အိမ်တစ်အိမ်မှာပိတ်မိနေတဲ့ ဆင့်ပွားပစ္စည်းရောင်းအဖွဲ့ဝင်တွေကို တရုတ်ရဲတပ်ဖွဲ့ ကယ်ထုတ်
အောက်တိုဘာ၂၁ – တရုတ်တောင်ပိုင်းရဲတပ်ဖွဲ့က
သူတို့ဟာ ဆင့်ပွားပစ္စည်းရောင်းအဖွဲ့အစည်းတစ်ခုရဲ့ အိမ်တစ်အိမ်မှာ
ပိတ်လှောင်ခံထားရတဲ့ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ကို
ကယ်တင်ခဲ့ရတယ် လို့ ပြောပါတယ်။ ဒါဟာ အဆိုပါအမျိုးသားက လူမှုကွန်ရက်ပေါ်ကနေ
အကူအညီတောင်းပြီး သုံးနာရီမပြည့်ခင်မှာ ကယ်ဆယ်နိုင်လိုက်တာပါ။
သည်နှစ်ယောက်ကို အိမ်ထဲမှာအတင်းအကျပ်ပိတ်လှောင်ထားတဲ့
မသင်္ကာဖွယ်လူဆယ်ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။
သည်တစ်ကြိမ်နဲ့ဆိုရင် ဟူနန်းပြည်နယ်ရဲအရာရှိတွေဟာ ဝေဘိုပေါ်ကနေ
အကူအညီတောင်းလာတဲ့ ဆင့်ပွား ပစ္စည်းရောင်းအဖွဲ့ဝင်တွေကို ကယ်ဆယ်ပေးရတာ
ခြောက်ကြိမ်မြောက်ရှိပြီလို့ ဟူနန်းရဲတပ်ဖွဲ့က ဝေဘိုမှာ ကြာသပတေးနေ့က
ပို့စ်တင်ခဲ့ပါတယ်။
ရှီကျင်းဝမ်ဟာ ကြာသပတေးနေ့မနက်ပိုင်းမှာ
သူ့နာမည်၊ ဖုန်းနံပါတ်နဲ့ နေရာကိုဖော်ပြပြီး အကူအညီ တောင်းခံ ခဲ့ပါတယ်။ ‘
ရဲခေါ်ပေးကြပါ။ ယီယန်းက တီရန်လီဆိုဖာစက်ရုံအရှေ့မှာရှိတဲ့ ငါးကန်အနားက
အိမ်ဟောင်းကြီးတစ်လုံးမှာ ကျွန်တော်ပိတ်မိနေပါတယ်’ လို့ သူကရေးထားပါတယ်။
သည်ပို့စ်ကို ကိုးမိနစ်အကြာမှာတော့ ဟူနန်းရဲတပ်ဖွဲ့ကတွေ့မြင်သွားပြီး
ယီယန်းမြို့ကရဲအရာရှိတွေဆီ အကြောင်းကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ ကျေးလက်ဒေသက
သည်နေရာကိုရှာတွေ့ဖို့ နှစ်နာရီနီးပါး ရှာဖွေခဲ့ရ ပါတယ်။ သည်အိမ်မှာ
အဆိုပါအမျိုးသားနဲ့အမျိုးသမီးကို ဖမ်းဆီးထားတာပါ။ ဆင့်ပွားလိမ်လည်မှုတွေကို
၂၀၀၅ ခုနှစ်မှာ တရုတ်နိုင်ငံမှာတားမြစ်ခဲ့ပေမယ့် အသင်းဝင်ကြေးပေးရကာ
နောက်ထပ်လူသစ်စုဆောင်းနေတဲ့ အဖွဲ့ဝင်သန်းပေါင်းများစွာပါဝင်တဲ့
မြေအောက်အဖွဲ့အစည်းတွေကတော့ ဆက်ပြီးရှင်သန်နေဆဲပါ။
အလျင်အမြန်ချမ်းသာစေရမယ်ဆိုတဲ့ ကတိစကားတွေနဲ့သိမ်းသွင်းပြီး သားကောင်တွေကို
တစ်ခါတလေ ကျဉ်းကျပ်တဲ့အိမ်တွေမှာ အတူတူနေထိုင်ခိုင်းပါတယ်။ အချို့ကလည်း
သူတို့ဟာ ခြိမ်းခြောက်ခံရသလို အယုံသွင်းခံရတယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံအနှံ့မှာ ရဲတွေဟာ
ပြီးခဲ့တဲ့နှစ်က သည်ဆင့်ပွားလိမ်လည်မှုပေါင်း ၂၈၂၆ ကိုစုံစမ်းစစ်ဆေးခဲ့ရပြီး
ဒါဟာ ၂၀၁၅ ခုနှစ်ကရှိတဲ့ ၁၉.၁ ရာခိုင်နှုန်းထက်များလာတာဖြစ်တယ်လို့
ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာန အဆိုအရ သိရပါတယ်။ ၂၀၀၅ ခုနှစ်ကစပြီး
ဆယ်နှစ်အတွင်းမှာ ရဲတွေဟာ ဆင့်ပွားလိမ်လည်မှုပေါင်း နှစ်သောင်းကျော်ကို
စုံစမ်းခဲ့ရပြီး သည်ထဲမှာ စုစုပေါင်း တရုတ်ယွမ် ၆.၃ ဘီလျံ(ဒေါ်လာ ၉၅၁.၃
သန်း) နဲ့ မသင်္ကာဖွယ် လူပေါင်း ၉၆၆၈ ဦး ပါဝင်ခဲ့ပါတယ်။
ချိုလေးငယ် [ref:scmp. Oct 20, 2017]