Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, June 6, 2017

MLM သမား အတော်များများဟာ အပြင်လုပ်ငန်း တွေနဲ့ ဝန်ထမ်း အလုပ်တွေကို ထိခိုက်ပြောဆိုပြီး သူတို့ MLM က ဘယ်လို အားသာကြောင်း ပြောဆို စည်းရုံးနေကြတာ အတော် စိတ်ပျက်စရာပါ ။




https://1.bp.blogspot.com/-iUtolpwpJC4/V85uVx-kE8I/AAAAAAAABcM/iWyTt_iafuI6PqTP3O54fvsec8fExeaSgCLcB/s1600/no-mlm-300x300.png
MLM သမား အတော်များများဟာ
အပြင်လုပ်ငန်း တွေနဲ့ ဝန်ထမ်း အလုပ်တွေကို
ထိခိုက်ပြောဆိုပြီး
သူတို့ MLM က ဘယ်လို အားသာကြောင်း
ပြောဆို စည်းရုံးနေကြတာ အတော် စိတ်ပျက်စရာပါ ။

( အထူးသဖြင့် အလုပ် အတွေ့အကြုံနည်းသေးတဲ့
လူငယ်တွေ / လက်ရှိ လုပ်ငန်းခွင်မှာ လိုအပ်ချက်တွေ
ရှိနေသေးတာကို မဖြည့်ဆည်းနိုင်လို့
တိုးတက်မှု တန့်နေတဲ့ လူတွေဟာ
သူတို့ စကားတွေကို နားယောင်ပြီး
လက်ရှိအလုပ်ထက် MLM က ပိုသာတယ်ဆိုတဲ့ အတွေးမျိုး ဝင်သွားကြရှာတယ် )

ဒီတော့ အပြင် ဝန်ထမ်း အလုပ်နဲ့ MLM ကို
တစ်ချက်လောက် ယှဉ်ကြည့်ရအောင် ။
( လိုတာလေးတွေ ထပ်ဖြည့်ပေးသွားပါဗျာ )

၁။ အပြင် လုပ်ငန်း မှာ အလုပ်ရဖို့
အသင်းဝင်ကြေး ပေးရတယ်
( Mlm မှာ ပေးရတယ် )

အပြင် အလုပ်မှာ လုပ်သက် ၁ နှစ် ပြည့်လို့လည်း
နှစ်စဉ် သက်တမ်းတိုးကြေး ပေးရတယ်
ဆိုတာ မရှိဘူး ။ နှစ်ကုန် ဆုကြေးတောင် ရသေးတယ် ။
( MLM Companies တစ်ချို့မှာ
အဲ့လို နှစ်စဉ်ကြေးကောက်တယ် ။
မပေးရင် ဆက်လုပ်ခွင့်ကို ပိတ်လိုက်တယ် ။
အရှေ့က လုပ်ခဲ့တာတွေ ( ဆုကြေးမယူရသေးတဲ့ လက်ကျန်အမှတ်တွေလည်း
အကုန် ပျောက်ကုန်တာပေါ့ )

၂။ အပြင်လုပ်ငန်းမှာ လစာရဖို့
အနည်းဆုံး ပစ္စည်း ဘယ်လောက်ဖိုး
ဝယ်သုံး/ဝယ်ရင်းပေးရမယ် ဆိုတာ
မရှိဘူး ။
( Mlm မှာ ပေးရတယ် )

၃။ အပြင်အလုပ်မှာ အခု အနိမ့်ဆုံး လူတွေရဲ့
အခြေခံလစာက တောင်
၁ သိန်း ၂ သောင်းလောက် ဖြစ်သွားပြီ ။
( MLM မှာ ကွန်ရက် အောက်ဆုံးက လူတွေရဲ့
ဝင်ငွေက ဘယ်လောက်ရပါသလဲ ?
အတော် များများ ရတဲ့ ဝင်ငွေဟာ
ကုန်ကျတဲ့ စရိတ်စက တွေနဲ့ ပြန်ချိန်လိုက်ရင်
အနှုတ်တောင် ပြနေတာ မဟုတ်လား ? )

 ၄။ အပြင်အလုပ်မှာ
ဝန်ထမ်းတစ်ယောက် ဈေးကွက်သွားဖောက်ရင်
လိုအပ်တဲ့ စာရွက်စာတမ်းကြေး

သွားလာ ဆက်သွယ်စရိတ်တွေကို
Company က ကျခံပေးတာ ။
( MLM မှာက ကိုယ်စားလှယ်တွေက
ဒီ စရိတ်တွေကို
စိုက်သုံးပေးနေရတာ )

၅။ အပြင် အလုပ်မှာလည်း
လုပ်တာကိုင်တာ အဆင်မပြေရင် အလုပ် ပြုတ်မှာပဲ ။
ဒါပေမယ့် အဲ့လို အလုပ် ပြုတ်သွားလို့ ဆိုပြီး
Mlm မှာလို ဝယ်ရင်းထားတဲ့ ပစ္စည်းဖိုးနဲ့ စရိတ်တွေ
ဆုံးသွားပြီး အနှုတ်ပြသွားတာ မဟုတ်ဘူး ။
လုပ်ခဲ့သလောက် လစာရတယ်လေ ။
( အပြင် အလုပ်က အပေါင်း ပြပြီးပဲ
အလုပ်က ထွက်ရမှာ ။
MLM မှာလို ငွေကြေး အနှုတ်ပြတဲ့ အပြင်
တစ်ချို့ မလုပ်တတ်မကိုင်တတ်နဲ့ စွတ်လုပ်လို့
လူမှု ဆက်ဆံရေးပါ ထိခိုက်သွားတာမျိုး မရှိဘူး )

