Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, June 6, 2017

MLM သမားတစ်ယောက်ရဲ့အကြောင်း


လွန်ခဲ့တဲ့ ၂နှစ်လောက်ကပါ။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတယောက်နဲ့ ဖုန်းပြောဖြစ်တယ်။ သူက ကုမ္ပဏီဝန်ထမ်းအလုပ်က ထွက်လိုက်ရပြီးနောက် ကိုယ်ပိုင် သင်တန်းလေးတခု ထူထောင်ထားပေမယ့် သင်တန်းသင်တာနည်းနည်း၊ direct marketing ပုံစံမျိုးနဲ့ ပစ္စည်းတွေလိုက်ရောင်းနေခဲ့တယ်။ (အဲဒီတုန်းက anti-MLM group လည်းမတွေ့မိသေးပါဘူး)
သူ့ကို အလုပ်ကောင်းကောင်းရစေချင်လို့ CV တွေပြင်ပေး၊ အလုပ်တွေရှာပေးနဲ့ တိုက်တွန်းခဲ့ဖူးတယ်။ ကိုယ်တွေအိမ်ထောင်မကျခင်ကတည်းက မောင်နှမလို ခင်ခဲ့တဲ့ သူငယ်ချင်းတယောက်ပေါ့။ အမျိုးသားနဲ့လည်း ရင်းနှီးတဲ့သူတယောက်ပါ။ ကိုယ်တွေအိမ်ထောင်ကျပြီးနောက်ပိုင်းလည်း ဝင်ထွက်သွားလာနေတုန်း။ ငွေရေးကြေးရေးလည်း သူ့ဆီက ကိုယ်တွေ တခါပဲ အကူအညီယူဖူးပါတယ်။ တစ်လအတွင်း ချက်ချင်းပြန်ပေးတာတောင် သူ့ကို အတိုးပေးရတယ်။ ကိုယ်ဆီက အကြိမ်ကြိမ်သူငွေချေးတာကို ဘယ်လောက်ကြာကြာကိုယ်တွေက အတိုးမယူ၊ နှုတ်ကတိနဲ့ လွှတ်ထားလိုက်တာပဲ။
တနေ့အိမ်လာမယ်လို့ ဖုန်းဆက်ချိန်းပြီး ရောက်လာတယ်။ သူက ပြောတယ်။ Multi-level Marketing နဲ့ အရောင်းလုပ်ငန်းတစ်ခု သူလုပ်နေတယ်တဲ့။ ဝင်ငွေတော်တော်ကောင်းမှာတဲ့။ အလုပ်ကတော့ ကုမ္ပဏီတစ်ခုက ပစ္စည်းတွေကို member ဝင်ထားပြီး လိုက်ရောင်းရတာပေါ့။ အရင်က Shine Hope တို့၊ Mistine တို့လိုပေါ့။ သူ့ရောင်းတဲ့ပစ္စည်းတွေ အိမ်မှာလာပြတယ်၊ တခြားပစ္စည်းတွေထက်ကောင်းကြောင်း ယှဉ်ပြီးစမ်းသပ်ပြချင်တာတဲ့။ ဒါနဲ့ ကိုယ်လက်ရှိအိမ်မှာသုံးနေတဲ့ပစ္စည်းတွေနဲ့ ယှဉ်ပြီး စမ်းသပ်ပြတယ်ပေါ့။ သူလုပ်ပြချင်တာတွေဘာမှန်း ကိုယ်မသိသေးပါဘူး။
သူပထမဆုံး စမ်းသပ်ပြတာက ရေချိုးဆပ်ပြာရည်၊ ဖန်ခွက်အကြည်နှစ်လုံးထဲတောင်းတယ်။ တလုံးထဲကို သူယူလာတဲ့ ရေချိုးဆပ်ပြာရည် ထည့်တယ်။ နောက်တလုံးတည်းကို ကိုယ့်အိမ်က ရေချိုးဆပ်ပြာရည်တောင်းပြီး ထည့်တယ်။ အဲဒီတုန်းက အိမ်မှာသုံးတာ Herbaline သုံးပါတယ်။ ပြီးတော့ ရေဖျော်တယ်။ လူကိုယ်ခန္ဓာက ဂျီးနဲ့ တွေ့ရင် ဘာဖြစ်မလဲပြမယ်တဲ့။ ဂျီးနဲ့ပုံစံတူတာ သဘာဝချင်းတူတာ ဆားတဲ့။ ဆားတဇွန်းစီထည့်တယ်။ ကိုယ်တွေ မမေးသေးဘူး၊ ကြည့်နေသေးတယ်။ ဖျော်တယ် ဖျော်တယ်။ ဖျော်နေရင်းနဲ့ ပြောတယ်၊ သူယူလာတဲ့ ဆပ်ပြာရည် ထည့်ထားတဲ့ ခွက်က ကြည်သွားမှာတဲ့၊ ရေကို အခြေခံပြီး လုပ်ထားတာမို့ပါတဲ့။ နင်တို့အိမ်မှာ သုံးတဲ့ ဆပ်ပြာရည်ခွက်က နောက်သွားမှာတဲ့။ မကောင်းလို့တဲ့။ လက်ညောင်းအောင်ဖျော်ပြီးနောက်မှာ ကိုယ့်ဆပ်ပြာရည်ခွက် မနောက်တော့ သူအကျပ်ရိုက်သွားတယ်။ အဲဒီမှာမှ ကိုယ်ကပြောလိုက်တာ။ ငါတို့လည်း အရည်အသွေးကောင်းတဲ့ ပစ္စည်းသုံးနိုင်ပါတယ်လို့။ နင်ယူလာတာမှ ကောင်းတယ်ချည်း မထင်ပါနဲ့လို့။ အဲဒီမှာ သူ့ကို ဆက်ကလိချင်လာတယ်။ မေးလိုက်တယ်။ သူငယ်ချင်းရေ၊ နင်ယူလာတဲ့ ဆပ်ပြာရည်ရဲ့ ingredients လေးတွေ ပြောပြပါဦးလို့။ အဲဒီမှာ သူက ပြန်မေးပေးမယ်နော်တဲ့။ အဲဒါက company ကပဲသိတာတဲ့။ ingredients သိချင်ရင် ဗူးမှာ ဘယ်လိုကြည့်လို့ရတယ်ဆိုတာလည်း သင်ပေးလိုက်တယ်။ ကိုယ်သုံးတဲ့ product နဲ့ သူရောင်းနေတဲ့ပစ္စည်း ယှဉ်ပြလိုက်တော့ ကိုယ့်အိမ်ကသုံးတာတွေက အရည်အသွေးမနိမ့်မှန်း သိသာသွားတယ်။
အားမရသေးရှာဘူး။ သောက်တာနဲ့ ချက်ချင်း အားရှိတဲ့ ရေသန့်ပြဦးမတဲ့။ OK လေ။ ဆက်ကြည့်တယ်။ အမျိုးသားကိုရေမသောက်ခင်နဲ့ ရေသောက်ပြီး လက်ကို မတူတဲ့ပုံစံနဲ့ ဆွဲပြတယ်။ ယိုင်တယ်၊ မယိုင်ဘူးပေါ့။ အမျိုးသားက အားကစားလုပ်နေတဲ့သူဆိုတော့ သွားဆွဲတဲ့လူ အရုးဖြစ်တာပေါ့။ ဒါနဲ့ direction တမျိုးတည်းနဲ့ပါ စမ်းသပ်ပါလို့။ အဲလိုစမ်းသပ်လို့ရရင် ယုံမယ်လို့။ ဆိုတော့ကာ မရဘူးတဲ့။ သူတို့စမ်းသပ်ပြတဲ့ပုံစံကမှ မှန်တာတဲ့။ ရူပဗေဒသဘောတရားနဲ့ လားရာအကြောင်း ရှင်းပြလိုက်ရတယ်။ (နားလည်မလည်တော့ မသိဘူး၊ ဆွယ်ရခက်မှန်းတော့ သိသွားတယ်)
FDA ထောက်ခံချက်ပါလားမေးတော့ FDA ဆိုတာ ဘာလဲတဲ့။ တကမ္ဘာလုံးသုံးနေတာပဲ ဘာမှမလိုဘူးတဲ့။ ဘယ်နိုင်ငံက QC Pass ရထားလဲမေးတော့လည်း QC ကို မသိဘူး။ (မေးရင်းနဲ့တောင် ရူးချင်တယ်)။ အဲဒီတုန်းက အမျိုးသားက စီးပွားရေးတက္ကသိုလ်မှာ မဟာဘွဲ့တက်နေတုန်းဆိုတော့ National income တွေ၊ GDP တွေ သွားမေးသေးတယ်။
နောက်တော့ သူကဖုန်းဆက်တယ်။ ငါ့နည်းစနစ်က လိုနေလို့ပါတဲ့။
သူဖြစ်စေချင်တာက သူရောင်းနေတာက အကောင်းဆုံး၊ ကျန်တာတွေက စုတ်ပြတ်သတ်နေတာမျိုး။ သနားသေးတယ်။ လောကကြီးမှာ ပစ္စည်းကောင်းသုံးတဲ့လူတွေ အများကြီးရှိနေတာ သူမကျေနပ်ဘူးထင်ပါတယ်။
