Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, November 6, 2017

Jude Jude lobby


Unicode
အခု Jude Jude တို့ ဘက်က လူတွေက
သပ်သျိှု ဝင်လာပြီး
ကျွန်တော်တို့ AntiMLM Group တစ်ခုလုံးကို
သိမ်းကျုံးပြီး သိက္ခာချနိုင်ဖို့
မကြာခဏ လာ ကြိုးစားနေတာ
သတိထားမိပါတယ် ။
သူတို့ ပြောနေကျ စကားက
တခြား ရှယ်ယာ ခေါ်သူတွေကို မဝေဖန်ပဲ
သူတို့ Jude Jude ကိုပဲ
ဘာလို့ လိုက် ဝေဖန်နေတာလဲပေါ့ ။

အဲ့ကိစ္စကို ရှင်းပြပြီးသားကိုလည်း
မေ့ချင်ယောင် / မသိချင်ယောင် ဆောင်ပြီး
ထပ် ထပ် မေးနေ / ရေးနေတာပါ ။
ကျွန်တော်တို့ ပြန်မရှင်းမိတဲ့ ကွန်းမန့်တွေကို
ဖတ်မိသူတွေ တစ်မျိုးထင်အောင်
တမင် သေချာ လာလာ လုပ်နေတာပါပဲ ။

ဘာလို့ Jude Jude ကို နာမည် တပ်ရသလဲဆိုရင်
၁။ သူ့ဆီ ငွေထည့်ထားသူတွေက
စာချုပ်တွေပါ ဓာတ်ပုံရိုက်ပို့ပြီး အကြံတောင်း ထားလို့
( စာချုပ်တွေ မခိုင်မာတာ
ခု အကူးအပြောင်းက သက်သေပဲ ။
၁၀ ရက် ကြိုပြောရင် ငွေပြန်ထုတ်ပေးမယ်ဆိုတဲ့
စာချုပ်ပါ စည်းမျဉ်းကို
မလှိမ့်တစ်ပတ် လုပ်သွားတာလေ )

၂။ တစ်လ အတိုးနှုန်း ၂၀-၃၀% ပေးနေတာက
၃။ သူ လက်ခံထားတယ်လို့ ခန့်မှန်းခြေ သိရတဲ့
သိန်း သောင်းကျော်ငွေရင်းနဲ့ဆိုရင်
၄။ တစ်လကို အတိုးပေးရမယ့် ငွေ
များလွန်းနေတာ ကြောက်စရာ ကောင်းလွန်းလို့ ။

၅။ သူ့လုပ်ငန်းတွေက အဲ့လောက် ငွေတိုးကို
ပုံမှန် ပေးနေနိုင်လောက်အောင်
အောင်မြင်နေတယ်လို့ ယုံနိုင်စရာ လုံးဝမရှိလို့ ။

၆။ တစ်ခုခုဆို အုပ်စုဖွဲ့ပြီး ဘက်ပေါင်းစုံက
နည်းပေါင်းစုံနဲ့ တိုက်ခိုက်တတ် /
တရားစွဲမယ် ဘာညာ ခြိမ်းခြောက်တတ်လို့

၇။ ကာယကံရှင်က လုပ်ငန်းနဲ့ လည်ပတ်ငွေတွေ
အပေါ်မှာ ပွင့်လင်းမြင်သာမှု အနည်းဆုံးလို့
ငွေထည့်ထားသူတွေ ပြောစကားအရ သိထားလို့ ။

ဒါတွေပဲဗျာ ။ ကျန်တဲ့လူတွေကိုလည်း
အဲ့အချက်တွေနဲ့ ကိုက်နေရင်
ကျွန်တော်တို့ သတိပေးထောက်ပြနေမှာပဲ ။

ကျွန်တော့်အနေနဲ့တော့
ဘယ်သူ့ဆီကမှ / ဘယ် ရှယ်ယာ ခေါ်သူဆီကမှ
ဘာ အကျိုးအမြတ်မှ မယူထားကြောင်း /
လူများစု နစ်နာမှာစိုးလို့ သာ
သတိပေးနေတာ ဖြစ်ကြောင်း
အချိန်မရွေး ရှင်းရဲတယ် ။
သစ္စာဆိုရဲတယ်ဗျ ။