၆။ အပြင်မှာ အလုပ်တစ်ခု ဝင်လုပ်တာက
သေချာလုပ်ရင် နောက် အလုပ်မှာ
အရင် အလုပ်က အတွေ့အကြုံ ရှိလို့ဆိုပြီး
ခံစားခွင့် / လစာ ပိုရနိုင်တယ် ။
နောက် အလုပ်တွေ လျှောက်ရင်
အတွေ့အကြုံ ဘယ်လောက်ပါ ဆိုပြီး ထည်ရေးပြီး
ကိုယ့်ကို အလုပ်ခန့်မယ်လူက
အထင်ကြီးအောင် လုပ်လို့ရတယ် ။
( MLM မှာ လုပ်တာက အဲ့လို လုပ်ငန်းအတွေ့အကြုံ
နေရာမှာ ထည့်ဖို့တောင် ဘောင်မဝင်ဘူး ။
ထည့်လည်း အလုပ်ရှင် ၉၅% ကျော်က ကြိုက်မှာ /
လေးစားမှာမဟုတ်ဘူး )

၇။ အခုဆိုရင် အပြင်အလုပ်က ဝန်ထမ်းတွေဟာ
အလုပ်ရှင်ရဲ့ ထောက်ခံချက်နဲ့
phone အရစ်ကျ ဝယ်နိုင်တာတို့ /
တို့ အသေးစားချေးငွေတို့ကို
ဘဏ်ကနေ တဆင့် ရနိုင်နေပြီ ။
( MLM တွေက ကိုယ်စားလှယ်တွေကိုတော့
ဘဏ်တွေက မယုံလို့
အဲ့လို ချေးငွေထုတ်ခွင့် /
ပစ္စည်းအရစ်ကျ ဝယ်ခွင့်မပေးထားဘူး )

၈။ အပြင်အလုပ်မှာ ရာထူး အဆင့်ဆင့် အလိုက်
အကျိုးခံစားခွင့်တွေ မတူဘူး ဆိုပေမယ့်
အပေါ်လူတွေရဲ့ အကျိုးခံစားခွင့် က ( Mlm မှာလို ) အောက်လူတွေ ရင်းလိုက် ရတဲ့ ငွေပေါ်ကနေ ရတာ မဟုတ်ဘူး ။
အရည်အချင်း / လုပ်သက် / အတွေ့အကြုံတွေအရသာ
အကျိုး ခံစားခွင့်တွေ ကွာသွားတာ ။
( MLM မှာလို အောက်လူတွေ ပြသွားတဲ့ အနှုတ်တွေက
အပေါ်လူတွေမှာ အပေါင်း လာဖြစ်နေနိုင်တာမျိုး
မဟုတ်ဘူး )

၉။ အပြင် အလုပ်မှာ သက်ဆိုင်ရာ နယ်ပယ် လုပ်ငန်းခွင်အရ လုပ်နိုင်ရင် လုပ်နိုင်သလို ကိုယ့် လုပ်ငန်းတွင်းတင် မကပဲ အပြင်လူတွေကပါ လေးစားတာ ခံရနိုင်တယ် ။ ပွဲတိုးပါတယ် ။
( MLM မှာက အောင်မြင်ပါတယ် ဆိုတဲ့ လူတွေတောင်
အပြင်လောကက စီးပွားရေးတွေ့ဆုံပွဲတစ်ခုမှာ
ကျွန်တော် Mlm လုပ်ပါတယ်လို့ ပေါ်တင်ပြောပြီး
မနှုတ်ဆက်ရဲ ကြတာများတယ် ။ )

၁၀။ အပြင် ဝန်ထမ်း အလုပ်ကို လုပ်ကိုင်ရင်းနဲ့ပဲ
ပညာတွေယူ / အတွေ့အကြုံ နဲ့ အဆက်အသွယ်တွေရှာ / ထိုက်သင့်တဲ့ ငွေရင်း ရအောင် စုပြီး
ကိုယ်ပိုင်လုပ်ငန်း တည်ထောင် ပြီး အောင်မြင်အောင် လုပ်သွားနိုင်တဲ့ လူတွေလည်း အများကြီးပါပဲ ။
လက်ရှိ မြန်မာနိုင်ငံမှာရော နိုင်ငံတကာမှာပါ
အောင်မြင်နေသူ အတော်များများမှာလည်း
အဲ့လို ဘဝက လာတဲ့ လူတွေ များပါတယ် ။
( MLM သမားတွေ မှိုင်းသွင်းနေသလို
ဝန်ထမ်းဘဝဟာ မတိုးတက်နိုင်ဘူး ။
မအောင်မြင်နိုင်ဘူးဆိုတဲ့ အတွေးအခေါ်မျိုးဟာ
နောက် လူငယ်တွေ အတွက်
အန္တာရာယ် ကြီးလွန်းပါတယ် )

လောလောဆယ် တော့ ဒီလောက်နဲ့တင်
MLM နဲ့ အပြင်ဝန်ထမ်းတွေ ဘာကွာလဲ သိနိုင်မှာပါ ။
လိုတာ ထပ်ဖြည့်သွားနိုင်ပါတယ်ဗျာ
🙂

စေတနာဖြင့်
#ကိုဇင်ဇေ