတ်လဲ ရတယ် ကိုယ်ပေးချင်တဲ့သူရဲ့ ဘဏ်အကောင့်ကိုလဲလွှဲပေးတယ်။ သူတို့အပြောအရ မိဘကို လုပ်ကျွေးနိုင်တယ် ပေါ့။ အဲ့အန်တီကြီးက ကိုယ့်သူငယ်ချင်းကိုပြောသေးတယ် "ဒီမှာ မင်းကိုမိတ်ဆက်ပေးတဲ့အတွက် သူကသူ့အမေကို ၅၀၀၀ ကန်တော့နိုင်ပြီနော်။ မင်းလဲအဲလိုပေးနိုင်အောင် ကြိုးစား" တဲ့။ သူတို့က ဇောနဲ့မို့သတိမထားမိပေမယ့် ကိုယ်ကရီတာပေါ့။ တလသိန်းချီအမေကိုပေးနေတဲ့လူတွေခမျာ ၅၀၀၀ အတွက်နဲ့ အပြောခံနေတယ်။ သူတို့က ကိုယ့်ကိုပါ တခါတည်းဝင်စေချင်တာ။ ကိုယ်က လေ့လာဦးမယ်လို့ ရှိုင်းဟုတ်မှာလဲ ဒါမျိုးတွေ့ဖူးတယ်လို့ ပြောတော့ အင်မတန်သဘောကောင်းတဲ့အန်တီကြီးဟာ ရှူးရှူးရှားရှားတွေ ထဖြစ်ပြီး သူတို့နဲ့ ရှိုင်းဟုတ်မတူတဲ့အကြောင်း သူတို့ကသာ ဘယ်လောက်ခိုင်မာကြောင်းတွေပြောတယ်။ ခဏနေ meeting တတ်ကြည့်ရင်တွေ့လိမ့်မယ် တဲ့။

Meeting စပါပြီဆိုကတည်းက စတတ်ပြောတဲ့လူက သင်္ဘောအရာရှိတဲ့။ အခုတော့ S-Nature မှာ ရာထူးတော်တော်မြင့်ပြီး တလ သိန်း၅၀လောက်ဝင်သတဲ့။ ပြီးတော့လဲ အရင်ကဘယ်လိုပင်ပန်းခဲ့ကြောင်း အခုဘယ်လိုအဆင်ပြေလာတဲ့အကြောင်းတွေ တယောက်ပြီးတယောက်တတ်ပြောကြတာပါ။ အလွှာစုံကလူတွေပါပြီး လူတိုင်းဟာ တသားတည်းဖြစ်တဲ့အကြောင်း ဒီလုပ်ငန်းမှာပညာအရည်အချင်း မလိုတဲ့အကြောင်း တွေလဲပြောကြတယ် ကိုယ်တွေကတော့ လက်ခုပ်တီးရတာပေါ့။ အဲ့ထဲမှာ ထူးခြားတဲ့တယောက်ကို သတိထားမိတယ်။ ၁၉နှစ်ပဲရှိသေးတဲ့ ကျောင်းသားလေး။ ရှမ်းပြည်ဘက်ကတဲ့ သူကလဲ ကျောင်းတတ်ရင်းနဲ့တောင် ဘယ်လိုတွေဝင်ငွေကောင်းတဲ့အကြောင်း ကြိုးစားရင် လူတိုင်းဖြစ်နိုင်ကြောင်း အားလုံးသူ့လိုပဲဝင်သင့်ကြောင်းတွေ တတ်တတ်ကြွကြွပြောသွားတယ်။ ပြီးတော့ လူတိုင်းပြောသွားတဲ့စကားပေါ့။ သူတို့က လူတွေကို ကူညီနေတာ တဲ့။