ဝင်ပြောနေသူ အများစုလည်း
ကျွန်တော်တို့လို လူတွေ ပဲ ။

ကျွန်တော်တို့က ရှယ်ယာ ခေါ်သမျှလူတွေကို
လိုက်ဆန့်ကျင်နေတာ မဟုတ်ဘူး ။
အဲ့လိုလည်း မလုပ်သင့်ဘူးလို့
ကျွန်တော့် အနေနဲ့ မြင်တယ် ။
( အဲ့လိုမှ မခေါ်ရင် လက်တွေ့မှာ
လုပ်ငန်း ချေးငွေရဖို့
လုပ်ရ ခက်နေတာတွေ ရှိတယ် ဆိုတာ
ကျွန်တော်တို့ နားလည်တယ် )
ကျွန်တော်တို့ ရထားတဲ့ သတင်း တွေ /
သက်သေတွေ အရ
တစ်ခုခု ဖြစ်နိုင်ချေ ဆုံးရှုံးနိင်ချေ များတဲ့လူတွေကို
သတိပေး ထောက်ပြနေကြတာ ။

အောက်မှာ ကျွန်တော် အရင်ကတည်းက
ရေးတင်ပေးထားတဲ့
👉 ရှယ်ယာ ထည့်လိုသူတွေ အတွက် ရော
👉 ရှယ်ယာ ခေါ်လိုသူတွေ အတွက်ပါ
အကြံပြုချက်တွေ ပါတယ် ။
မဖတ်ရသေးရင် သေချာ ဖတ်စေချင်တယ် ။
နောင် ရှယ်ယာခေါ်တာ ကြုံတိုင်းမှာ
အဲ့အချက်တွေကို ထည့် စဉ်းစားစေချင်ပါတယ် ။

စေတနာဖြင့်
#ကိုဇင်ဇေ
••••••••

❗️ရှယ်ယာ ထည့်လိုသူတွေအတွက် ❗️

ဘယ်သူ့ ဆီ ငွေ ထည့်ထည့် ပါ ။
ဒါတွေ သတိထား ။

၁။
အခု အွန်လိုင်းကနေ အများစု လုပ်နေတာတွေက
ရှယ်ယာခေါ်နေတာ မဟုတ်ဘူး ။
လုပ်ငန်းပြပြီး ယုံကြည်မှုနဲ့
ငွေချေးနေတာပါ ။
ယုံရင် ချေးပေးလိုက် ။
မယုံရင် မချေးနဲ့ ။
( အကြောင်းအမျိူးမျိုးကြောင့် ပြန်မဆပ်ရင် လည်း
အတော် အလုပ်ရှုပ် အချိန်ကုန်ခံပြီး
တရားစွဲရင်တောင် ငွေပြန်ရဖို့ မသေချာဘူးဆိုတာတော့
စိတ်ထဲက ကြိုထည့်ထား )

ပေးတဲ့လူက ငွေရှင် ။
ခိုင်မာတဲ့ အာမခံ တစ်ခုခု တောင်းခွင့်ရှိတယ် ။
မေးမြန်း ပိုင်ခွင့် ရှိတယ် ။

၂။
အစုစပ် လို့ ခေါ်နေတာတွေကလည်း
တကယ် အစုစပ် လုပ်နေတာ မဟုတ်ဘူး ။
ငွေချေးလုပ်တာပဲ ။
မြတ်တူတူ / ရှုံးတူတူ ခံစားကြရမယ်် ဆိုပြီး
ခေါ်နေတာ မဟုတ်ပဲ
နှုန်းသေ အတိုးပေးမယ် လို့
ခေါ်နေတာကို ကြည့်ပေါ့ ။

၃။
သူ လက်ခံထားတဲ့
ငွေရင်း စုစုပေါင်း
လစဉ် ပေးရမယ့် အတိုး စုစုပေါင်း
သူ လုပ်နေတဲ့ လုပ်ငန်း အမျိုးအစားအရ
သူ့ အရည်အချင်း အရ
ရထားတဲ့ / ရနိုင်တဲ့ စျေးကွက် အင်အား နဲ့
လုပ်ငန်း ခန့်မှန်း အရှုံး/အမြတ်တွေကို မသိရပဲ
ငွေထည့်ချင်သပါ့ဆိုလည်း ထည့်သာထည့် ။
ပြီးရင်တော့ ဘုရားမှာ နာနာသာ ဆုတောင်းနေ ။
( ငွေပြန်မရလည်း အနည်းဆုံး ကုသိုလ်တော့ ရနေမှာပေါ့ )

