Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, June 6, 2017

ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် SCL Myanmar Company Limited မှဟုဆိုကာ ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်သွားသည့်အပေါ် နစ်နာသူများက မွန်ပြည်နယ် လွှတ်တော်သို့ လာရောက် တိုင်ကြား


ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် SCL Myanmar Company Limited မှဟုဆိုကာ ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်သွားသည့်အပေါ် နစ်နာသူများက မွန်ပြည်နယ် လွှတ်တော်သို့ လာရောက် တိုင်ကြား

SCL Myanmar Company Limited မှဟုဆိုကာ မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်သွားသည့်အပေါ် နစ်နာသူများက မွန်ပြည်နယ် လွှတ်တော်သို့ မေ၂၃ ရက်က လာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
“SCL ကုမ္ပဏီကို ကျပ် ၁၈၅၀၀၀ ထည့်ထားရင် တစ်ပတ်ကို ကျပ် ၁၈၂၅၀ ရမယ်ပေါ့။ နောက် ကမ္ဘောဇဘဏ်မှာ ဘဏ်စာအုပ် လုပ်ရတယ်။ ငွေကို အဲဒီဘဏ်စာအုပ်ထဲ လွှဲပေးတယ်။ အဲဒါ မရတာ နှစ်လလောက် ရှိပြီဆိုတော့ အခုလိုဖြစ်တာပါ။ ကျွန်မက ကျပ် ၂၇၅၀၀၀၀ ကို ဉာဏ်ထွန်းဆီမှာ ထည့်ပေးထားတယ်။ သူကနေ ဘယ်သူ့ဆီ ထည့်ထားလည်းဆိုတော့ မော်လမြိုင်မြို့က အောင်ဇော်ထက်ဆီ ထည့်ထားတယ်။ အခု ကုမ္ပဏီပျက်သွားတယ်ဆိုတော့ ဒီပိုက်ဆံကျပ် ၂၇၅၀၀၀၀ က ဘယ်ရောက်သွားလဲပေါ့။ သူ့တို့ပေးထားတဲ့ စာရွက်စာတမ်းထဲမှာတော့ ကုမ္ပဏီလိပ်စာတို့ ပါတယ်။ အခုလာကြတဲ့ ရွာသူရွာသားတွေ သူတို့ ထည့်ဝင်ထားတဲ့ ငွေအရင်းတွေ ပြန်ရချင်ပါတယ်။
အဲဒီကုမ္ပဏီမှာ ရှယ်ယာအနေနဲ့ ၀င်ထားပြီးတော့ တစ်ပတ်ဆိုရင် ဘယ်လောက်ရမယ် ဆိုပြီးမရလို့ အခုလိုလွှတ်တော်မှာ လာတိုင်ကြတာပါ” ဟု ငွေကြေးလိမ်လည်ခံရသူ မခိုင်ဇာလင်းက ပြောကြားသည်။
ဇင်းကျိုက်မြို့မှ ဦးခင်မောင်အေးက “သူတို့ ကုမ္ပဏီက SCL လို့ သိရတယ်။ ကုမ္ပဏီက အတိအကျလည်း မရှိဘူး။ သူတို့ပြောတာက အာဆီယံငါးနိုင်ငံမှာ မြေရောင်းဝယ် လုပ်တယ် ဘာညာဆိုပြီးတော့ အကျိုးအမြတ်ရအောင် လုပ်ပေးတယ်ဆိုပြီး အမျိုးမျိုးပြောတယ်။ ဒါ သူတို့ အဖွဲ့ထဲကပြောတာ။ ဘာမှ နားမလည်တဲ့သူတွေဆို ပိုဆိုးတာပေါ့။ ပထမတုန်းက ဇင်းကျိုက်ရဲစခန်းမှာ အမှုဖွင့်တယ်။ စခန်းက ရဲအရေးပိုင်မှု မဟုတ်ဘူးဆိုပြီးတော့ ကျွန်တော်တို့ကို ငြင်းတယ်။ ဇင်းကျိုက်ရဲစခန်းမှာ တိုင်လို့မရလို့ ပေါင်မြို့နယ်မှာ သွားတိုင်လိုက်တယ်။ ပေါင်မြို့မရဲစခန်းက အမှုကို လက်ခံလို့ မေ ၁၆ ရက်မှာ အမှုဖွင့်ထားလိုက်ပါတယ်”ဟု ပြောကြားသည်။
“ဇင်းကျိုက်မြို့က ပြည်သူတွေ ဒီနေ့ နံနက် ၁၀ နာရီလောက်မှာ မွန်ပြည်နယ် လွှတ်တော်ရုံးကို လာပြီးတော့ သူတို့နစ်နာခဲ့တယ်ဆိုတဲ့ အကြောင်းလေး လာတိုင်ကြပါတယ်။ သူတို့အနေနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားဆိုတော့ ရဲလုပ်ငန်းစဉ်အတိုင်း မှန်မှန်နဲ့ မြန်မြန် ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာကို မေတ္တာရပ်ခံထားပါတယ်” ဟု ပေါင်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောကြားသည်။
အဆိုပါ SCL Myanmar Company Limited ဆိုသည်မှာ ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် ငွေကြေး သိန်းပေါင်းများစွာ လိမ်လည်သည်ဟုဆိုကာ နစ်နာသူ ဒေါ်ငွေလေးက တရားလိုပြုလုပ်ပြီး ဉာဏ်ထွန်း၊ ဦးမောင်လေး၊ ဦးမောင်အေး၊ ရာဇာ၊ အောင်ဒိုက်၊ ဒေါ်လင်းဌေးနှင့် မစန်းငယ်တို့အား ပေါင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းရာ ရဲစခန်းက (ပ) ၂၁၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားသည်။
http://news-eleven.com/local/36996