ပြောတဲ့လူအားလုံးက ဖြူဖြူချောချောလေးတွေချည်းပဲ လက်ရွေးစင်တွေပေါ့။ တခုထူးခြားတာက တယောက်ကိုပြောဖို့နာမည်ခေါ်လိုက်ပြီဆို ပရိသတ်ခုံတွေနောက်ကနေ ပြေးထွက်လာကြတာ။ ကိုယ်လဲပထမ၁ယောက်၂ယောက်တုန်းက အော် သူတို့ပြောရမှာမှန်းမသိလို့ ဝေးတဲ့နေရာရောက်နေလို့ လို့ထင်တာ။ နောက် လူတိုင်းနီးပါးပြေးလာမှ မသင်္ကာလို့ လှည့်ရှာတော့ သူတို့က ဟိုအနောက်မှာ တအုပ်စုလုံး တမင်သွားရပ်နေတာပဲ။ ခေါ်ခါနီးရင် ပြေးဖို့တောင် ခြေလှမ်းတွေပြင်ပြီး အရှိန်ယူရသေးတာ။ အံ့ရော

အားလုံးလဲပြောပြီးရော သူတို့သီချင်းတွေသံပြိုင်ဆိုကြသေးတာ။ သူတို့သီချင်းကလဲ နာမည်ကြီးသီချင်းတွေကို သူတို့စာသားတွေပြောင်းထည့်ထားတာ။

ကိုယ့်သူငယ်ချင်းလဲ သူ့down line တွေရှာဖို့ကျလဲ နှုတ်ကမရဲ စီစဉ်လက်စလေးလဲ ရပ်လို့မဖြစ်ဆိုတော့ ယက်ကန်ယက်ကန်နဲ့ စင်္ကာပူရောက်သွားရှာတယ်။ မသွားခင် သူ့မှတ်ပုံတင်မိတ္တူပေးပြီး S-Nature မှာ အသင်းဝင်ကဒ်ထုတ်ပေးဖို့ အကူအညီတောင်းခဲ့သေးတာ။ ကိုယ်လဲ သွားပေးပါတယ်။ အဲ့အန်တီကြီးနဲ့ပဲတွေ့တယ်။ သူက ကိုယ့်မြင်တော့ ဝမ်းသာအားရနဲ့ "သမီး mumber ဝင်တော့မလို့လား" တဲ့။ မဟုတ်ဘူး လို့ သူက ကဒ်ထုတ်ခိုင်းလို့လာတာ ဆိုတော့ သူကဘာလို့မလာတာလဲ တဲ့။ စင်္ကာပူသွားပြီ လဲ ဆိုရော ဟုတ်လား ဆိုပြီး အချိုးတခါတည်းပြောင်းသွားတာ ဆိုတာ ကဒ်ကိုစာရေးမဆီသွားထုတ်လိုက်လေ ဆိုပြီး ခါခနဲနေတာပဲ လှည့်ထွက်သွားတာ။ အပြန်နှုတ်ဆက်ဖို့တောင် ရှာမတွေ့တော့ဘူး။

ဘာပဲပြောပြော ကိုယ်သူငယ်ချင်းလဲ အများကြီး မဆုံးရှုံးလိုက် ဘဲ အဲလောက်နဲ့ ဇာတ်လမ်းပြတ်သွားတာပဲ တော်သေးတယ်ပြောရမှာပေါ့။ ဒါတောင် ၅သောင်း ၅သောင်းပါသွားတဲ့သူတွေ ဘယ်နှယောက်များရှိမလဲမသိဘူး။ ကိုယ်တွေသွားတဲ့ရုံးက လှိုင်မှာ လုံးခြင်းငှားထားတာ။ နောက်တော့ တာမွေSSC နားမှာ တိုက်တလုံးငှားပြီး သူတို့ဆိုင်းဘုတ်တပ်ထားတာတွေ့လိုက်သေးတယ်။ နောက်ပိုင်းအဲ့နေရာလဲ သူတို့ဆိုင်းဘုတ်မဟုတ်တော့ပါလားလို့ တွေးနေတာ ။ ကိုဇင်ဇေပြောမှ ပျက်သွားပြီမှန်းသိတယ်။

https://m.facebook.com/groups/521691951357295?view=permalink&id=724933067699848
ဂရုအတွက် အသုံးတည့်ပါ့မလားမသိပေမယ့် ကြုံဖူးတာလေးမျှဝေတာပါ