Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, October 11, 2017

Success Ko Latt Motivation



တချို့တချို့သောလူတွေက သင့်ကို မနာလိုကြလို့ အထင်သေးကြလို့ မယုံကြည်ကြလို့ အကောင်းမမြင်ကြလို့ ဒါမှမဟုတ် သင့်အလုပ်ကို ဝေဖန်တိုက်ခိုက်နေကြလို့ စိတ်ဓာတ်ကျနေတယ် ဆိုရင် ဒီစာလေးကို ဆုံးအောင်ဖတ်စေချင်တယ်။
ပထမဦးဆုံး ဘယ်သူမှားနေလဲဆိုတာကို ကျွန်တော်ရှင်းပြပေးမယ်။
သေချာတာက သင့်ကို ဝေဖန်နေသူတွေ ကဲ့ရဲ့နေသူတွေ လုံးဝမမှားပါဘူး။ ဒါက သာမာန်လူတွေ လုပ်ရိုးလုပ်စဉ် နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့အလုပ်ကို ထုံးစံအတိုင်း သူတို့တွေ လုပ်နေကြတာပါ။
ဒီမှာတကယ်တမ်းမှားနေသူက သင့်ကို ဒါမှမဟုတ် သင့်အလုပ်ကို တလောကလုံးက အကောင်းမြင်စေချင်နေတဲ့ သင်ကိုက မှားနေတာပါ။
ဒီလိုပြောလိုက်လို့ စိတ်ဓာတ်ကျနေတာကို အားမပေးတဲ့အပြင် လာအပြစ်တင်နေတယ်ဆိုပြီး ကျွန်တော့်ကို စိတ်ဆိုးမစောလိုက်ပါနဲ့ဦး။
မိတ်ဆွေကိုကျွန်တော် အပြစ်တင်နေတာမဟုတ်ပါဘူး။ မိတ်ဆွေဖြစ်ချင်တဲ့ ပုံစံမျိုး မိတ်ဆွေဖြစ်ချင်တဲ့ ဆန္ဒမျိုး ဒီလောကထဲမှာ မရှိသေးတာကိုပြောချင်တာပါ။
ကျွန်တော်မေးမယ့် မေးခွန်းကို သေချာလေးစဉ်းစားပြီး ဖြေပေးပါ။
ဒီကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံးလို့ လူအများစု သတ်မှတ်ထားကြတဲ့ သခင်ယေရှုတို့ တမာန်တော်မိုဟာမက်တို့ ဂေါတမမြတ်စွာဘုရား တို့လို မြင့်မြတ်တဲ့သူတွေကိုတောင် လူတိုင်းလက်ခံပါသလား။ လူတိုင်းယုံကြည်ပါသလား။ လူတိုင်း အကောင်းပြောပါသလား။
မိတ်ဆွေဘက်မလိုက်ပဲ သေချာစဉ်းစားကြည့်ပါ။
Facebook ပေါ်မှာ ဒီလိုမြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကို နေ့စဉ်နဲ့အမျှ ဆဲရေးတိုင်းထွာနေတာ မိတ်ဆွေကိုယ်တိုင်မြင်ဖူးမှာပေါ့။
(ခုတောင်မိတ်ဆွေ စိတ်ထဲမှာ ကိုယ် ကိုးကွယ်ယုံကြည်တဲ့သူကို ကျန်တဲ့ ပုဂ္ဂိုလ် ၂ဦးနဲ့ တတန်းထဲထားပြီး မြင့်မြတ်သူလို့ ပြောသွားတာ နဲနဲတော့ စိတ်ခုမှာ အမှန်ပဲ)