ကျွန်တော် ဆိုရင်တော့
ဒါတွေ သေချာ မသိရရင် မထည့်ဘူး ။
မထည့်စေချင်ဘူး ။

တကယ် ရေရှည် သိက္ခာရှိရှိ လုပ်တဲ့ အစုစပ်တွေဆိုတာ
အစုစပ် ဝင်တွေက မတောင်းဆိုရင်တောင်
လစဉ် သို့မဟုတ် အနည်းဆုံး ၃ လ တစ်ခါတော့
စာရင်းရှင်းတမ်း သေချာ ထုတ်ပေးရမယ် ။
( အချင်းချင်း တောင်
စာရင်း လိမ်ရင်တော့လည်း
နောင် မပတ်သက်သင့်တဲ့လူဆိုတာ
သတိထားပေါ့ဗျာ )

၄။
စာချုပ် စာတမ်း ချုပ်ဆိုပုံနဲ့
စာချုပ်ပါ စာသားတွေ က
တရား ဥပဒေဘောင်အတွင်း
ဝင်ရဲ့လား ဆိုတာကိုလည်း
ပြင်ပ ရှေ့နေနဲ့
စစ်ဆေးသင့်သေးတယ် ။

၅။
အစုစပ် ဘယ်လို
စနစ်တကျ လုပ်ရမလဲ ?
အရင်ကတည်းက ပရဟိတွေ လုပ်တဲ့ /
အခု မြို့မေတ္တာ စားသောက်ဆိုင်ကို
အစုစပ် လုပ်နေတဲ့
ကို Aung Kyaw Moe တို့
လုပ်တာ ကိုင်တာ ကို
မေးကြည့် ။

သတိထားစေချင်လို့ ပြောတာ ။
ကိုယ့်ဘာသာ ချင့်ချိန်ကြပါဗျာ ။

စေတနာဖြင့်
#ကိုဇင်ဇေ

ခြွင်းချက် ။
တစ်ခါတလေမှာ
- စာချုပ်စာတမ်းတွေ
- ခိုင်မာမှုတွေ
- အချက်အလက် ကိန်းဂဏာန်းတွေထက်
ဦးဆောင်လုပ်တဲ့ လူ နဲ့
သူ့ရဲ့ ခံယူချက် / လမ်းစဉ်ကို ကြိုက်လို့
ငွေထည့်ထားတာမျိုးလည်း ရှိကောင်းရှိမယ် ။
ဒါတော့ ကိုယ့် သဘောပဲ ။

ကျွန်တော်ဆိုလည်း အကို တစ်ယောက်စီ
၃၀ လောက် ထည့်ထားတယ် ။
အတိုး ( အမြတ်ခွဲတာ ) လည်း မရသေးဘူး ။
အရင်းလည်း ပြန်ကို မထုတ်ဘူး ။
သူ လုပ်ငန်း တည်ဆောက်နေချိန်မှာ
သူ အာရုံ မနောက်စေချင်လို့ ။

သူ လုပ်နေတဲ့ လုပ်ငန်းမျိုး
မြန်မာနိုင်ငံမှာ သူလို လူမျိုးအနေနဲ့
လုပ်ပေးသင့်တယ်လို့ ထင်လို့ ။
အချိန် ယူကောင်းယူရမယ် ။
ဒါပေမယ့် သူ အောင်မြင်အောင် လုပ်နိုင်မယ် လို့
ယုံလို့ ထည့်ထားပေးလိုက်တာ ။
ဒီလို လုပ်ငန်းမျိုး ဖြစ်ပေါ်လာဖို့
ငါ တတ်နိုင်သလောက် ပါဝင်ပေးလိုက်နိုင်တယ်ဆိုတဲ့
ခံစားချက်ကို လိုချင်လို့ ထည့်ပေးလိုက်တာ ။
ဒါပေမယ့် အဲ့ဒါမျိုး လုပ်တာက ငွေပိုနေမှ အဆင်ပြေမယ် ။
လူတိုင်း အဲ့လို လိုက်လုပ်ဖို့တော့ အကြံမပေးချင်ဘူး ။

•••••••••••

❗️ရှယ်ယာ ခေါ်လိုသူတွေ အတွက် ❗️

တကယ် မှန်မှန်ကန်ကန် လုပ်ငန်းလုပ်ဖို့
အွန်လိုင်းကနေ
အစုစပ် / ရှယ်ယာခေါ်နေပါတယ် ဆိုသူတွေကို
အကြံပေးချင်တာကတော့