နောက်တမျိုးထပ်ပြောတယ်။ နင်တို့လင်မယားနှစ်ယောက် UN မှာ အလုပ်လုပ်တာ အိမ်ဝယ်၊ ကားဝယ်နိုင်သေးလို့လားတဲ့။ ငါက ဝယ်နိုင်တော့မှာတဲ့။ ရွှေတွေ ငွေတွေ Diamond တွေ ကျောက်သံပတ္တမြားအဆင့်တွေအကြောင်း ပြောတယ်။ ပြိုင်ကားတွေ၊ နိုင်ငံခြားခရီးတွေအကြောင်းပြောတယ်။ အဝိုင်းတွေ၊ လေးထောင့်တွေပါတဲ့ စာရွက်တွေလည်းပြတယ်။ (အခုထိတော့ သူဘယ်မှမရောက်သေးဘူး။ အမျိုးသားကတော့ အာရှ၊ ဥရောပ နှံ့နေအောင်သွားပြီးပြီ၊ ကိုယ်တွေလည်း ကလေးငယ်သေးလို့ မသွားဖြစ်တာ၊ သွားချင် ချက်ချင်းထသွားလို့ရတယ်) ဝမ်းသာပါတယ် သူငယ်ချင်းလို့ပဲ ပြန်ပြောလိုက်တယ်။
နောက်နှစ်လလောက်နေတော့ သူ့ဆီကို ကိုယ်ဖုန်းဆက်တယ်။ အရင်ဆုံးတော့ သူငယ်ချင်း၊ အလုပ်အကိုင် အဆင်ပြေလား ဘာလားလို့ နှုတ်ဆက်တာပေါ့။ အဲဒီအခါ သူဘာပြန်ပြောသလဲဆိုတော့ “ပြေတာမှ သိပ်ပြေတာပေါ့၊ အခုဆိုရင် ငါက နင်တို့လင်မယားရဲ့လစာကို အမှီလိုက်နေတာ၊ နင်တို့ပြေးနိုင်ရင်ပြေးထား၊ ငါက ကျော်တော့မှာ”တဲ့။ ဘယ်တုန်းထဲကများ ဒါနဲ့ပြန်ပြောလိုက်တယ်။ ခင်ဗျားလစာက ပိုများလည်း လာမယှဉ်ပါနဲ့။ မနာလိုလည်း မဖြစ်မိပါဘူး။ ယှဉ်ရမယ့်အတန်းမျိုးမှမဟုတ်တာ။ တို့လင်မယားက ပညာကိုအခြေခံပြီး international အဆင့်မှာ အလုပ်လုပ်နေတာ။ ခင်ဗျားက ဈေးလိမ်ရောင်းနေတာ။ Professional ချင်းက တူမှမတူတာလို့။
နောက် ၆လလောက်ကြာတော့ သူက ပြောတယ်။ Company ကို မသွားဖြစ်ဘူးတဲ့။ သူတို့က freedom ပဲတဲ့။ မသွားလည်းရသတဲ့ (တကယ်က မဝယ်နိုင်တော့တာ၊ upline ကလည်း ဘယ်ကြည်မလဲ)။ ကိုယ့်ကို အလုပ်ရှာခိုင်းတယ်။
ကိုယ်ရှာပေးတာက Data Analysis အပိုင်း၊ မလုပ်ချင်ဘူးတဲ့။ စဉ်းစားရတာ ဦးနှောက်စားရတာတွေ မလုပ်ချင်ပါတဲ့။ Driver အလုပ်လေးများရှိရင်တဲ့။ ရပါတယ်။ ဌာနရဲ့အကြီးဆုံး နိုင်ငံခြားသားဆီမှာ ကားမောင်းဖို့ပြောပေးလိုက်ပါတယ်။ တလပဲခံပါတယ်။ နိုင်ငံခြားသားရဲ့ စနစ်ကျမှု၊ တိကျမှု၊ အမှားမခံမှုနဲ့ ဘာသာစကားအခက်အခဲတွေကြောင့် အလုပ်ထွက်လိုက်ပြန်တယ်တဲ့။ အခုတော့ ဖယ်ရီမောင်းနေတယ်။ ဘွဲ့ရ၊ computer ဆရာတယောက်ရဲ့ MLM အလွန် ဇာတ်လမ်းလေးပေါ့။ Company နာမည်ကတော့ သိလောက်ပြီထင်ပါရဲ့။ ZHULIAN ပါတဲ့ရှင်။
* အဓိကပြောချင်တာက MLM စနစ်က လူတယောက်ရဲ့ ကြိုးစားချင်စိတ်၊ ရင်ဆိုင်ရုန်းကန်ချင်စိတ်တွေကို ဖျက်ဆီးလိုက်တာပါ။ ခေါင်းမသုံးချင်တော့ဘူး။ ကြိုးစားရမှုကို ငြီးငွေ့သွားတယ်။ ဘာမဆိုဆို လွယ်လွယ်နဲ့ပဲ ရချင်တော့တယ်။ အချောင်ပဲလိုချင်တော့တယ်။ သူများတွေ အောင်မြင်ရင် အားပဲကျတတ်တယ်။ ဘယ်လိုအချောင်ရမလဲဆိုတဲ့ လမ်းပဲရှာတတ်တယ်။
Mya Myintzu
https://www.facebook.com/groups/myanmarmlmtruth/permalink/650679111791911/