မိတ်ဆွေစိတ်ကို မိတ်ဆွေ မြင်အောင် ပြန်ကြည့်ပါ။ ကျွန်တော်ပြောတာမြင်ပြီလား။ သူတို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်ပါ။ ခုချိန်မှ ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်ပြီး ကိုယ်ကိုးကွယ် ယုံကြည်တဲ့ပုဂ္ဂိုလ်ရဲ့ နာမည်ကိုရွတ်ပြီး သူတောင် မရခဲ့တဲ့အရာကို ငါရချင်နေတာ ငါတော်တော် ရူးတာပဲလို့ ပြောရဲပြီလား။
ဟောဒီကမ္ဘာမြေပေါ်မှာ လူတိုင်းကလက်ခံပြီး တလောကလုံးက မှန်ပါတယ်လို့ ထောက်ခံတဲ့လူ ထောက်ခံတဲ့အလုပ် ထောက်ခံတဲ့အယူအဆ အယူဝါဒ အရင်ကလည်း မရှိဘူး။ ခုလည်းမရှိသေးဘူး။
ဘယ် အောင်မြင်တဲ့ပုဂ္ဂိုလ် ဘယ် အောင်မြင်တဲ့ လုပ်ငန်းမဆို ဝေဖန်ခံရခြင်းက မလွတ်ကင်းနိုင်ဘူး။ မယုံဘူးဆိုရင် မြန်မာနိုင်ငံမှာ ဒီနေ့အအောင်မြင်ဆုံးနဲ့ တနိုင်ငံလုံးနီပါး ချစ်ကြတဲ့ သရုပ်ဆောင်ကိုကြည့်လိုက် ဒါမှမဟုတ် အချမ်းသာဆုံး Top Ten သူဌေးတွေကို ကြည့်လိုက် ဒါမှမဟုတ် ကိုယ်ကျိုးစွန့် ပရဟိတ ဆောင်ရွက်နေသူတွေကိုကြည့်လိုက် သူတို့တောင် ဝေဖန်ခံရခြင်းက လွတ်လားဆိုတာ။
နောက်ဆုံး ကိုယ့်အသက်ကိုပါ စွန့်လွှတ်ပြီး နိုင်ငံကောင်းကျိုးအတွက် ကြိုးပမ်းခဲ့ကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေရော ဝေဖန်ခံရခြင်းကလွတ်လား။ ကျွန်တော်ပြောတာ သေချာပြန်စဉ်းစားကြည့်ပါ။ ကိုယ်ရော သူတို့လောက် ပေးဆပ်နိုင်ပြီမို့လား။ ခုချိန်မှာ ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်ပြီး ကိုယ်လေးစားတဲ့ ခေါင်းဆောင်နာမည်ကို ရွတ်ပြီး သူတောင် အဆဲခံရသေးတာ ငါဆဲခံရတာ နဲတောင်နဲသေးတယ်လို့ ပြုံးပြုံးလေး ပြောနိုင်ပြီလား။
ဝေဖန်ခံရခြင်းဆိုတာ အောင်မြင်ခြင်းရဲ့ သင်္ကေတ တစ်ခုပဲ။ သင့်ကို ဒါမှမဟုတ် သင့်ရဲ့အလုပ်ကို လူတွေ ဝေဖန်ပြီဆိုရင် အောင်မြင်နေပြီလို့ ဝမ်းသာလိုက်တော့။ သင်သာ ဘာကောင်မှ မဟုတ်ရင် သင့်အကြောင်း သင့်အလုပ်အကြောင်းကို အဖက်လုပ်ပြီး သူတို့ပြောကြမှာ မဟုတ်ဘူး။
အဲဒီ မနာလိုခြင်း အထင်သေးခြင်း ဝေဖန်ခြင်း ဆိုတဲ့အရာကို ကြံ့ကြံ့ခံကျော်လွှားပြီး ကိုယ်ယုံကြည်ရာကို ပျော်ပျော်ရွှင်ရွှင် ဆက်လုပ်သွားရင် တစ်နေ့မှာ သင်ဟာ သင့်ကို ဝေဖန်နေသူတွေကို သနားစရာ သတ္တဝါလေးတကောင်လို ပြုံးပြုံးလေး ကြည့်နေနိုင်မှာပါ။
ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကိုလတ်
https://www.facebook.com/groups/myanmarmlmtruth/permalink/729575597235595/