၁။
ရှယ်ယာခေါ်တာ
မဟုတ်တဲ့ အတွက်
အဲ့လို မပြောတာ အကောင်းဆုံးပါပဲ ။
လုပ်ငန်းနဲ့ လူကို
ယုံကြည်သူတွေဆီက
ချေးငွေ တောင်းခံတဲ့
သဘောပဲ ကြေငြာပါ ။
ငွေ ထည့်ဝင်မယ့်သူတွေ ယုံကြည်ရလောက်အောင်လည်း
ကိုယ့် အကြောင်းနဲ့
ကိုယ် လုပ်နေတဲ့ / လုပ်မယ့် လုပ်ငန်းအကြောင်း
သေချာ မိတ်ဆက် ရှင်းပြ
ကြေငြာပေးသင့်ပါတယ် ။

၂။
အစုစပ် ဆိုရင်
လုပ်ငန်းအကြောင်း ကို
ပါဝင်သူတိုင်းကလည်း
သိခွင့်ရှိသလို
လည်ပတ်ငွေတွေလည်း
အချိန်မရွေး စစ်ဆေးခွင့်
သူ့မှာ ရှိပါတယ် ။
အဲ့ စစ်ဆေးခွင့်ကို ပေးရမှာပါ ။
( အစုစပ်ဝင်သူများပြီး
တစ်ယောက်တစ်ပေါက် စစ်နေလို့
အပို အချိန်ကုန်မှာ စိုးရင်
အားလုံးနီးပါး စုံနိုင်မယ့် အချိန်ကိုရွေးပြီး
ပုံမှန် စာရင်းရှင်းတာမျိုးလေးတော့ လုပ်ရမှာပါ )

၃။
ပို အရေးကြီးတာက
ရှယ်ယာဆိုရင် လုပ်ငန်းအမည်ပေါက်မှာ ပါဝင်ခွင့်ရှိပါတယ် ။
လုပ်နေတဲ့ လုပ်ငန်းတွေအရ
Company လိုင်စင်တော့ ရှိထားသင့်ပါတယ် ။
မရှိလည်း ၁၅ သိန်းလောက် အကုန်ခံလိုက်ရင်
၂ ပတ်အတွင်း ရပါတယ် ။
အဲ့ဒီ အမည်စာရင်းမှာပါ
ရှယ်ယာရှင်တွေ နာမည်ပါရမှာပါ ။

၄။
ဒါတွေ မလုပ်နိုင်သေးသ၍တော့
အာမခံ ပစ္စည်းမပါပဲ
လုပ်ငန်းနဲ့ လူကို ယုံကြည်မှု သက်သက်နဲ့
ချေးငွေ တောင်းခံနေတဲ့ သဘောပါပဲ ။
ငွေ ထည့်ဝင်သူဘက်က စိတ်ချရအောင်
" ယုံကြည်မှုဖြင့် အပ်နှံခြင်း " ဆိုတာ မျိုးနဲ့
စာချုပ် ထပ် ချုပ်ပေးမှ အဆင်ပြေမှာပါ ။
( ဥပဒအရက
ငွေတိုးယူပြီး ချေးခွင့် တရားဝင် မရှိပဲ
အတိုးယူပြီး ငွေချေးလို့ မရလို့ပါ )

၅။
စာချုပ် နဲ့ စာချုပ်ပါ စာသားတွေဟာ
ဥပဒေဘောင် ဝင်ဖို့ အရေးအကြီးဆုံးပါပဲ ။
စာချုပ်ထဲမှာ စကားလုံးလှလှတွေ
ခိုင်ခိုင်မာမာ ရေးထားပေမယ့်
အဲ့ဒီ အချက်တွေက
ဥပဒေအရ ခွင့်ပြုထားတာကို ကျော်နေရင်
လက်တွေ့ တရားရုံးရောက်တဲ့ အခါ
ဒီ စာချုပ်က ဘောင်ဝင်မှာ မဟုတ်တော့လို့ပါ ။
၂ ဖက် လုံး ရှေ့နေနဲ့ တိုင်ပင် သင့်ပါတယ် ။

ငွေထည့်သူတွေက သိပ်မတတ်နိုင်လို့
နည်းနည်းပဲ ထည့်မယ့် လူတွေဆိုလည်း
ငွေမထည့်ခင် အဲ့လို လူတွေ အရင် စုပေးပြီး
သူတို့ အားလုံးကို ကိုယ်စားပြုမယ့်
ရှေ့နေ / ဥပဒေ အကြံပေးတစ်ယောက်
ရှိထားသင့်ပါတယ် ။
ရှေ့နေစရိတ်ကို မျှခံလိုက်ရင် သက်သာသွားမှာပါ ။
ပို စိတ်ချရတာပေါ့ဗျာ ။

စေတနာဖြင့်
#ကိုဇင်ဇေ

#Warning #Guideline #Tips
#InvestmentScams
#JudeJudeCase

Zawgyi